ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင် ဒေသခံပြည်သူများအနေဖြင့် ကုန်ပစ္စည်း သွားလာရောင်းဝယ်မှုမရတော့ သဖြင့် မြို့အနီးဝန်းကျင်ရှိ ဒေသခံကျေးရွာသားအများစု ကုန်ပစ္စည်းစားနပ်ရိက္ခာပြတ်လပ်မှုများရှိလာကြောင်း သိရသည်။
ကော့ကရိတ်မြို့တွင် နှစ်ဖက်စစ်ရေးတင်းမာမှုရှိနေဆဲဖြစ်၍ သွားလာမှုလမ်းများဖြတ်တောက်ခံထားရပြီး ကုန်စ္စည်းများ ဝယ်ယူရောင်းချ၍မရတော့သဖြင့် ၎င်းကို မှီခိုအားထာသည့် ဒေသခံပြည်သူများအားလုံးသည် မိုးတွင်းကာလတွင် ကုန်ပစ္စည်းစားနပ်ရိက္ခာများ ပြတ်လပ်မှုရှိလာကြောင်း ကော့ကရိတ်မြို့နယ် တောင်ပိုင်းရှိ ကုန်ပစ္စည်းရောင်းဝယ်သူများက ပြောသည်။
ကုန်စုံဆိုင်ဖွင့်လှစ်ထားသူ အမျိုးသမီးတစ်ဦးက “ ကော့ကရိတ်မြို့လမ်းသွားမရတော့ တော်တော်အခက်အခဲ ရှိတယ်။ ကုန်စ္စည်းစျေးလည်းတက်တယ်။ ဝယ်ယူဖို့လည်းမလွယ်တော့ဘူး။ အခုလို မိုးတွင်းကာလရောက်တော့ အခြားပတ်လမ်းကလမ်းပျက်တယ်။ ချောင်းကူးရတာနဲ့ သွားလို့မရတော့ စားနပ်ရိက္ခာတွေ ပြတ်လပ်နေတယ်။ ရွာသားအချို့လည်း စစ်ရှောင်ရတာနဲ့ တော်တော်လေးခက်ခဲနေကြတယ်” ဟု ကေအိုင်စီသို့ပြောသည်။
ထို့အပြင် ကော့ကရိတ်-မြဝတီ အာရှကုန်သွယ်ရေးလမ်းလည်း သွားလာ၍မရသဖြင့် ထိုင်း-မြန်မာ နှစ်နိုင်ငံ ဆက်စပ်နေသည့် လုပ်ငန်းများလုပ်ကိုင်သူအားလုံးသည် အခက်အခဲများရှိကာ ကုန်ပစ္စည်းများသယ်ယူပို့ဆောင် ရာတွင် ၎င်းနည်းတူ တောလမ်းများသွားလာနေရသဖြင့် အချိန်ကြန့်ကြာပြီး လမ်းခရီးတွင် အန္တရာယ်များ ကြောင်း နယ်စပ် ကုန်သယ်များကပြောသည်။
မြဝတီနယ်စပ်ကုန်သည်တစ်ဦးက “အာရှလမ်းသွားလာမရတော့ ပြည်သူတွေတော်တော်ဒုက္ခရောက်တယ်။ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရတာလည်း အဆင်မပြေတော့ဘူး။ မိုးကာလရောက်တော့ ပတ်လမ်းက လုံးဝ အဆင်မပြေတော့ဘူး။ တော်တော်ပျက်နေပြီး သွားလာရတာအန္တရာယ်များတယ်။ လမ်းခရီးလည်း တော်တော် ကြန့်ကြာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိ ကော့ကရိတ်မြို့တွင် စစ်ကောင်စီတပ်များ ပြန်လည်ဝင်ရောက် ထိန်းချုပ်ထားပြီး မြို့တွင်းပြည်သူများ ပြန်နေထိုင်ရန်ခေါ်ယူခဲ့သော်လည်း မြို့အနီးရှိကျေးရွာများမှာ ပြန်နေခွင့်မရဘဲ ဆက်လက် တိမ်းရှောင်နေကြရ ဆဲဖြစ်သည့်အပြင် ကျေးရွာမှ ကော့ကရိတ်မြို့သို့ဒေသခံများသွားလာသည့် လမ်းများအားလုံး သွားလာမှု ပိတ်ထားခံရကြောင်း ကျေးရွာဒေသခံများကပြောသည်။
အလားတူ မြို့တွင်း စစ်ရေးတင်းမာမှုကြောင့် ကော့ကရိတ်မြို့ကို မှီခိုအားထားသည့် ဒေသခံပြည်သူများ ဒုက္ခကြုံ တွေ့ရသလို ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး လုပ်ငန်းများကို အဓိက လုပ်ကိုင်နေကြသည့်လုပ်ငန်းရှင်နှင့် အလုပ်သမားအများအပြားလည်း အခက်အခဲများ ကြုံလာကြရသည်။