စစ်မှုထမ်းရန် ဖိအားပေးမှုများကြောင့် ကျောက်ဖြူ ကျောက်တလုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှ လူငယ် ၁၀ ကျော် ရက္ခိုင့်တပ်တော်ထံ ခိုလှုံ

စစ်မှုထမ်းရန် ဖိအားပေးမှုများကြောင့် ကျောက်ဖြူ ကျောက်တလုံးမွတ်ဆလင်ဒုက္ခသည်စခန်းမှ လူငယ် ၁၀ ကျော် ရက္ခိုင့်တပ်တော်ထံ ခိုလှုံ
Photo by UN
Photo by UN

စစ်ကောင်စီက စစ်မှုထမ်းရန် အတင်းအကျပ်ဖိအားပေးမှုများကြောင့် ကျောက်ဖြူမြို့နယ်၊ ကျောက်တလုံး မွတ်ဆလင်ဒုက္ခသည်စခန်းမှ လူငယ်တချို့ သည် ရက္ခိုင့်တပ်တော်(AA)ထံ ဝင်ရောက် ခိုလှုံလာကြောင်း အေအေသတင်းရင်းမြစ်က ပြောသည်။

အေအေထံ ဝင်ရောက်ခိုလှုံလာသူများအနက် အမျိုးသမီးငယ် ၁ ဦးပါဝင်ပြီး စုစုပေါင်း လူငယ် ၁၀ ကျော်ဖြစ်ကြောင်း သိရသည်။

"သူတို့စခန်းက လူ ၁၅၀ မဖြစ်မနေ စစ်မှုထမ်းဖို့ စစ်ကောင်စီက ဖိအားပေးလာတာကြောင့် ထွက်ပြေး လာကြတာလို့ ပြောတယ်။ အခု လူငယ်တချို့ အေအေဆီခိုလှုံဖို့ ရောက်လာကြပါတယ်"ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ယခုစခန်းမှ ထွက်ပြေးသွားသည့် လူငယ်များ၏ မိသားစုဝင်များအားလည်း စခန်း တာဝန်ရှိသူများက စခန်းတွင် နေခွင့် မပြုတော့ဘဲ မောင်းထုတ်လိုက်ကြောင်း အမည်မဖော်လိုသူ ဒုက္ခသည်တစ်ဦးက ပြောသည်။

" ဘယ်သူမဆို စစ်မှုထမ်းရမှာကို ကြောက်ကြတယ်လေ။ မပြေးနိုင်လို့သာ ကုတ်ခံနေကြရတာ။ ကလေးရော၊ လူကြီးတွေရော တငိုငိုတရယ်ရယ်နဲ့  မစားနိုင်မသောက်နိုင်ဖြစ်နေကြပြီ။ အခု စခန်းက ထွက်ပြေးသွားတဲ့ လူငယ်က ၁၅ ယောက်၊ ၁၆ ယောက်လောက်ရှိတယ်။ သူတို့မှာ ကျန်ခဲ့တဲ့ မိသားစုတွေပေါ့။ မိန်းမနဲ့ ကလေးတွေကို အခု မောင်းချလိုက်တော့ လသားကလေးတွေနဲ့ သူတို့ ထွက်သွားကြရပြီ။ ကျနော်တို့ကိုလည်း မနက်ဖြန်လား။ နောက်တစ်နေ့လား မပြောနိုင်တော့ဘူး။ ဘာတွေလုပ်လာမလဲ မသိတော့ပါဘူး"ဟု ပြောသည်။

ဖေဖော်ဝါရီလ ၁၇ ရက်က၊ ကျောက်တလုံး ဒုက္ခသည်စခန်းအုပ်ချုပ်ရေး ကော်မတီ အဖွဲ့ဝင်များသည် စခန်းရှိ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ ဒုက္ခသည်အမျိုးသားစာရင်းကို စာရင်း ကောက်ယူသွားပြီးစစ်မှုထမ်းရမည်ဟုလည်း ပြောဆိုခဲ့ကြောင်း ဒုက္ခသည်များက ပြောသည်။

စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အထိသာ အကျုံးဝင်သော်လည်း ဒုက္ခသည် စခန်းတွင်မူ အသက် ၁၈ နှစ်မှ ၅၅ နှစ်အထိ စာရင်းကောက်ယူသွားကြောင်း သိရသည်။

ယင်းအပြင် စစ်တပ်ဘက်က စစ်မှုထမ်းရန် လူ ၁၅၀ ကို တစ်ပတ်အတွင်းပေးရန် ဖိအား ပေးထားသော်လည်း မွတ်ဆလင် ဥပုသ်ရက်ရှိသည့်အတွက် အချိန် ၃ ရက် ထပ်တိုးပေးထားသည်ဟု ဒုက္ခသည်များက ပြောသည်။

စစ်တပ်အရာရှိများက စစ်မှုထမ်းပြီးပါကာ နိုင်ငံသားဖြစ်ခွင့်ပေးမည်ဟု ပြောဆိုခဲ့ပြီး လူမပေးလျှင် အားလုံးကို ဖမ်းဆီးမည်ဟုလည်း ခြိမ်းခြောက်ထားသည့်အတွက် အလွန်စိုးရိမ် နေကြရကြောင်း ဒုက္ခသည်များက ပြောသည်။

"စစ်တပ်က ဗျူဟာမှူးလား။ ဗိုလ်ကြီးလားမသိဘူး တစ်ယောက်က ပြောပါတယ်။ မင်းတို့လဲ တိုင်းရင်းသားပဲ နိုင်ငံအတွက် တာဝန်ထမ်းဆောင်ရမယ်ပြောပါတယ်။ ဒါဆိုဘာလို့ အစကတည်းက နိုင်ငံသားမပေးတာလဲ။ သူတို့ထပ်ပြောသေးတယ်။ ရခိုင်တွေက မယုံရတဲ့အတွက် ကျနော်တို့ကို စစ်သင်တန်းပေးပြီး ယုံကြည်ရလို့ တာဝန်ထမ်းဆောင်ခိုင်းတာလို့ပြောပါတယ်။ နောက် သင်တန်းပြီးရင် နိုင်ငံသားဖြစ်ခွင့်ပေးမယ်လို့လည်းပြောတယ်။ သူတို့ ကျနော်တို့အပေါ် လိမ်လာတာ တစ်ကြိမ်၊ နှစ်ကြိမ်မကတော့ပါဘူး" ဟု နောက်ထပ် ဒုက္ခသည်တစ်ဦးက ပြောသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်၍ ကျောက်တလုံးဒုက္ခသည်စခန်းအုပ်ချုပ်ရေးမှူး ဦးမော်နီ(ခ) မောင်နီကို နိရဥ္စရာက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။

ကျောက်တစ်လုံး ဒုက္ခသည် စခန်းတွင် အိမ်ထောင်စု ၃၀၀ ကျော် လူဦးရေ ၁,၀၀၀ ကျော်ရှိပြီး အဆိုပါဒုက္ခသည်များမှာ ၂၀၁၂ ခုနှစ် ပဋိပက္ခဖြစ်စဉ်ကြောင့် ကျောက်ဖြူမြို့၊ အရာရှိရပ်ကွက်၊ ပိုက်ဆိပ်ရက်ကွက်၊ သမ္ဗာန်ချောင်း ရပ်ကွက် တိုးချဲ့ရပ်ကွက် စသည့် မြို့ပေါ် ရပ်ကွက်များမှ ပြောင်းရွှေ့ လာခဲ့ရသူများဖြစ်ကြသည်ဟု သိရသည်။

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...