အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေး ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေး ထောင်ဒဏ် ၂နှစ်ချမှတ်ခံရ

စစ်တွေ ဆန်ပြဿနာနေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့်အတွက် ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆို ခံထားရသည့် အမျိုးသမီး အရေးတက်ကြွလှုပ်ရှားသူ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို ယနေ့တွင် စစ်တွေမြို့နယ်တရားရုံးမှ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု သိရသည်။

ယနေ့ မတ်လ ၁၈ ရက်၊ နံနက် ၁၁ နာရီခွဲကျော် အချိန်ခန့်တွင် ဒေါ်ညိုအေးကို စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို တက်ရောက်ခဲ့သည်မှာ သေချာသည့်အတွက် ပုဒ်မ ၅၀၅(ခ) ဖြင့် ငြိစွန်းသည်ဟုဆိုကာ ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု အမှုနှင့် နီးစပ်သူ တစ်ဦးကပြောသည်။

“ဆန်ပြဿနာ အမှုကို ဖတ်ပြပြီး ဒေါ်ညိုအေးဟာ ဆန်ပြဿနာနေ့အခမ်းအနားကို တက်ရောက်ခဲ့တာ ထင်ရှားတယ်။ သက်သေကလည်း သူရို့လုပ်ကြံထားတဲ့ သက်သေတစ်ခုကို ထုတ်ပြတယ်။ ဒေါ်ညိုအေးရုံးက ဆန်ပြဿနာနေ့အခမ်းအနား ဗီနိုင်းစာရွက်ရတယ်ဆိုပြီး။ အခမ်းအနားလုပ်ခဲ့တဲ့ ကျောင်းသားသမဂ္ဂရုံးက ဖြုတ်ယူခဲ့တဲ့ ဗီနိုင်းကို ဒေါ်ညိုအေးရုံးက ရတယ်ဆိုပြီး သက်သေအတု လုပ်ထားတာ။ ပြီးတော့ ၅၀၅(ခ)နဲ့ ငြိတယ်ဆိုပြီး ၂ နှစ်ချလိုက်တာ” ဟုပြောသည်။

ယခုကဲ့သို့ ဒေါ်ညိုအေးကို ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်သည့်အပေါ် ဒေါ်ညိုအေး၏သမီးဖြစ်သူ မစောမြသန္တာက “အဓိကက ဘာတွေပြောချင်လဲဆိုတော့ မကျေနပ်ဘူး။ မကျေနပ်ရင်လည်း ဘာလုပ်လို့ရမှာလဲ။ ဥပဒေက သူတို့လက်ထဲမှာ ရှိတာကိုး။ သူတို့လုပ်ချင်သလို လုပ်လို့ရတဲ့အချိန်မှာ ပြည်သူတွေမှာ ခံရမှာပဲ။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်လို့ အဲဒီနားမှာ ပြောခွင့်ရှိတာက မဟုတ်ဘူး” ဟုပြောသည်။

လက်ရှိတွင် ဒေါ်ညိုအေးမှာ သွေးတိုးရောဂါအပြင် အသည်းအဆီဖုံးရောဂါပါ ခံစားနေရသည့်အတွက် ပြင်ပက ဆေးများကို ဝယ်သောက်နေရကာ နေမကောင်းသည့်သူကို ပြင်ပတွင် ဆေးကုသခွင့်မပေးပဲ ထောင်ချမှတ်လိုက်သည့်အပေါ် များစွာ စိတ်မကောင်းဖြစ်မိကြောင်း သမီးဖြစ်သူက ဆက်ပြောသည်။

“သွေးတိုးအမြဲတိုးတယ်။ အသည်းပါ အဆီဖုံးတယ်။ ထောင်ဆရာဝန်နဲ့ အပြင်က ဆေးတွေကိုဝယ်ပြီး‌ ဆေးကုနေရတယ်။ ၁ ခါဝယ်ရင် ၂ သိန်းခွဲ၊ ၃ သိန်းဖိုးဝယ်ရတယ်။ ဖြစ်စေချင်တာက အပြင်မှာ ဆေးကုသခွင့်လေးရချင်တယ်။ ကျန်းကျန်းမာမာ ထူထူထောင်ထောင်ဖြစ်တဲ့အခါမှ အမိန့် ချချင်တယ်ဆိုလည်း ချပေါ့။ ကျမတို့ မပြောချင်တော့ဘူး။ မကျေနပ်တာက အမေ နေမကောင်းရင်းတန်းလန်းနဲ့ပဲ ချတာဆိုတော့ ပိုပြီး ရင်နာတာပေါ့။ သနားလည်း သနားတယ်။ အမေတစ်ယောက်အနေနဲ့တော့ ပြုံးတော့ပြုံးနေတယ်။ ဒါပေမဲ့ သမီးတစ်ယောက်အနေနဲ့ သူနေမကောင်းတာ သိနေတယ်။”

ဒေါ်ညိုအေးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလထဲတွင် အပြီးသတ်အမိန့်ချရန်ရှိခဲ့သော်လည်း ရုံးချိန်းအကြိမ်ကြိမ်ရွေ့ဆိုင်းကာ ယနေ့တွင်မှ အမိန့်ချခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

သူမသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် သြဂုတ်လ ၁၃ ရက်က စစ်တွေရှိ စစ်တွေကျောင်းသားသမဂ္ဂရုံးတွင် စစ်တွေကျောင်းသားသမဂ္ဂက ဦးဆောင်ပြုလုပ်ခဲ့သော ၅၆ နှစ်မြောက် စစ်တွေဆန်ပြဿနာနေ့ အထိမ်းအမှတ် ဝမ်းနည်းအောက်မေ့ဖွယ်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သည့်အတွက်ဟုဆိုကာ ပြီးခဲ့သည့်နှစ် သြဂုတ်လ ၁၅ ရက်တွင် စစ်တွေရှိ ရခိုင်အမျိုးသမီး ကွန်ရက်ရုံးမှတဆင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးပြီးနောက် သူမကို ပုဒ်မ ၅ဝ၅(ခ)ဖြင့်  စစ်တွေ အမှတ်(၁)ရဲစခန်းမှူးက တရားလိုပြုလုပ်ကာ အမှုဖွင့်ပြီး စစ်တွေထောင်အချုပ်တွင် ဖမ်းဆီးချုပ်နှောင်ထားခဲ့ကာ သြဂုတ် ၂၉ ရက်တွင် စစ်တွေမြို့နယ် တရားရုံး၌ ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့သည်။

ဒေါ်ညိုအေးကို ယနေ့ မတ်လ ၁၈ ရက်တွင် ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပြီး ချုပ်ရက်ပါ ခံစားခွင့်ရှိသည်ဟုလည်း သိရသည်။

Most read this week

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...