အခွန်တိုးကောက်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

အခွန်တိုးကောက်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ်ညွှန်ကြား

စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူတွေ ဆိုးဆိုးရွားရွား ကျပ်တည်းနေချိန်မှာ အခွန်တိုးကောက်ဖို့ စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂ ရက်နေ့က မော်လမြိုင်မြို့ရှိ ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ မွန်ပြည်နယ် အခွန် ကောက်ခံမှု အထောက်အကူပြုအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ညွှန်ကြားခဲ့တာပါ။

စစ်ကောင်စီခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ ဝန်ဆောင်မှုလုပ်ငန်း ငါးမျိုးကနေ ကောက်ခံရမယ့် အခွန်တွေကို တိုးတက်ရရှိအောင် လုပ်ဆောင်ဖို့နဲ့ အခွန်တိုးချဲ့ ကောက်ခံရရှိနိုင်ရေး သက်ဆိုင်ရာဌာန တာဝန်ရှိသူတွေ ကြပ်မတ်သွားဖို့ ပြောဆိုခဲ့တာပါ။

ဒါ့အပြင် သက်ဆိုင်ရာကဏ္ဍအလိုက် အခွန်ထမ်းတွေကို တာဝန်သိသိ လိုလားစွာ အခွန်ထမ်းဆောင်လာစေဖို့အတွက် စည်းရုံးကြဖို့နဲ့ ရသင့်ရထိုက်တဲ့ အခွန်ငွေတွေ လွတ်ကင်းမှု မရှိစေဘဲ အပြည့်အဝ ရရှိအောင် လုပ်ဆောင်ကြဖို့ ညွှန်ကြားလာတာ ဖြစ်ပါတယ်။

အဲဒီအစည်းအဝေးပွဲ တက်ရောက်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ကောင်စီဘက်က အခွန်တိုးကောက်မယ့် လုပ်ငန်းတွေထဲမှာ ဆောက်လုပ်ရေး၊ ဟိုတယ်၊ ကျန်းမာရေး၊ ပညာရေးနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပါဝင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဘယ်လိုလုပ်ငန်းမျိုးလဲဆိုတော့ ကန်ထရိုက်ဆောက်တဲ့ ကန်ထရိုက်ယူတဲ့လူတွေ၊ နောက်ပြီးတော့ ဟိုတယ်ဘာညာ အဲဒီဟာတွေ ကျန်းမာရေး၊ ပညာရေး၊ ဟိုတယ်အခါတိုင်း သူတို့ ကောက်နေကြဟာတွေပဲ။ အခွန်ကပြည့်ပြည့်ဝဝ ရရှိရေးပဲ။ လွတ်နေတဲ့ဟာတွေကို ပြည့်ပြည့်ဝဝရဖို့အတွက် သူ (ဦးအောင်ကြည်သိန်း)က ဒါတွေပြောတာ”လို့ ဆိုပါတယ်။

ဒါပေမယ့် ဘယ်လိုကဏ္ဍတွေမှာ ဘယ်လိုပုံစံ ဘယ်လိုရာခိုင်နှုန်းတွေနဲ့ အခွန်တိုးကောက်သွားမလဲ ဆိုတာကိုတော့ မသိရသေးသလို ဘယ်အချိန်ကစပြီး အခွန်စတင်တိုးကောက်သွားမလဲဆိုတာကိုလည်း ပြောဆိုသွားတာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

နောက်ထပ် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကလည်း တိုင်းပြည်စီးပွားရေး ကျဆင်းနေချိန်မှာ အခွန် ကောက်ဖို့ စီစဉ်ထားတာ မဖြစ်သင့်အခြေအနေဖြစ်ပြီး အကျပ်အတည်းတွေ ထပ်ဆိုက်နိုင်တယ်လို့ ပြောပါတယ်။

“တကယ့်မြေပြင်အခြေအနေ အမှန်အရဆိုရင်တော့ ဒီအချိန်က မတိုးကောက်သင့်ဘူး။ အခုတောင်မှ တော်တော်လေး လုပ်ငန်းရှင်အားလုံးက ခက်ခဲတဲ့ကာလပဲလေ။ အခွန်ထပ်တိုးလိုက်လို့ ရှိရင် တော်တော်လေးတော့လည်း ဂျင်းထဲကျပ်ထဲက ဖြေရှင်းရမယ့် ပြဿနာတစ်ခုလို ဖြစ်လာမှာပေါ့။ နောက်တစ်ခုကလည်း အဆင်လည်း မပြေနိုင်ဘူး၊ တဖက်က လုပ်ငန်းရှင်တွေလည်း တအားအခက် အခဲ အကျပ်အတည်း ဖြစ်စေလိမ့်မယ်ပေါ့၊ တော်တော်ကြီးကို ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်နေရတဲ့အချိန် ဖြစ်နေလို့လေ”လို့ ဆိုပါတယ်။

အခုလို ကျပ်တည်းနေတဲ့ ကာလမှာ အခွန်တိုးကောက်ပါက လုပ်ငန်းရှင်တွေဟာ ထုတ်ကုန်တွေအပေါ် ဈေးနှုန်းတင်လိုက်မှာဖြစ်သလို ဈေးနှုန်းမြင့်လိုက်ပါကလည်း သုံးစွဲသူပြည်သူတွေသာ ပိုမိုကုန်ကျမှာ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက အခွန်တိုးကောက် နိုင်ဖို့အတွက် ဒေသတွင်းက လူစည်ကားရာ နေ ရာတွေနဲ့ လမ်းဆုံလမ်းခွတွေမှာ အခွန်နဲ့ ပတ်သက်တဲ့ ပိုစတာချိတ်ဆွဲတာတွေရှိသလို လုပ်ငန်းရှင်တွေကို ခေါ်ယူအသိပေးတာတွေ ရှိနေပါတယ်။

မွန်ပြည်နယ်မှာတော့ စစ်ကောင်စီက အခွန်တိုးကောက်ဖို့ ပြင်ဆင်နေပေမယ့် အာဏာသိမ်းမှုကြောင့် အလုပ်အကိုင်ရှားပါးလာတာ၊ အခြေခံစားသောက်ကုန်ကအစ ဈေးနှုန်းအဆမတန် မြင့်တက်နေတာတွေကို ပြည်သူတွေ အလူးအလဲခံစားနေရတာပါ။

October 4, 2024
သန်းခေါင်စာရင်းကောက်ယူနေတဲ့ကာလအတွင်း မွန်နဲ့ကရင်အစပ် ဂျိုင်းမြစ်ဝှမ်းဒေသကို စစ်ကောင်စီက...
October 4, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ရဲတပ်ဖွဲ့ဝင်တွေဟာ ပြစ်မှုကျူးလွန်ပြီးနောက် ပြန်လည်လွတ်...
October 3, 2024
နိုင်ငံ့အာဏာကို လက်နက်အားကိုးပြီး အဓမ္မသိမ်းယူထားတဲ့ စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံ‌...
October 2, 2024
မွန်ပြည်နယ်အတွင်းရှိ နေလှန်ဆားလုပ်ငန်းတွေဟာ အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှုအပါအဝင်...