ဖားအံမြို့တွင် ဆေးဝါးအချို့ပြတ်လပ်နေကာ ဆေးပစ္စည်းအားလုံးနီးပါး စျေးနှုန်းနှစ်ဆခန့် မြင့်တက်

ဖားအံမြို့တွင် ဆေးဝါးအချို့ပြတ်လပ်နေကာ ဆေးပစ္စည်းအားလုံးနီးပါး စျေးနှုန်းနှစ်ဆခန့် မြင့်တက်

ဖားအံမြို့တွင် ပြီးခဲ့သည့် မေလမှ စတင်ကာ စျေးကွက်အတွင်းလူသုံးများသည့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ ဆေးဆိုင်များတွင် ပြတ်လပ်နေပြီး အချို့ကို အကန့်အသတ်ဖြင့်သာ ရောင်းချနေရကာ စျေးနှုန်းမှာလည်း နှစ်ဆ ခန့် မြင့်တက်လာသည်ဟု ဆေးအရောင်းဆိုင်များထံမှ သိရသည်။

စစ်ကောင်စီ၏ ကန့်သတ်ချက်များကြောင့် ဆေးဝါးတင်သွင်းမှုခက်ခဲလာပြီး လမ်းပန်းဆက်သွယ်ရေး အခက် အခဲများ နှင့် ဒေါ်လာငွေ စျေးနှုန်းများ စံချိန်တင်မြင့်တက်လာခြင်းတို့ကြောင့် ဆေးဝါးကုမ္ပဏီများက ဖြန့်ဖြူး ရောင်းချသော စျေးနှုန်းများ တိုးမြင့်လာပြီး ဆေးဝါးပြတ်လပ်မှုများ ကြုံတွေ့လာရခြင်းဖြစ်ကြောင်း ဆေးဝါး ရောင်းချသူများကပြောသည်။

စျေးကွက်အတွင်း ဆေးဝါးဝင်ရောက်မှုနည်းပါးနေသည့်အတွက် လူသုံးများသော ဆေးဝါးပစ္စည်းများ ပြတ်လပ် သွားသလို မှီဝဲသုံးစွဲနေကျ ဆေး နှင့် အာနိသင်တူ ဆေးဝါးများကို အစားထိုး သုံစွဲနေရပြီး ဆိုင်များက ပြတ်လပ် မှုရှိသော ဆေးဝါးတချို့ကို ခွဲတမ်း နှင့် ရောင်းချပေးနေရသည်ဟု ဆေးအရောင်းဝန်းထမ်းတစ်ဦးက ပြောသည်။

၎င်းက “အရောင်းသွက်တဲ့ ဆေးတွေတော့ပြတ်တယ်။ ပြတ်လပ်သွားတာလေးနဲ့ အစားထိုးတူတာ ပြန်ရောင်း ပေးတယ်။ ကျမတို့မှာ ပစ္စည်းနည်းပြီးဆိုရင် လူတိုင်းရအောင်လို့ တစ်လစာလောက်ခွဲတမ်းပေးပြီးရောင်းတယ်။ ကုမ္ပဏီတွေက ပိတ်သွားရင်တော့ ကိုယ်လည်း ထပ်မှာလို့ မရဘူး။ ဒီတံဆိပ်နဲ့ မရတော့ရင် တခြားတံဆိပ်နဲ့ သောက် အဲ့လိုအစားထိုးတာတော့ရှိတယ်။ ကုမ္ပဏီဘက်က မှာလို့မှ မရတော့ရင် ဆိုင်တွေကတော့ ရှိတာလေးနဲ့ ထိုး‌ရောင်းရတာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီ အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များ နှင့် တိုက်ပွဲဖြစ်ရာဒေသများသို့ ဆေးဝါးတင်သွင်း သယ်ယူ ပို့ဆောင်ခြင်းများကို တင်းကြပ်ထားခြင်းကြောင့် တိုက်ပွဲဖြစ်ပွားရာ ကရင်ပြည်နယ်အတွင်း ဆေးဝါးဝင်ရောက် မှုနည်းလာခြင်းဖြစ်သလို ပြီးခဲ့သည့်မေလက မွန်ပြည်နယ်အတွင်း တံတားနှစ်စင်း မိုင်းခွဲဖြတ်တောက်ခံရခြင်း ကြောင့်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်လာခြင်းဖြစ်သည်။

လက်ရှိတွင် အရောင်းသွက်သော ဆေးဝါးအပြင် အရောင်းပါးသော ဆေးအမျိုးအစားအားလုံးနီးပါးတို့၏ ဆေး စျေးနှုန်းများလည်း မြင့်တက်လာသည်ဟု ဒေသတွင်း ဆေးပစ္စည်းသွားရောက် ဝယ်ယူသူတစ်ဦးကဆိုသည်။

“သွားဝယ်နေကျဆိုင်က ပြောတာတော့ သူတို့လည်း လိုသလောက် ဝယ်လို့မရဘူး။ ခွဲတမ်းနဲ့ပဲ ဝယ်ယူနေရ တယ်။ အိမ်မှာဖောက်သည် နဲ့ ပြန်ရောင်းဖို့ထိတော့ တချို့ဆေးတွေက အပြည့်အဝမရဘူး။ တစ်ပတ်လောက် ကြာပြီး။ ပြန်ရောက်ရင်လည်း စျေးနှုန်းတွေက ၁ ဆ ၂ဆ လောက်တက်တယ်။ ပစ္စည်းရှားတဲ့ဟာဆို စျေးတက် များတယ်။ အခြေခံဆေးဝါးတွေကအစ အနည်းအများပဲကွာပြီးတက်တယ်။ စျေးတွေ တက်ပြီးရင် ပြန်ကျတာ တော့မရှိဘူး။ ” ဟု ကေအိုင်စီ သို့ ပြောသည်။

ထို့အပြင် လက်ရှိ မိုးရာသီ ကာလအတွင်း ဖျာနာသည့် ဝေဒနာများ ပိုမိုခံစားရသည့် ကာလဖြစ်၍ ဒေသခံ ပြည်သူများ အဓိက သုံးစွဲမှုများသော ဒီကိုဂျင် နှင့် ပါရာစီတမောလို အခြေခံ ဆေးဝါးများကအစ စျေးတက်နေ သော်လည်း ပစ္စည်းပြတ်လပ်မည့် စိုးသောကြောင့် ရသလောက် ဝယ်ယူထားရကြောင်းလည်း မြို့ခံများက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ပဋိပက္ခများ တိုးလာပြီး စီးပွားရေး မတည် ငြိမ်မှု နှင့် ငွေကြေးတန်ဖိုး အဆမတန် ကျဆင်းမှုများကြောင့် ပြည်တွင်းအခြေခံ စားသောက်ကုန်မှစ၍ လူသုံး ကုန်၊ ဆေးဝါးများအားလုံးနီးပါး ကုန်စျေးနှုန်းမြင့်တက်လာပြီး အခြေခံပြည်သူများ အနေဖြင့် အလုပ်အကိုင် ရှားပါးမှု နှင့် ဝင်ငွေထွက်ငွေ မညီမျှမှုများကြောင့် စားဝတ်နေရေး နှင့် ကျန်းမာရေးအတွက် များစွာ အခက်အခဲ ဖြစ်လာကြရသည်။

Most read this week

November 22, 2024
အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်ကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ...
November 22, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားရဲတပ်ဖွဲ့-...
November 21, 2024
“စစ်ကောင်စီကျောင်းကို ကြိုဆိုတာတော့မဟုတ်ဘူး၊ အခြေအနေအရပါပဲ” ကေအဲန်ယူ-...
November 21, 2024
ထိုင်းနိုင်ငံကို အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသား မိဘနှစ်ပါးမှ...