သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ

သင်္ဃန်းညီနောင်စခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့နှင့် တပ်မိသားစုဝင် ၆၀၀ ကျော် လက်နက်ချ
Photo: KIC
Photo: KIC

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့၏ ယမန်နေ့ ဧပြီလ ၅ ရက်နေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူ ဟာအခြေချစခန်း၊ ခြေမြန်တပ်ရင်း ခမရ -၃၅၆ နှင့် ခမရ ၃၅၇ စခန်းသိမ်းတိုက်ပွဲဖြစ်စဉ်အတွင်း ဗျူဟာမှူး ဗိုလ်မှူးကြီး ထွန်းထွန်းလတ်အပါအဝင် စစ်ကောင်စီတပ်ဖွဲ့နှင့် မိသားစုဝင် စုစုပေါင်း ၆၀၀ ကျော် လက်နက်ချခဲ့ သည်ဟု သိရသည်။

အဆိုပါ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ စခန်းသိမ်းတိုက်ပွဲတွင် သင်္ဃန်းညီနောင် အခြေချဗျူဟာ၏ ဗျူဟာမှူး ဗိုလ်မှူးကြီးထွန်းထွန်းလတ် ဦးဆောင်သော အရာရှိအဆင့် ၆၇ ဦး၊ အခြားနှင့် တပ်သားအဆင့် ၄၁၀ ဦး၊ ရဲမေ ၅၉ ဦးနှင့် တပ်မိသားစုဝင် ၈၁ ဦးတို့အပါအဝင် စုစုပေါင်း ၆၁၇ ဦးလက်နက်ချခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။ ထို့အပြင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်းမီးကျောက်မြောက် များစွာကိုလည်း သိမ်းပိုက်ရရှိခဲ့ပါသည်ဟု ပြောသည်။

အဆိုပါ လက်နက်ချအညံ့ခံခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဘေးကင်းလုံခြုံသည့်နေရာတွင် ထားရှိကာ နိုင်ငံ တကာ စစ်သုံ့ပန်းဥပဒေနှင့်အညီ ထိန်းသိမ်းထားသည်ဟု ကေအဲန်ယူ ထိပ်တန်းအရာရှိတစ်ဦးက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ (သင်္ဃန်းညီနောင်) စစ်ဗျူ ဟာအခြေချ စခန်းကို တိုက်ခိုက်သိမ်းပိုက်ရခြင်းမှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ (သင်္ဃန်း ညီနောင်) စစ်ဗျူဟာအခြေချ စခန်းရှိခြင်းကြောင့် နယ်မြေတွင်းနေထိုင်ကြသော ကရင်လူမျိုးနှင့် အခြား လူမျိုးများ၏ စီးပွားရေး၊ ပညာရေး၊ လူမှုရေးများကို ထိခိုက်ကျဆင်းစေသည့်အပြင် ရိုးရာယဉ်ကျေးမှုများလည်း ပျက်စီးပျောက်ကွယ်စေခဲ့သောကြောင့်ဖြစ်သည်ဟု ကေအဲန်ယူက ထုတ်ပြန်ပြောဆိုထားသည်။

မြဝတီမြို့နယ် သင်္ဃန်းညီနောင် စစ်ဗျူဟာကုန်းစခန်းအား KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များ ယမန်နေ့က သိမ်းပိုက်ရရှိခဲ့ပြီးနောက်ပိုင်း စစ်တပ်လေကြောင်းက ယနေ့ ဧပြီလ ၆ ရက် မွန်းလွဲပိုင်း အထိဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးသီးများ ကြဲချတိုက်ခိုက်မှုဆက်တိုက်လုပ်ဆောင်နေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ မြဝတီမြို့စောင့်တပ် ခြေလျင်တပ်ရင်း-ခလရ ၂၇၅ တပ်ရင်း၊ လေးကေကော် စွယ်တော် အမြှောက်ကုန်း စစ်စခန်းကို KNLA ပူးပေါင်းတပ်များ ဝိုင်းပတ် ပိတ်ဆိုထားပြီး ယနေ့ညနေပိုင်းတွင် ခလရ ၂၇၅ တပ်က လက်နက်ချအညံ့ ခံ ပြီဟု လူမှုကွန်ရက် စာမျက်နှာများတွင် သတင်းများထွက်ပေါ်နေသော်လည်း စစ်မြေပြင်တာဝန်ရှိသူများကမူ အတည်ပြုမပြောနိုင်သေးကြောင်း ကေအိုင်စီသို့ ပြောသည်။

“သတင်းတွေက အမျိုးမျိုးပြန့်နေတယ်။ တာဝန်ရှိတဲ့ သူတွေ ညှိနှိုင်းဆောင်ရွက်နေတယ်။ လေယာဉ် ကြဲတာ ဝှေ့ရှမ်း၊ ဇရပ်ဖြူကုန်းဘက်တွေ ညီနောင်ဘက်တွေ ဗုံးလာကြဲနေတုန်းပဲ။ လိုင်းပေါ်မှာကတော့ ထင်ကြေး အမျိုးမျိုးနဲ့ ရေးနေကြတယ်။ ဖုန်းတိုင်တွေလည်း ထိကုန်တယ်။ မသေချာသေးပါဘူး။ ဘာမဆို ဖြစ်သွား နိုင်ပါတယ်။ သေချာပြီဆို ထုတ်ပြန်ပါလိမ့်မယ်။”ဟု KNLA မဟာမိတ်ပူးပေါင်းစစ်ကြောင်း စစ်ရေးသတင်းအရင်းအမြစ်က ပြောသည်။

လတ်တလောတွင် လေကြောင်း ဗုံးကြဲမှုကြောင့် ဖုန်းတာဝါတိုင်အချို့ မီးလောင်ပျက်စီးသွားသဖြင့် မြဝတီမြို့ နယ်အတွင်း တယ်လီဖုန်းလိုင်း MPT /မိုင်တဲလ် ဖုန်းလိုင်းများ ပြတ်တောက်နေပြီး အင်တာနက် ဝိုင်ဖိုင်လိုင်းများ သုံး၍ ရနေသေးကြောင်း မြဝတီမြိုခံများ၏ပြောစကားအရ သိရသည်။

Most read this week

October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...
October 7, 2024
ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ကျောင်းအုပ်ဆရာမကြီး ပါဝင်သည့် သန်းခေါင်စာရင်း ကောက်ယူသူ ၇...
October 7, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော် (ဖာပွန်)ခရိုင်၊ တပ်မဟာ (၅) နယ်မြေရှိ ကမမောင်းမြို့တွင်...