ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့တွင်းက ကျန်ရှိနေတဲ့ စစ်ကောင်စီ ၅၈ တပ်ရင်းဘက် အင်အားဖြည့်တင်းတာတွေ ဆက်တိုက်ပြုလုပ်နေပြီး ဝိုင်းမော်မြို့ အနီးတစ်ဝိုက် နေ့တိုင်းလိုလို လက်နက်ကြီးသံတွေ ကြားနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
၅၈ တပ်ရင်းဘက် ဇွန်လ ၃ ရက်နေ့ကနေစပြီး မြစ်ကြီးနားဘက်က စစ်သားတွေကို ကားတွေနဲ့လာချတာတွေ ဆက်တိုက်ဆိုသလို ပြုလုပ်နေတဲ့အပြင် လက်ရှိ အဲဒီတပ်စခန်းမှာ စစ်သားအင်အားပေါင်း ရာကြီးပိုင်းလောက် ရှိနိုင်တယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
"ဟုတ်တယ်။ စစ်အင်အား ဖြည့်တင်းတာတွေ ရှိတယ်။ သူတို့ အင်အား လာချတာတွေတော့ ရှိတယ်။ ဝိုင်းမော်မြို့ခံစစ်အနေနဲ့ လာပို့ထားတာ နေမှာ။ နှစ်ရက်လောက်ရှိပြီ"လို့ ဆိုပါတယ်။
ဝိုင်းမော်မြို့တွင်း စစ်သားအင်အား ဖြည့်တင်းထားတယ်ဆိုတာ မှန်ကန်ပြီး စစ်သားအင်အား ဘယ်လောက် ရှိတယ်ဆိုတာကိုတော့ မသိရှိရဘူးလို့ ဒေသခံက ပြောပါတယ်။
လက်ရှိမြို့တွင်း အခြေအနေနဲ့ ပတ်သက်ပြီး ထွက်ပြေးတိမ်းရှောင်နေတဲ့ ဝိုင်းမော်မြို့ ဒေသခံပြည်သူအချို့လည်း မိမိနေအိမ်တွေမှာ ပြန်လည် နေထိုင်နေကြပြီလို့လည်း သိရပါတယ်။
ဒါ့အပြင် မနက်အစောပိုင်းတွေနဲ့ ညပိုင်းအချိန်တွေမှာ ၅၈ တပ်ရင်းနဲ့ မြစ်ကြီးနားတပ်ဘက်ကလို့ ယူဆရတဲ့ လက်နက်ကြီး ပစ်သံတွေ ကြားနေရဆဲ ဖြစ်တယ်လို့လည်း အထက်ပါ ဒေသခံက ဆက်လက် ပြောပါတယ်။
"မနက်ပိုင်းတွေ၊ ညပိုင်းတွေတော့ အမြဲတမ်း ပစ်နေတယ်။ ၅၈ ဘက်ကနေလို့ ယူဆရတယ်။ ဒီဘက် မြစ်ကြီးနားဘက်ကနေ ပစ်တယ်လို့ ယူဆရတယ်။ ရွှေညောင်ပင် ၃၂၁ ဘက်မှာ တိုက်ပွဲ ရှိတယ်လို့ မကြားဘူး။ အင်းလေးတို့၊ နောင်စီပေါတို့၊ အောင်မြေတစ်တို့ဘက်မှာပဲ တစ်ဖက်ကပဲ ပစ်ခတ်တဲ့ အသံဆိုပြီးမှပဲ သိထားတယ်။ မြို့ပေါ် ဧရိယာတစ်ကွင်းမှာတော့ ဘာတစ်ခုမှ ပြဿနာမရှိဘူး။ ပစ်ခတ်မှုတွေ မရှိဘူး"လို့ ပြောပါတယ်။
လက်ရှိအခြေအနေမှာတော့ ဝိုင်းမော်မြို့တွင်းနေရာတွေမှာ စစ်ကောင်စီတပ်သားတွေ နေရာယူစောင့်ကြပ်တာတွေ မရှိပေမဲ့ ကားတွေနဲ့ လှည့်လည်သွားလာတာတွေတော့ ရှိနေတယ်လို့လည်း ထပ်မံသိရှိရပါတယ်။
နောက်ထပ်ဒေသခံ ပြည်သူတစ်ဦးရဲ့ ပြောပြချက်အရ မေလအစောပိုင်းက ဝိုင်းမော်ဘက်အခြမ်းက ဗလမင်းထင်စုပေါင်းဂိတ် ပစ်ခတ်ခံရပြီးနောက် စုပေါင်းဂိတ်နဲ့ ဗလမင်းထင်တံတားထိပ်ကြားက လမ်းကြားအချို့ကိုလည်း စစ်ကောင်စီတပ်သားတွေ ပိတ်ထားတဲ့အပြင် ကားတွေကို တားဆီးပြီး ငွေကြေးကောက်ခံနေတဲ့အတွက် လမ်းကြောင်းပိတ်ဆို့တာတွေပါ ဖြစ်နေတယ်လို့လည်း ဒေသခံက ဆက်လက်ပြောပါတယ်။
"စုပေါင်းဂိတ် ပစ်ခံရပြီးတဲ့နောက် ပျက်စီးသွားတော့ အဲဒီမှာ ရှိတဲ့ သူတွေက တံတားထိပ်နားမှာ လာပေါင်းပြီး နေရာပြန်လုပ်နေကြတယ်။ စုပေါင်းဂိတ်မှာတော့ ဘယ်သူမှ မရှိတော့ဘူး။ အဲဒီမှာ ကားတွေကိုတားပြီး ပိုက်ဆံလည်း ကောက်နေ။ ဒီဘက်မှာတော့ ကား၊ ဆိုင်ကယ်တွေ ဖြတ်ဖို့ ကြပ်နေကြတာ။ တံတားမှာ လူအရမ်းကြပ်တယ် "လို့ ဒေသခံက ပြောပါတယ်။
ဝိုင်းမော်-လိုင်ဇာ လမ်းမတစ်လျှောက်မှာ ဝိုင်းမော်-ခါးရှီ-နောင်စီပေါ-အင်းလေး -အောင်မြေ ၁- အောင်မြေ ၂- ရွှေညောင်ပင်- ဂါးရာယန်- ကဇူးယန်- ဒဘတ်ယန်-ကန်တော်ယန်- နန်ဆန်ယန် စတဲ့ ကျေးရွာတွေ တည်ရှိပြီး KIO လိုင်ဇာဌာနချုပ်ကတော့ နန်ဆန်ယန်ကျေးရွာအနီးမှာ တည်ရှိတာပါ။
မေလ ၁၈ ရက်နေ့ကစပြီးတော့ ဝိုင်းမော်-လိုင်ဇာလမ်း ပေါ်က စစ်ကောင်စီလက်ကျန်တပ်စခန်းတွေကို KIA က တိုကခိုက်ခဲ့ပြီး ဝိုင်းမော်မြို့အတွင်းက စစ်ကောင်စီရဲ့ ၅၈ တပ်ရင်းတစ်ခုကလွဲရင် ဝိုင်းမော်-လိုင်ဇာလမ်းပိုင်းမှာတော့ စစ်ကောင်စီရဲ့ အထိုင်တပ်စခန်းကြီးတွေ အကုန်လုံးကို KIA ကနေ သိမ်းပိုက်ထားနိုင်တဲ့ အခြေအနေလည်း ဖြစ်ပါတယ်။