နယ်စပ်လူသားစာနာကိစ္စတွင် ထိုင်းလွှတ်တော်အနေဖြင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုပြန်လုပ်ရမည်

နယ်စပ်လူသားစာနာကိစ္စတွင် ထိုင်းလွှတ်တော်အနေဖြင့် အစိုးရနှင့် ဆွေးနွေးညှိနှိုင်းမှုပြန်လုပ်ရမည်
 Photo: PV
Photo: PV

ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းလွှတ်တော်အတွင်း ပြုလုပ်ပြီးစီးခဲ့သော မြန်မာ့အရေးဆွေးနွေးပွဲတွင် ထိုင်း-မြန်မာနယ်စပ်ရှိ လူသားချင်းစာနာရေးကိစ္စအတွက် စစ်ကောင်စီနှင့် လက်တွဲလုပ်ဆောင်မှုကိုဆန့် ကျင်သည့် အဆိုပြုချက်အပေါ် လွှတ်တော်အနေဖြင့် ထိုင်းအစိုးရနှင့်ပြန်လည်ညှိနှိုင်းသွားရဦးမည် ဖြစ်ကြောင်း ဆွေးနွေးပွဲတွင်ပါဝင်သူ ရှေ့ပြေးအသံ (PV)အဖွဲ့ တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

မတ်လ(၂)ရက်နှင့် (၃) ရက်နေ့ တွင် ထိုင်းနိုင်ငံဘက်က လွှတ်တော်အမတ်များ၊ အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ ပါဝင်သော လွှတ်တော်တွင်းအစည်းအဝေးတွင် မြန်မာ့နိုင်ငံဘက်မှ စစ်ကောင်စီ အပါအဝင် ဆန့်ကျင်ဘက် အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် တော်လှန်ရေးနယ်ပယ်မှ ကိုယ်စားလှယ်အချို့အား ဖိတ်ခေါ် ၍ မြန်မာ့အရေးဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် စစ်တပ်အတိုက်အခံ မြန်မာကိုယ်စားလှယ်များမှ ယခုမတ်လအတွင်း ဆောင်ရွက် သွားမည့် ထိုင်း-မြန်မာနယ်စပ်မှ လူသားချင်းစာနာမှုအကူအညီပေးရေးကိစ္စနှင့်ပတ်သက်၍ ထိုင်းနှင့် မြန်မာ့ကြက်ခြေနီအဖွဲ့တို့ လက်တွဲလုပ်ဆောင်မှုအပေါ် ကန့်ကွက်အဆိုပြုရာတွင် ထိုင်းလွှတ် တော်အနေဖြင့် လက်ခံဖွယ်ရာရှိသော်လည်း ၎င်းတို့အစိုးရနှင့်ညှိနှိုင်းမှု လုပ်ဆောင်ရဦးမည်ဟု ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ပြောသည်။

“သွေးစွန်းနေတဲ့စစ်ကောင်စီလက်နဲ့ထိန်းချုပ်ခံနေရတဲ့ မြန်မာ့ကြက်ခြေနီအဖွဲ့နဲ့ သွားလုပ်မယ်ဆိုရင် ထိုင်းကြက်ခြေနီရဲ့ နာမည်ပျက်မယ်။ စစ်အုပ်စုက လူသားစာနာအကူအညီကို လက်နက်သဖွယ် အသုံးပြုမယ့်ကိစ္စမှာလည်း အားပေးရာရောက်မယ်ဆိုတာကို ကျမတို့ဆွေးနွေးကြတော့ သူတို့အနေနဲ့ တော်တော်လေးနားလည်ကြတယ်လို့ မြင်တယ်။ ထိုင်းအစိုးရက ဒီကိစ္စကိုဆုံးဖြတ်ချက်ချထားတော့လွှတ်တော်နဲ့ကျမတို့နဲ့ရပ်တည်ချက်တူတယ်ဆိုရင်တောင် အစိုးရရဲ့သဘောထားပြောင်းအောင် လွှတ်တော်ဘက်က ဆွေးနွေးညှိနှိုင်းတာတွေလုပ်ရဦးမယ်” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။

စစ်ကောင်စီ၏ (၂၀၁၀) ပြည်သူ့စစ်မှုထမ်းဥပဒေ ထုတ်ပြန်ပြီးနောက်ပိုင်း ပြည်တွင်းမှ လူငယ်အများစုသည် တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများမှတဆင့် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့် နေ့စဥ်နီးပါး ဝင်ရောက်နေကြသလို ထိုအပေါ်တွင် ထိုင်းနိုင်ငံဘက်မှလည်း တရားမဝင်ရောက်ရှိလာသူများအား အရေးယူမှုလုပ်သွားမည်ဟု တရားဝင်ပြောဆိုထားသည်။

ထိုသို့ ထိုင်းနိုင်ငံအတွင်း ဝင်ရောက်လာသူများပြားလာခြင်းက ထိုင်းနိုင်ငံ၏လှုမှုအသိုင်းအဝိုင်းနှင့် ကျန်း မာရေးယန္တရားကိုပါ ထိခိုက်စေလာသဖြင့် ယခုလို လွှတ်တော်အတွင်းသို့ စစ်တပ်ဆန့်ကျင်သည့် ကိုယ်စားလှယ်အဖွဲ့များအား ဖိတ်ခေါ်ဆွေးနွေးရခြင်းဖြစ်သည်ဟုလည်း ဒေါ်ခင်ဥမ္မာက သုံးသပ်သည်။

၎င်းက “သူတို့နိုင်ငံထဲကိုမြန်မာပြည်ကလူတွေ အများကြီးရောက်လာတာ ပျော်လို့ထွက်ပြေးလာကြ တာမဟုတ်ဘူး။ စစ်အုပ်စုက အကြမ်းဖက်တာကိုခံရလို့ ထွက်ပြေးလာကြတာ၊ သူတို့ဘက်ကကြည့်ရင် လူ့အသိုင်းအဝိုင်းမှာ စိန်ခေါ်ချက်တွေဖြစ်နိုင်တယ်။ မြန်မာနိုင်ငံက စစ်အုပ်စုရဲ့အကြမ်းဖက်မှုပြ ဿနာဟာ သူ့ရဲ့ထိုင်းနိုင်ငံအတွင်းက လုံခြုံရေးကိုပါနှောင့်ယှက်မှု ထိပါးမှု အကျိူးသက်ရောက်မှု ဖြစ်နေပြီဆိုတာမြင်လို့ ဒါမျိုးဆွေးနွေးရတာဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံဘက်က အထက်ပါအတိုင်း နောက်ဆက်တွဲပြဿနာများသာမက ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေး ပိတ်ဆို့မှုများရှိလာမည်ကို စိုးရိမ်ချက်ရှိနေသည့်အပေါ်တွင် ထိုင်းနိုင်ငံအနေဖြင့် စစ်အုပ်စုနှင့်ချိတ်ဆက်နေခြင်းကိုရပ်တန့်၍ နယ်စပ်ဒေသတွင် နယ်မြေစိုးမိုးမှုရရှိထားသော တိုင်းရင်းသားလက်နက်ကိုင်များ၊ နိုင်ငံရေးအဖွဲ့များနှင့်သာ ချိတ်ဆက်လုပ်ဆောင်သင့်ကြောင်း အကြံပေးခဲ့ကြောင်း သိရသည်။ထို့အတူ စစ်ကောင်စီဘက်မှ ၎င်းတို့ကိုဆန့်ကျင်နေသည့် အဖွဲ့၏ကိုယ်စားလှယ်များအား ဖိတ်ခေါ်ခဲ့မှု အပေါ်တွင် နှစ်နိုင်ငံဆက်ဆံရေးကို ထိခိုက်စေသဖြင့် ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကန့်ကွက်စာပေးပို့ခဲ့သလို ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်းမရှိပါ။

Most read this week

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...