စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာခြင်းအပေါ် စိုးရိမ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ သဘောထားထုတ်ပြန်

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာခြင်းအပေါ် စိုးရိမ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့ သဘောထားထုတ်ပြန်

စစ်ကောင်စီက ရှမ်းပြည်နယ် မြောက်ပိုင်းက မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာခြင်းအပေါ် စိုးရိမ်ကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့၏ သဘောထားတုံ့ပြန်ချက်ကို  ၂၀၂၄ ခုနှစ်၊ မတ်လ (၆) ရက်နေ့တွင် ထုတ်ပြန်သည်။

ထုတ်ပြန်ချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေးကြေညာခြင်းအပေါ် ညီနောင်မဟာမိတ် (၃) ဖွဲ့၏ သဘောထားတုံ့ပြန်ချက်

 ၂၀၂၄ ခုနှစ်၊ မတ်လ (၆) ရက်

မိမိတို့ မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ ၁၀၂၇ စစ်ဆင်ရေးကိုဖွင့်လှစ်ပြီး အပြည့်အဝထိန်းချုပ် ထားလိုက်ပြီးဖြစ်သည့် မြို့များထဲမှ မြို့ (၃) မြို့ကို စစ်ကောင်စီမှ Martial law စစ်အုပ်ချုပ်ရေးဥပဒေ ကျင့်သုံးမည် ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မတ်လ (၄) ရက်နေ့တွင် ကြေညာလိုက်ခြင်းသည် စစ်ကောင်စီနှင့် မိမိတို့ (၃) ဖွဲ့အကြား သဘောတူထားသည့် ဟိုင်ဂင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား လက်တွေ့အကောင်အထည် ဖော်ဆောင်ရာတွင် အခက်အခဲများဖြစ်ပေါ်လာနိုင်မည်ကို အထူးစိုးရိမ်မိပါသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့နှင့် စစ်ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့သည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ဟိုင်ဂင်သဘောတူညီချက်ကို နှစ်ဖက်အပစ်အခတ်ရပ်စဲသည့်အနေဖြင့် အသိသက်သေများရှေ့မှောက်တွင် လက်မှတ်ရေးထိုးပြီး အပစ်အခတ်ရပ်စဲခဲ့ကြပါသည်။

ဟိုင်ဂင်သဘောတူညီချက်အရ မြန်မာနိုင်ငံ၏ ရှမ်းမြောက်ဒေသတွင် ပစ်ခတ်တိုက်ခတ်မှုများ ရပ်စဲသွား ရမည်။ ထိုမှတစ်ဆင့် တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်အေးချမ်းရေးနှင့် မြောက်ပိုင်းဒေသအတွင်း ပြည်သူလူထုများ စစ်ဘေးဒဏ်မှ ပြန်လည်ထူထောင် နိုင်ရေးတို့အတွက် ဆက်လက်ဆွေးနွေးညှိနှိုင်းပြီး ခိုင်မာသော အပစ်ရပ်ရေးလုပ်ငန်းစဉ်များဖော်ဆောင်နိုင်ရန် ကတိပြုခဲ့ကြပါသည်။ ဟိုင်ဂင်သဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်း၊ သုံးသပ် ဆွေးနွေးခြင်းများပြုလုပ်နိုင်ရန်အတွက် စာချုပ်တွင် လက်မှတ်ရေးထိုးထားသည့် အဖွဲ့အစည်းများသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့တွင် တရုတ်နိုင်ငံ၏ စီစဉ်ပေးချက်အရ ပုံမှန်တွေ့ဆုံပွဲများကို တစ်ခုပြီးတစ်ခုကျင်းပခဲ့ကြသည်မှာ ယခုတစ်ကြိမ်ဆိုလျှင် စတုတ္တအကြိမ်မြောက်သို့ပင် ရောက်ရှိလာခဲ့ကာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၉) ရက်မှ မတ်လ (၁) ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပပြုလုပ်ခဲ့ကြသည်။

နယ်စပ်တည်ငြိမ်ရေး၊ ငြိမ်းချမ်းရေး၊ အပစ်အခတ်ရပ်စဲမှု ခိုင်မာရေးတို့အပြင် ဟိုင်ဂင်သဘောတူညီချက် စာချုပ်တွင်ပါသော အခြားသောအချက်အလက်များကို တစ်ဆင့်ပြီးတစ်ဆင့် ညှိနှိုင်းအကောင်အထည်ဖော်နေသည့် ကာလအတွင်း မြောက်ပိုင်း ညီနောင်မဟာမိတ် (၃) ဖွဲ့တို့ အပြည့်အဝထိန်းချုပ်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ စီမံအကောင်အထည်ဖော်နေသည့် မြို့ (၃) မြို့ ဖြစ်သော မန်တုံ၊ နမ့်ဆန်၊ နမ္မတူမြို့နယ်များကို စစ်အုပ်ချုပ်ရေး ကြေညာသည့် လုပ်ရပ်သည် ဒေသတွင်း မိဘပြည်သူများအား ခြိမ်းခြောက်သည့် လုပ်ရပ်ဖြစ်ပြီး၊ ဟိုင်ဂင် သဘောတူညီချက်ကို အခက်အခဲဖြစ်စေနိုင်ကြောင်း မိမိတို့ ညီနောင်မဟာမိတ် (၃) ဖွဲ့ ၏ သဘောထားကို ထုတ်ပြန်လိုက်ပါသည်။

October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...
October 9, 2024
စစ်ကောင်စီက ရခိုင်ပြည်မြို့တော် စစ်တွေနှင့် မောင်တောမြို့၏ အစိတ်အပိုင်းအနည်းငယ်အား...