၅ လတာအတွင်း စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ပြည်သူ ၅၃ ဦးသေဆုံးပြီး (၁၅၄) ဦးထိခိုက်ခဲ့

၅ လတာအတွင်း စစ်ကောင်စီ၏အကြမ်းဖက်မှုကြောင့် ပြည်သူ ၅၃ ဦးသေဆုံးပြီး (၁၅၄) ဦးထိခိုက်ခဲ့

ကရင်အမျိုးအသားအစည်းအရုံး-ကေအဲန်ယူ၊တပ်မဟာ(၃)နယ်မြေ၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်ရှိ မြို့နယ် ၃ မြို့ နယ်တွင် ယခုနှစ် ဇန်နဝါရီလမှစပြီး မေလကုန်အထိ ၅ လတာအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၅၃) ဦးသေဆုံးခဲ့ပြီး (၁၅၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ ညောင်လေးပင်ခရိုင် တာဝန်ရှိသူများထံမှသိရသည်။

ကေအဲန်ယူ ထိန်းချုပ်ရာ ဆောထိ(ရွှေကျင်)၊ ကျောက်ကြီး နှင့် မုန်း စသည့်မြို့နယ် ၃မြို့နယ်စလုံးတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခြင်းအပြင် အရပ်သားပြည်သူများကို ဖမ်းဆီးမှုများနေ့စဉ် နီးပါးပြုလုပ်နေသည့်အတွက်ကြောင့် ယခုလို ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်ရခြင်းဖြစ်ကြောင်း ညောင်လေးပင်ခရိုင် ပြောခွင့်ရ ပဒို စောဟဲဂေ က ပြောဆိုသည်။

၎င်းက “စစ်ကောင်စီတပ်ဘက်က လက်နက် ကြီးရော လေယာဉ် ရော ဗုံးကြဲတဲ့အပေါ်မှာ ပြည်သူသေဆုံးတာ ၅၃ ယောက် ထိခိုက်မှုက ၁၅၄ ယောက်ရှိတယ်။ သေဆုံးတဲ့ ၅၃ ယောက်ထဲမှာ မိန်းကလေးက ၂၂ ယောက်ပါတယ်။ ထိခိုက် ထဲမှာ မိန်းကလေးတွေက ၆၈ ယောက်။ စစ်ကောင်စီ လက်နက်ကြီးက နေ့တိုင်းလိုလိုပစ်တယ်။ နောက်တစ်ခုက မေလက ဘောကထ စခန်းကျသွားပြီးတဲ့နောက်ပိုင်းမှာ သူတို့ စခန်းရဖို့စစ်ကြောင်းတွေ ပြန်ထိုးလာတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

အဆိုပါ ကျောက်ကြီးမြို့နယ်အတွင်းရှိ ဘောကထစစ်ကောင်စီတပ်စခန်းမှ တပ်ဖွဲ့ဝင်များသည် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO တို့ ၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပြီးခဲ့သည့် မေလ(၇)ရက်နေ့မှစ၍ စခန်းကို စွန့်ခွာသွားကြခြင်းဖြစ်ကြောင်း နယ်မြေခံတာဝန်ရှိသူထံမှသိရသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ရာ လမ်းတစ်လျှောက် တွင် ဒေသခံပြည်သူများကို ဖမ်းဆီးပြီး ငွေညှစ်တောင်းခံမှုများရှိသလို ပျောက်ဆုံးသွားသူများလည်းရှိခဲ့သည်ဟု ကေအဲန်ယူ တာဝန်ရှိသူများကဆိုသည်။

“ပြည်သူတွေကို အသွားအလာဖြစ်စေ စျေးသွားဝယ်ဖို့ သွားလာတာဖြစ်စေ စစ်ကောင်စီက ၅ လအတွင်းမှာပြည်သူ ၂၈ ယောက်ကိုဖမ်းဆီးတယ်။ ၂၈ ယောက်ထဲမှာမှ တချို့လူတွေကို စစ်ကောင်စီကငွေကြေးတောင်းပြီးတော့ ပြန်လွတ်ပေး တာရှိသလို တချို့တွေက အဆက်အသွယ်မရတော့ဘဲ ပျောက်ဆုံးနေတာလည်းရှိတယ်။ ၅ လအတွင်းမှာ စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့်ရယ် စစ်ကြောင်းက ရွာထဲဝင်ပြီးမီးရှို့တာ အားလုံးပေါင်း နေအိမ် ၂၀၅ လုံးပျက်စီးသွား တယ်” ဟု ပဒိုစောဟဲဂေ က ဖြည့်စွက်ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ဧပြီလ(၂၆)ရက်နေ့မှစတင်ပြီး ကေအဲန်ယူ ထိန်းချုပ်ရာ ဆောထိ (ရွှေကျင်)မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသောကြောင့် ကျေးရွာ (၅)ရွာမှာ အိမ်ထောင်စု(၁,၁၄၈)စုမှ ဒေသခံစုစုပေါင်း(၅,၈၁၉)ဦးခန့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကေအဲန်ယူထုတ်ပြန်ထားခဲ့သေးသည်။

စစ်ကောင်စီတပ်အာဏာသိမ်းပြီးနောက် နယ်မြေစိုးမိုးရေးအပြည့်အဝရရှိရန် လုပ်ဆောင်နေသော KNLA အနေဖြင့် တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းကာ တပ်မဟာ(၃) နယ်မြေအတွင်း စခန်းသိမ်းတိုက်ပွဲများဆင်နွှဲခဲ့ရာ လက်ရှိ အချိန်ထိ စစ်ကောင်စီစခန်း စုစုပေါင်း (၁၇) ခုကို သိမ်းနိုင်ခဲ့ပြီး စစ်ကောင်စီဘက်က စွန့်ခွာထားခဲ့သော စခန်းပေါင်း (၁၀)ခု ရှိလာပြီးဖြစ်သည်ဟုလည်း KNU တပ်မဟာ(၃) တာဝန်ရှိသူများထံမှသိရသည်။

Most read this week

September 27, 2024
မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း အသုံးပြုခွင့်ပေးရန် ကရင့်လက်နက်ကိုင်တပ်ဖွဲ့များ စက်တင်ဘာ ၂၄...
September 27, 2024
ထိုင်းနိုင်ငံသို့ တရားမဝင်ရောက်ရှိနေသည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ် ရွှေ့ပြောင်း...
September 26, 2024
စစ်တောင်းမြစ်ရေလျှံတက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသည့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်...
September 25, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ စစ်ကောင်စီ၏တပ်ရင်း(၃)ရင်းတွင်...