ညှဉ်းပန်းနှိပ်စက်ခံနေရသူများကိုအကူအညီပေးရေး သက်ဆိုင်ရာတာဝန်ရှိသူများအား KHRG တိုက်တွန်း

ညှဉ်းပန်းနှိပ်စက်ခံနေရသူများကိုအကူအညီပေးရေး သက်ဆိုင်ရာတာဝန်ရှိသူများအား KHRG တိုက်တွန်း

မြန်မာပြည်အရှေ့တောင်ပိုင်းရှိ မတရားဖမ်းဆီးနှိပ်စက်ခံနေရသူများအား သက်ဆိုင်ရာအဖွဲ့အစည်း၊ အစိုးရ တာဝန်ရှိသူများအနေဖြင့် အကူအညီပေးကြရန် ယနေ့ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်သော အပြည်ပြည် ဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခံနေရသူများကို ကူညီထောက်ပံ့ရေးနေ့တွင် ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က ထုတ်ပြန်တိုက်တွန်းထားသည်။

ကရင်၊ ကရင်နီ(ကယား)၊ မွန်၊ တနင်္သာရီ၊ ပဲခူး စသည့် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသ ကျေးရွာများရှိ မတရား ညှဉ်းပန်းနှိပ်စက်မှုနှင့်ဖမ်းဆီးခံနေရမှုများအား အသိပညာပေး စုံစမ်းဖော်ထုတ်ရန်နှင့် ဟန့်တားဖြေရှင်း သည့်နည်းလမ်းများရှာဖွေရန်တို့ ပါဝင်သော အချက်(၄)ချက်ဖြင့် နိုင်ငံတကာ တာဝန်ရှိသူများ၊ NGOs နှင့် ပြည်တွင်းပြည်ပ အစိုးရများအား KHRG က တိုက်တွန်းထားခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားခဲ့သည့် စစ်ကောင်စီ၏ ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်မှုများအတွင်း အရပ်သားများ နှိပ်စက်ညှဉ်းးပန်းခံရသည့်ဖြစ်စဥ် အများအပြားပါဝင်ခဲ့ပြီး ၎င်းဖြစ်စဥ်များ၏ မျက်မြင် သက် သေများအား ပံ့ပိုးကူညီရန်နှင့် ဖြစ်စဥ်မှတ်တမ်းတင်နေသည့် အဖွဲ့အစည်းများ၏အသံကို နားထောင် အားပေးရန် တို့ကို KHRG က ထည့်သွင်းတိုက်တွန်းထားသည်။

ဆက်လက်ပြီး စစ်ကောင်စီခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများကို သိရှိ၍ ၎င်းတို့ကိုထောက်ခံခြင်း မပြုလုပ်ဘဲ တရားမျှတမှုနှင့်လွတ်လပ်မှုရှိသော တရားရုံးများတွင် တာဝန်ခံစေရန်ကိုလည်း KHRG က ဖော်ပြ ထားသလို ကျူးလွန်မှုမှ လွတ်မြောက်လာသူများနှင့်မိသားစုဝင်များ လူ့အဖွဲ့အစည်းအတွင်း ရင်ဆိုင်နိုင်ရေး၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု ချဲ့ထွင်နိုင်ရေးကိုလည်း ဒေသခံအရပ်ဘက်အဖွဲ့များအနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ဆိုသည်။

KHRG ၏ ပြောရေးဆိုခွင့်ရှိသူ စောနန္ဒဆူးက “ညှဉ်းပန်းနှိပ်စက်ခံနေရသူတွေက လူ့အခွင့်အရေးချိုး ဖောက်ခံလိုက်ရတာ တစ်ခုတည်းတင်မဟုတ်ဘူး သူတို့ကို နှိပ်စက်တဲ့သူတွေကလည်း စစ်ရာဇဝတ်မှု မြောက်ပါကျူးလွန်လိုက်တာဖြစ်တယ်။ ဒါကြောင့် ကျနော်တို့က ဒီနေ့မှာ ညှဉ်းပန်းနှိပ်စက်ခံနေရသူတွေအတွက် ကူညီထောက်ပံ့ဖို့ တိုက်တွန်းနှိုးဆော်ရတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုကဲ့သို့ စစ်တပ်၏ စနစ်တကျ ညှဉ်းပန်းနှိပ်စက်မှုများသည် ဂျီနီဗာသဘောတူစာချုပ်ပါ အချက်(၄)ချက်၏ ဘုံအပိုဒ် (၃)ကိုလည်း ချိုးဖောက်ရာရောက်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံး၏ ရောမဥပဒေအရ လူသားမျိုး နွယ်အပေါ်ကျူးလွန်သော ရာဇဝတ်မှုပါ မြောက်ကြောင်း KHRG ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းအပြင် မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွင် ၂၀၂၃ ခုနှစ်အတွင်း ညှဉ်းပန်းနှိပ်စက်ခံရသူ (၃၇)ဦး ထက်မနည်းရှိသည့်အနက် ဖြစ်စဥ် ၃၃ ခု၏ အဓိက ကျူးလွန်သူမှာ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို စစ်လက်နက်သဖွယ် အသုံးပြုနေသည့် စစ်ကောင်စီဖြစ်သလို ဤဖြစ်ရပ်များကြောင့် ဒေသခံများ၏ လူမှုစီးပွားအပေါ် သက်ရောက်မှုနှင့် ပြင်းထန်သည့်စိတ်ဒဏ်ရာများကို ရရှိစေသည်ဟုလည်း ဆိုသည်။

စစ်တပ်အာဏာသိမ်းမှုနောက်ဆက်တွဲကြောင့် မြန်မာနိုင်ငံအရှေ့တောင်ပိုင်းသာမက တစ်ပြည်လုံးအနှံ့ပဋိ ပက္ခများ ပိုမိုပြင်းထန်လာပြီး ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး-UNOCHA ၏ မှတ်တမ်းများအရ လက်နက်ကိုင်တိုက်ပွဲများကြောင့် နိုင်ငံ၏လူဦးရေ ၃ သန်းကျော်သည်လည်း နေရပ်စွန့်ခွာထွက်ပြေးနေရသည်။

July 6, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၅) နယ်မြေ၊ မူတြော်ခရိုင်၊ ဖာပွန်ခရိုင်တွင် ပြီးခဲ့သည့်...
July 4, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့ပေါ်ရှိ ငါးပစ်ဂိမ်းနှင့် အွန်လိုင်းလောင်းကစားဂိမ်းရုံများအား ပြီးခဲ့သည့်...
July 3, 2024
စစ်ကောင်စီတပ်က ယခုလတ်တလော စစ်မှုထမ်းဥပဒေဖြင့် စစ်သားစုဆောင်းထားသည့် စစ်သင်တန်းအပတ်စဉ် (၁)...
July 3, 2024
မြန်မာတစ်နိုင်ငံလုံးရှိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များ အနေဖြင့်...