စစ်မှုထမ်းအမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ စစ်ကောင်စီ အသည်းအသန် ကြိုးပမ်းလာ

စစ်မှုထမ်းအမြန်ဆုံးဆင့်ခေါ်နိုင်ဖို့ စစ်ကောင်စီ အသည်းအသန် ကြိုးပမ်းလာ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

နိုင်ငံတဝန်းမှာ စစ်မှုထမ်းအမြန်ဆုံး ဆင့်ခေါ်နိုင်ဖို့အတွက် စစ်မှုထမ်း နည်းဥပဒေ(တတိယမူကြမ်း )နဲ့ လုပ်ထုံးလုပ်နည်း ရေးဆွဲထားပြီးဖြစ်သလို သင်တန်းကျောင်းတွေလည်း လျာထားဆောင်ရွက်ထားပြီလို့ စစ်ကောင်စီဘက်က ပြောဆိုလာပါတယ်။

နေပြည်တော်မှာ မတ် ၄ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ရဲ့ ဒုတိယအကြိမ်အစည်းဝေးမှာ ကာကွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ထည့်သွင်းပြောကြားခဲ့တာပါ။

ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေကို ဗဟို၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အပါအဝင် ခရိုင်၊မြို့နယ်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေမှာ ဖွဲ့စည်းပြီးဖြစ်တာကြောင့် စစ်မှုထမ်းသင်တန်းတွေ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားနိုင်ဖို့အတွက် သင်တန်းကျောင်းတွေ လျာထားဆောင်ရွက်ထားပြီလို့ ဆိုပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပေးထားတဲ့ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ ရေးဆွဲအတည်ပြုထားတဲ့ စစ်မှုထမ်းနည်းဥပဒေမူကြမ်းနဲ့ စံပြုလုပ်ထုံးလုပ်နည်းအတိုင်း လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်ကြဖို့လည်း ဖိအာပေးလာတာ ဖြစ်ပါတယ်။

ဝါရင့်တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်မှုထမ်းနည်းဥပဒေနဲ့ လုပ်ထုံးလုပ်နည်း အမြန်ရေးဆွဲမှုဟာ စစ်ကောင်စီအတွက် အရေကြီးနေတာကြောင့်ဖြစ်ပြီး နည်းဥပဒေမပြီးသေးဘဲ လုပ်ထုံးလုပ်နည်းရေးဆွဲမှုဟာ လုပ်ချင်ရာလျှောက်လုပ်တာလို့ ဝေဖန်ပါတယ်။

“သူတို့ အချိန်ဆွဲချင်လို့ရှိရင် နည်းဥပဒေကို ၄ နှစ် ၅ နှစ်လောက်ထားတယ်။ အဲဒီလိုအစိုးရဆိုတဲ့လူတွေက သိပ်ကောင်းတာတော့ မဟုတ်ဘူး။ မလိုတစ်မျိုးလိုတစ်မျိုး လုပ်တတ်တယ်။ သူတို့ အရေး ကြီးလာပြီဆိုရင် ခုချက်ချင်းဆွဲတယ်။ ဥပဒေ၊ နည်းဥပဒေပေါ်မှာ မူတည်ပြီးတော့မှ လုပ်ထုံးလုပ် နည်းကိုလုပ်ရတာ။ လုပ်ထုံးလုပ်နည်းကတခြား၊ နည်းဥပဒေကတခြား ဘယ်ဖြစ်မလဲ။ ဘာတွေလျှောက်လုပ်နေမှန်း မသိဘူး။ ဥပဒေနဲ့ နည်းဥပဒေတွေပြီးမှ လုပ်ထုံးလုပ်နည်းက လာရတာလေ။ ဘယ်နဲ့ ကျော်ဆွဲပြီးတော့ အဲဒါဆိုရင် ဒီနည်းဥပဒေက အရုပ်လိုပဲ၊ လုပ်ချင်သလိုလုပ်၊ ပြင်ချင်သလိုပြင် အဲဒါမျိုးဘယ်ရမလဲ။ လုပ်ထုံးလုပ်နည်းဆိုတာ နောက်ဆုံးမှ နည်းဥပဒေမှာမူတည်ပြီးတော့မှ လုပ်ထုံးလုပ်နည်းလုပ်ရတာ။ အဲဒါတွေစုံတော့မှ လက်တွေ့ အကောင်အထည်ဖော်ရတာ။ လုပ်ချင်ရာ လျှောက်လုပ်နေတာ။ ဒါကြောင့် သူတို့ကို ပြည်သူတွေကရော၊ ကမ္ဘာကရော မယုံကြည်ဘူးဆိုတာ အကြောင်းမဲ့မဟုတ်ဘူးလေ။ ဘယ်နဲ့ဥပဒေကို ဇောက်ထိုးမိုးမျှော် လျှောက်လုပ်လို့မရဘူးနော် ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်မှုထမ်းနည်းဥပဒေဟာ မူကြမ်းအဆင့်လောက်သာရှိပြီး အတည်မပြုရသေးဘဲ လုပ်ထုံး လုပ်နည်းတွေကို အကောင်အထည်ဖော်ခိုင်းတာဟာ ဥပဒေနဲ့ ညီညွတ်မှုမရှိဘူးလို့ ထောက်ပြပါတယ်။

ဝါရင့်နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကလည်း စစ်မှုထမ်းဆင့်ခေါ်ဖို့ မြန်မြန်ဆန်ဆန် လုပ်ဆောင်တာဟာ စစ်ကောင်စီမှာ အင်အားလျော့ပါးမှု ပြဿနာကို အမြန်ဖြည့်တင်းဖို့ ကြိုးပမ်းမှု ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

 “စစ်ကောင်စီက ရှမ်းမြောက်တစ်ခုလုံးလက်လွတ် ဆုံးရှုံးသွားသလောက်ရှိပြီ။ နောက်စစ်ကိုင်း တိုင်းမှာလည်း စစ်စခန်းပေါင်း ၁၀၀ ကျော်ကို သိမ်းပိုက်သွားပြီးပြီ။ နွေဦးတော်လှန်ရေးကာလအတွင်းမှာ စစ်အင်အား စစ်မျက်နှာအသီးသီးမှာ လျော့ပါးတာ အင်အား ၃ သောင်းရှိပြီးတော့ ကူး ပြောင်းတဲ့သူ၊ လက်နက်ချတဲ့သူက တစ်သောင်းခွဲလောက် ရှိနေတဲ့အခါကျတော့ စစ်တပ်မှာ လူအင် အားလျော့ပါးမှုတွေ အကြီးအကျယ်ဖြစ်နေတဲ့အတွက် နိုင်ငံသားတိုင်းစစ်မှုထမ်းဆောင်ရေး ဥပဒေကို ပြဋ္ဌာန်းပြီးတော့ စစ်တပ်ရဲ့ လိုအပ်နေတဲ့ အင်အားတွေကို ဖြည့်တင်းဖို့အတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ ပြည်သူတွေကို အကြမ်းဖက်နှိပ်ကွပ်မှုတွေ ထပ်ပြီးတော့ လုပ်နိုင်အောင် အားဖြည့်နေတဲ့သဘောလို့ ကျွန်တော်တော့ ယူဆပါတယ်”လို့ ဆိုပါတယ်။

စစ်ကောင်စီဟာ စစ်မှုထမ်းဥပဒေ အသက်သွင်းပြီး တစ်လမပြည့်ခင်မှာပဲ နည်းဥပဒေနဲ့ လုပ်ထုံး လုပ်နည်းတွေ အမြန်ဆုံးထွက်ပေါ်လာဖို့ အင်တိုက်အားတိုက် ကြိုးပမ်းနေသလို ဒေသတချို့မှာလည်း လူငယ်တွေကိုဖမ်းဆီးပြီး စစ်သားစုဆောင်းတာတွေ လုပ်ဆောင်နေတာပါ။

တဖက်မှာလည်း စစ်ကောင်စီဌာနဆိုင်ရာ ဝန်ထမ်းတွေက ပြည်သူတွေအနေနဲ့ စစ်ကောင်စီလက် အောက်မှာ စစ်မှုထမ်းဖို့အတွက်ဆိုပြီး လူစည်ကားရာ နေရာတွေနဲ့ ရပ်ကွက်အတွင်းက နေအိမ်တွေမှာ စစ်မှုထမ်းဆောင်ဖို့ ဝါဒဖြန့်စာစောင်တွေ လိုက်လံဖြန့်ဝေတာတွေ ရှိနေပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အရွယ်ရောက်ပြီး နိုင်ငံသားတိုင်း မဖြစ်မနေ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမှာ ဖြစ်သလို စစ်မှုမထမ်းဆောင်ပါက အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တယ်လို့ ပြဌာန်းထားပါတယ်။

စစ်ကောင်စီ အသက်သွင်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေကြောင့် ဒေသတွင်းက လူငယ်အများစုဟာ ထိုင်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံတွေထံ အလုံးအရင်းနဲ့ ထွက်ခွာတာတွေရှိနေသလို တချို့လူငယ်တွေက တော်လှန်ရေးတပ်ဖွဲ့တွေထဲ ဝင်ရောက်တာတွေ ရှိနေပါတယ်။

Most read this week

October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...
October 9, 2024
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူဒေသရှိ မွန်ပြည်သစ်ပါတီရဲ့ မွန်အမျိုးသားလွတ်မြောက်ရေးတပ် မတော်၊...