စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း ကော့ကရိတ်ရွှေကြက်မင်းဘုန်းကြီးကျောင်းကို ပြန်ဆုတ်လာပြီး တပ်စွဲနေရာယူထား

စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်း ကော့ကရိတ်ရွှေကြက်မင်းဘုန်းကြီးကျောင်းကို ပြန်ဆုတ်လာပြီး တပ်စွဲနေရာယူထား

မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ် KNU-ကရင်အမျိုးသားအစည်းအရုံး မွေးမြူစိုက်ပျိုးရေးစခန်းဟောင်းအနီး နေရာကနေ ကော့ကရိတ်မြို့၊ တတန်ကူကျေးရွာ ရွှေကြက်မင်းဘုန်းကြီးကျောင်းတိုက်သို့ စစ်ကြောင်း ပြန်ဆုတ်လာပြီး ဘုန်းကြီးကျောင်းဝင်း၌ တပ်စွဲနေထိုင်လျက်ရှိကြောင်း ကော့ကရိတ်ဒေသခံထံမှ သိရသည်။

အဆိုပါ ပြန်ဆုတ်လာသော စစ်ကောင်စီ အောင်ဇေယျစစ်ဆင်ရေးစစ်ကြောင်းသည် ဘုန်းကြီးကျောင်းရှိ ဆရာတော်၊ သံဃာတော်များကို နေရာရွှေ့ပြောင်း ခိုင်းကာ ဘုန်းကြီးကျောင်းဝင်း၌ နောက်တန်းစခန်းပြုလုပ်ပြီး တပ်စွဲနေထိုင်နေကြခြင်းဖြစ်ကြောင်း ကော့ကရိတ်ဒေသခံများက ပြောဆိုသည်။

“တောင်ပေါ်လမ်းက တိုက်ပွဲတွေမှာ ဒဏ်ရာရတဲ့ စစ်သားတွေကို ဘုန်းကြီးကျောင်းဆောင်မှာ ဆေးကုတာတွေ လုပ်တယ်။ ပြီးတော့ တောင်ကလေး စစ်ဆေးရုံကို တဆင့်ပို့တယ်။ တောင်ပေါ်လမ်းက အရင် KNU စိုက်/ မွေးဇုန်နေရာမှာ သူတို့ အောင်ဇေယျစစ်ဆင်ရေးတပ်တွေ ရှေ့ဆက်တက်တိုက်လို့ မနိုင်တော့ တတန်ကူးက ရွှေကြက်မင်းကို ပြန်ဆုတ်လာတဲ့ သဘောတွေ့ရတယ်။ ရွာသားတွေကတော့ အဲ့ဘက် မနေရဲတော့ဘူး”ဟု ကော့ကရိတ်ဒေသခံသတင်းအရင်းအမြစ်က ပြောသည်။

ထိုသို့ အောင်ဇေယျစစ်ဆင်ရေးတပ်ဖွဲ့များ မြဝတီအာရှလမ်းနှင့် မြဝတီသင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းနှင့် စစ်ဗျူ ဟာ လက်အောက်ခံ ခြေမြန်တပ်ရင်း-ခမရ ၃၅၅/၃၅၆/၃၅၇ နှင့် ခြေလျင်တပ်ရင်း -ခလရ ၂၇၅ တပ်ရင်းများအား ပြန်လည်သိမ်းပိုက်ရန် ပြီးခဲ့သည့် ၂၀၂၄ ဧပြီလကတည်းက စစ်ဆင်တိုက်ခိုက်နေသည်မှာ ၃လ ဝန်း ကျင်ရှိလာချိန်အထိ ကော့ကရိတ်မြို့နယ်အပိုင် လမ်းပိုင်းနေရာကိုပင် မကျော်လွန်နိုင်သေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

၎င်းအပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်ပူးပေါင်း PDF တပ်များ အာရှ လမ်းသစ်လမ်းပိုင်းနေရာတွင် စစ်ကောင်စီတပ် စစ်ကြာင်းများကို ဖြတ်တောက် တိုက်ခိုက်မှုများ လုပ်ဆောင်မှုကြောင့် အကျအဆုံးများပြီး မိုးရာသီငှက်ဖျားရောဂါနှင့် ထိခိုက်ဒဏ်ရာရရှိသူများပြားနေကြောင်း CDM(အာဏာဖီဆန်ရေးလှုပ်ရှားမှု) ဘက်ပြောင်းခိုလှုံလာသည့် စစ်ကောင်စီတပ်သားများ ပြောစကားအရ သိရသည်။

အောင်ဇေယျစစ်ကြောင်းမှ KNLA ပူးပေါင်းတပ်များဘက်ကို CDM ဘက်ပြောင်း ခိုလှုံလာသူ စစ်ကောင်စီ တပ်သားက “သူတို့က တောနော်ရေတံခွန်တောင်ကြောရယ်၊ ဘုရားကုန်းရယ်၊ စိုက် /မွေးဇုန် တောင်ကုန်း နေရာ ရယ်ကို မကျော်နိုင်ဘူး။ လမ်းဟောင်းဘက်က စစ်ကြောင်းလည်းကောင်းမှု ရွာဘက်ကို ဝင်မရသေးဘူး၊ မိုးက တောင်ပေါ်မှာရွာနေတာနဲ့ ငှက်ဖျားတွေ ဖြစ်ကြတယ်။ နောက်ပြီးတော့ PDF တွေ၊ KNU တွေ လာလာပစ်တာနဲ့  လက်နက်ကြီးထိတာနဲ့ သေတာ၊ ထိခိုက်တာတွေ လူရာချီပြီးရှိနေပြီ။ တပ်ရင်း၊တပ်ခွဲတွေ မတူတော့ ဘယ်လောက် ဆိုတာတော့ အတိအကျမသိဘူး”ဟု ပြောသည်။

လက်ရှိအချိန်တွင် ကော့ကရိတ်မြို့ပေါ်ရှိ ခလရ ၉၇ တပ်နှင့် လှိုင်ဝအမြှောက်တပ်မှ အာရှလမ်းမဘက် လက် နက် ကြီးပစ်ကူပေးမှု နေ/ည ပစ်ခတ်ပေးနေပြီး စစ်ကောင်စီမြေပြင်စစ်ကြောင်းများအနေဖြင့် ရှေ့ဆက်တိုးပြီး တိုက်ခိုက်နိုင်မှုမရှိဘဲ ကော့ကရိတ်မြို့ဘက် ပြန်ဆုတ်ပြီး နောက်တန်းခံစစ်စခန်းထိုင်သည့် အခြေ အနေမျိုးဖြစ်နေကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က သုံးသပ်ပြောဆိုကြသည်။

လတ်တလော စစ်ကောင်စီတပ်က ရွှေကြက်မင်းဘုန်းကြီးကျောင်းတိုက် သံဃာတော်များကို နေရာရွှေ့ ပြောင်း ခိုင်းပြီး တပ်စွဲနေထိုင်နေခြင်းကြောင့် ဆရာတော်၊ သံဃာတော်များ တောင်ကြာအင်းဒေသဘက်ရှိ လောင်းကိုင်၊ ဖားကျနှင့် ဒေါက်ပလံကျေးရွာဘုန်းကြီး ကျောင်းတိုက်များဘက် ရွှေ့ပြောင်းသီတင်းသုံးနေထိုင်နေကြရကြောင်း ကော့ကရိတ်ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

Most read this week

July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...
July 2, 2024
နိုင်ငံကာမြန်မာသတင်း-BNI နှင့် အဖွဲ့ဝင်သတင်းမီဒီယာဌာနများက Development Media Group-DMG ၏...
July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...