လမ်းခရီးကြန့်ကြာမှုနှင့် ကန့်သတ်တားမြစ်မှုများကြောင့် မြဝတီ‌မြို့တွင်း ဆန်အကန့်အသတ်ရှိလာ

လမ်းခရီးကြန့်ကြာမှုနှင့် ကန့်သတ်တားမြစ်မှုများကြောင့် မြဝတီ‌မြို့တွင်း ဆန်အကန့်အသတ်ရှိလာ

ကော့ကရိတ်-မြဝတီလမ်းဟောင်းတွင် မိုးရာသီကာလ လမ်းခရီးပျက်စီးမှုနှင့် ဆန်သယ် ယူသည်ယာဉ်များကို ယခင် ဇွန်လ ဒုတိယအပတ်မှစ၍ လုံခြုံရေး ဂိတ်များတွင် ပြေစာပြနိုင်မှသာ တင်ပို့ခွင့်ရသောကြောင့် မြို့ထဲသို့ ဆန်ဝင်ရောက်မှု နည်းလာကာ ဒေသခံများ ဆန်အကန့်အသတ်ဖြင့်သာ ဝယ်ယူခွင့်ရသည်ဟု မြဝတီမြို့ ခံများထံမှ သိရသည်။

မိုးရွာသွန်းခြင်းကြောင့် ကားလမ်းပျက်စီး ပိတ်ဆို့နေပြီး ကုန်စည်များသတ်မှတ်ရက်အတွင်း မပို့ ဆောင်နိုင်ဘဲ ကုန်စည်စီးဆင်းမှုနှောင့်နှေးနေသလို အဆိုပါတောင်ပေါ်လမ်းဟောင်း၏ အောက်ဘိုတဲနှင့် အလယ်ဘိုတဲရှိ လက်နက်ကိုင်ဂိတ်များတွင် မြဝတီမြို့သို့ တက်မည့်ဆန်ကုန်တင်ယာဥ်များကို ပြန်လည်တင်သွင်းပို့ဆောင်မည့် ဆိုင်၏ပြေစာပါမှ ဖြတ်သန်းခွင့်ပေးခြင်းကြောင့် ယခုလို ဆန်အကန့်အသတ်ဖြစ်လာရခြင်းဖြစ်ကြောင်း ဖားအံ-မြဝတီ ကုန်တင်ယာဥ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

၎င်းက “အဓိက ကတော့ မြဝတီအတက်ကားတွေမရောက်သေးလို့ ဆန်နည်းနည်း ရှားပါးမှုဖြစ်နေတာပါ။ ကား သေးတွေက ၅ အိတ်ထက်ပိုပြီဆို မပေးသွားချင်တော့ဘူး။ ဆန်ဆိုင် မှာပြန်ရောင်းဖို့ အိတ်ပေါင်းသုံးလေးဆယ် သယ်ပြီး သွားလာကြတဲ့ကားတွေ အဓိက က ဘယ်ဆိုင်ကနေဝယ်ပြီး ဘယ်ဆိုင်မှာ ပြန်သွင်းမယ်ဆိုတာမျိုး စလစ်(ပြေစာ)ပေါ့ ပြနိုင်ရင်ပြဿနာမရှိဘူး။ ” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက ဖော်ဆောင်နေသည့် အောင်ဇေယျ စစ်ဆင်ရေးတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ၏ ကြား ဖြတ်ဟန့်တားမှုကြောင့် အာရှလမ်းမပေါ်မှ စစ်ကြောင်းထိုး တိုက်ခိုက်နိုင်ခြင်းမရှိသည့်ကာလတွင် အရပ်သား ကားများကို အသုံးပြု၍ အသွင်ယူ တပ်အင်အား နှင့် ရိက္ခာ ပစ္စည်းများ ပို့ဆောင် နေခြင်းရှိသည့်အပေါ် ယခုလို ဆန်သယ်ကားများကို တင်းကြပ်ထားသည့် အခြေအနေဖြစ်နိုင်ကြောင်းလည်း မြဝတီမြို့ခံများက သုံးသပ်ပြော ဆိုသည်။

ထို့အပြင် လက်ရှိတွင် ကုန်စည်တင်ဆောင်ခများမှာလည်း စျေးမြင့်လာသလို လမ်းခရီးတစ်လျှောက် ပေးဆောင် ရသည့်အခွန် ဂိတ်ကြေးများလည်း များလာသောကြောင့် မြဝတီမြို့ထဲတွင် အခြေခံစား သောက်ကုန်ပစ္စည်း စျေးနှုန်းမြင့်တက်သည့်အပြင် မြန်မာဆန်များကို အကန့်အသတ်ဖြင့်သာ ဝယ်ယူနေရခြင်းဖြစ်သည်ဟု မြဝတီမြို့ ခံများက ဆိုသည်။

အမည်မဖော်လိုသူ မြို့ခံတစ်ဦးက “အကုန်စျေးတက်တယ်မြဝတီမှာ။ ဆန်တောင် ဝယ်စားလို့မရဘူး ၊ ဟိုတလော က။ အခုမှ ရတာတောင်မှ သူတို့ကအများနဲ့ မရောင်းဘူး။ ဒီလထဲမှဆို ဆန်ဆိုင်တွေကိုလည်း အမိန့် ထုတ်ထား တယ်။ ဆန်တွေကို ပိုပြီး မရောင်းနဲ့ မဝယ်ထားနဲ့။ ဒီမနက် ကျမသွားဝယ်တာ အိတ်ကြီးဝယ်မရဘူး၊ အများဆုံး ၆ ပြည်အိတ်ပဲ ‌ရောင်းတယ်တဲ့။ ဒီအပတ်ထဲမှာတော့ ဆန်ဆိုင်တွေ ပြန်ဖွင့်ပေမယ့် ဆန်နည်းနည်းပဲရ တယ်။ ကားလည်းမတက်လာတော့ ဆန်တွေက စျေးတက်ကုန်တာပေါ့။” ဟု ကေအိုင်စီ သို့ ပြောသည်။

ယခုလို ဆန်ပြတ်လပ်မှုများ ဖြစ်ပေါ်လာရခြင်းမှာ အချို့သော ဆန်ကုန်သည်များအနေဖြင့် ဆန်ကို သိုလှောင်၍ စျေးကစားရန် ထုတ်မရောင်းကြခြင်းကြောင့် ယခုလို ဆန်အကန့်အသတ်ဖြင့် ဝယ်ရမှုများ ဖြစ်ပေါ်လာခြင်းဖြစ် ကြောင်း မြို့ခံများက ထင်ကြေးပေးပြောဆိုကြသော်လည်း ကေအိုင်စီ အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိ သေးပေ။

သို့သော် ဆန်စျေးအဆမတန်မြင့်တက်မှုကြောင့်ဟုဆိုကာ ဆန်လုပ်ငန်းရှင် နှင့် ဆန်ကုန်သည်တချို့ကို စစ်ကောင်စီ က ဖမ်းဆီးစစ်ဆေးနေသလို သက်သာသော စျေးနှုန်းဖြင့် ဇွန်လ (၂၄) ရက်နေ့မှစတင်ကာ ဆန်များကို ရည်ညွှန်းစျေးဖြင့် ရောင်းချသွားရန် အမိန့်ထုတ်ပြန်ထားသသလို သတ်မှတ်စျေးထက် ပိုရောင်းသူများကို လိုက်လံ စစ်ဆေးမည်ဟုလည်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ထုတ်ပြန်ထားသည်။

၎င်းအပြင် ရန်ကုန်ကဲ့သို့ မြို့ကြီးများတွင် အိမ်ထောင်စုတစ်စုလျှင် တစ်လစာအတွက် ဆန်အိတ်တစ်အိတ်ကို ဝယ်ယူမည့်သူများအနေဖြင့် အိမ်‌ထောင်စုစာရင်း မိတ္တူနှင့် အိမ်ထောင်စုစာရင်းမှတ်ပုံတင်မူရင်းတို့ကို ယူဆောင် ပြနိုင်မှသာ ဝယ်ယူနိုင်မည်ဖြစ် ကြောင်းလည်းသတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာလျက်ရှိသည်။

Most read this week

July 1, 2024
အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ် ယူတီကာမြို့နယ်တွင် ဇွန်လ ၂၈ ရက်နေ့ညက ဒုက္ခသည်စခန်းမှတဆင့်...
July 1, 2024
မြဝတီမြို့သို့ စစ်ကြောင်းထိုးတက်လာသော စစ်ကောင်စီ၏ အောင်ဇေယျစစ်ဆင်ရေးတပ်များသည် မြဝတီ အာရှလမ်းသစ်...
July 1, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်ရှိ ကရင်အမျိုး...
June 28, 2024
ချင်းပြည်နယ် ဟားခါးမြို့ ၊ မြို့သစ်ရပ်ကွက်အတွင်း လူ (၅) ဦးထက်ပိုမစုရအမိန့်ကို စစ်ကောင်စီက...