စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးကြဲခြင်းကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်အများအပြား ထိခိုက်ပျက်စီး

စစ်ကောင်စီ၏ ဒရုန်းဖြင့်ဗုံးကြဲခြင်းကြောင့် ကော့ကရိတ်မြို့ရှိ နေအိမ်အများအပြား ထိခိုက်ပျက်စီး
Photo: KNU
Photo: KNU

ကေအဲန်ယူ−ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆) နယ်မြေရှိ ကော့ကရိတ်မြို့ တွင် စစ်ကောင်စီတပ်က ဒရုန်းဖြင့်အသုံးပြု ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံပြည်သူများ၏ နေအိမ် အများအပြား ပျက်စီးသွားကြောင်း ကေအဲန်ယူဗဟိုက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ကော့ကရိတ်မြို့တွင် အခြေစိုက် တပ်စွဲနေရာယူထားသည့် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း (ခလရ-၉၇) ၊ ခလရ(၃၄၃)၊ ခလရ(၅၄၈) နှင့် ခြေမြန်တပ်ရင်း (ခမရ-၂၀၇)၊ ခမရ(၂၀၁) နှင့် ခမရ(၂၀၃) တပ်ရင်းသည် ယခင်နှစ်ကုန်ပိုင်းမှစ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် သည့်အပြင် ဒရုန်းဖြင့်လည်း နေ့စဥ် လိုက်လံဗုံးကြဲခြင်းလုပ်ဆောင်နေကြောင်း KNU ဗဟို၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ကော့ကရိတ်ဒေသခံပြည်သူတစ်ဦးက “စကစဘက်က ဒရုန်းနဲပြန်သုံးလာလာတာ တော်တော် များတယ်။ သူ့ရဲ့ဗုံးသီးတွေက ပေါက်ကွဲအားပြင်းတဲ့ဗုံးသီးတွေသုံးတယ်။ အခုက မြို့ထဲမှာဖြစ်တော့ အိမ်တွေအများကြီး ပျက်စီးတယ်။ လူတွေရှိနိုင်တဲ့နေရာတွေကို ပစ်ချတော့ မကြာမကြာ အိမ်တွေမီးထလောင်တာရှိတယ်။ ကော့ကရိတ်တို့ အနီးအနားကရွာတွေတော့ အကုန်လုံးထွက် ပြေးနေရတယ်” ဟု ကေအိုင်စီ သို့ပြောသည်။

ထို့အပြင် စစ်ကောင်စီ ထိန်းချုပ်ထားဆဲ ကော့ကရိတ်မြို့ အတွင်း ရပ်ကွက်များတွင်လည်း ဒေသခံ ပြည်သူများ၏ နေအိမ်များကို ဖောက်ထွင်း၍ တန်ဖိုးရှိ ပစ္စည်းများကို ယူဆောင်ခြင်းအပြင် ဆိုင်ခန်း များကို လည်း မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေကြောင်း အဆိုပါ ဒေသခံ က ဆက်ပြောသည်။

ယခင်က ဖြစ်ပွားခဲ့သည့် နှစ်ဖက်တိုက်ပွဲများတွင် စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး၊ လက်နက် ငယ်များကိုသာ အသုံးပြုခဲ့ရာမှ လက်ရှိတွင် တော်လှန်ရေး တပ်ဖွဲ့များနည်းတူ ဒရုန်းများကို အသုံးပြု၍ ပြန်လည် တုန့်ပြန်တိုက်ခိုက်လာခြင်းဖြစ်သည်။

ထို့အပြင် ‌နှစ်ဖက်တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသည့် စစ်ဘေးရှောင် ပြည်သူများအနေဖြင့် စားဝတ်နေရေးအတွက် ဒေသထွက် ရာသီသီးနှံများ နှင့် သဘာဝတောတောင်များကို မှီခို၍ နေ့စဉ်စား ဝတ်နေရေးကို ဖြေရှင်းနေရသလို လူသားချင်း စာနာထောက်ထားမှု အကူအညီများလည်း ဆက်လက် လိုအပ်နေဆဲဖြစ်သည်။

ထို့အတူ ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ ဖားအံ−မြဝတီလမ်း(အာရှလမ်းပိုင်း)နှင့် ကော့ကရိတ်မြို့ တွင်းရှိ စစ်ကောင်စီ၏ အထိုင်စခန်း၊ ဂိတ်စခန်းများကို ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့မှစ၍ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များစုပေါင်း၍ စစ်ဆင်ရေးဖော်ဆောင်ခဲ့ပြီး လက်ရှိတွင် ကော့ကရိတ်မြို့၏ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီးဖြစ်ကြောင်းလည်း စစ်ဆင်ရေးတွင်ပါဝင် တော်လှန်ရေးအင်အားစုများက ထုတ်ပြန်ထားသည်။

Most read this week

October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...
October 8, 2024
ကရင်ပြည်နယ် စစ်ကောင်စီထိန်းချုပ်ထားသည့် ဖားအံမြိုပေါ်က အထပ်မြင့်အဆောက် အဦး နှင့် အခိုင်...