ကျိုက်မရော အကျဥ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဥ်းသားများ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

ကျိုက်မရော အကျဥ်းထောင်အတွင်း အစာငတ်ခံဆန္ဒပြသည့် နိုင်ငံရေးအကျဥ်းသားများ ကျန်းမာရေးအခြေအနေ စိုးရိမ်ရ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အကျဥ်းထောင်အတွင်း ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက် ပိုင်းမှစ၍ ယနေ့ထက်ထိ အစာငတ်ခံဆန္ဒပြနေသော နိုင်ငံရေးအကျဥ်းသား(၄၇)ဦး ကျန်းမာရေး အခြေအနေ စိုးရိမ်ရကြောင်း ထောင်တွင်းနီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ (၂၈)ရက်နေ့တွင် စစ်တပ်နှင့် အကျဥ်းထောင်ဝန်ထမ်းများမှ အကျဥ်းသားများ  လက်ကိုင်ဖုန်း အသုံးပြုသည်ဟူသော အကြောင်းပြချက်ဖြင့် နိုင်ငံရေးအကျဥ်းသားအများစု၏ အဆောင် (၂)၊ အဆောင်(၃)နှင့် အမျိုးသမီးအဆောင်အား ဖြန့်ကျက်ရှာဖွေ၍ စစ်ဆေးမေးမြန်း မှုများပြု လုပ်ခဲ့ပြီးနောက် ဖေဖော်ဝါရီလ (၄) ရက်နေ့ညနေတွင် နိုင်ငံရေးအကျဥ်းသားနှစ်ဦးအား စွပ်စွဲခေါ်ဆောင်ကာ တိုက်ပိတ်ထားလိုက်ခြင်းဖြစ်သည်။

တိုက်ပိတ်ခံထားရသော ထိုနိုင်ငံရေးအကျဥ်းသား(၂)ဦးအား အခြားအဆောင်တွင်းပြန်လည် ထားပေးရန် စသည့် အချက်(၃)ချက်အား ကျန်ရှိ နိုင်ငံရေးအကျဥ်းသား (၄၇)ဦးက ထောင်အာဏာပိုင်များထံ တောင်းဆိုသည့်အနေဖြင့် အစာငတ်ခံဆန္ဒပြခဲ့ကြပြီး (၃) ရက်မြောက်နေ့တွင်မူ ၎င်းတို့၏ ကျန်းမာ‌ရေး အခြေအနေ စိုးရိမ်လာရကြောင်း နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPN ကပြောသည်။

PPN ၏ ဦးဆောင်ကော်မတီဝင်တစ်ဦးက “(၄၇)ယောက်လုံးရဲ့ ကျန်းမာရေးအခြေအနေကတော့ စိုးရိမ် ရတယ်။ ယုံကြည်ချက်တစ်ခုနဲ့သာ တိုက်ပွဲဝင်နေတာ ခံနိုင်ရည်အားတွေ လျော့နေပြီ ထောင် အာဏာပိုင် တွေကတော့ တောင်းဆိုချက်ကိုလိုက်လျောပေးမယ့် အခြေအနေမတွေ့ရဘူး။ ကျနော်တို့ ပြည်သူတွေ အားကောင်းကောင်းနဲ့ဝန်းရံပေးမှသာ အရွေ့တစ်ခုရောက်မယ်ထင်တယ်” ၎င်းက ကေအိုင်စီသို့ ပြောသည်။

အသက်(၂၅)နှစ်ဝန်းကျင်ရှိ အဆိုပါ တိုက်ပိတ်ခံ နိုင်ငံရေးအကျဥ်းသား(၂)ဦးသည် ထောင်ဒဏ် (၁၅)နှစ်နှင့် ထောင်ဒဏ် (၅)နှစ် ချမှတ်ခံထားရသောသူများဖြစ်ကြောင်းလည်း ထောင်တွင်းသတင်းအရင်းအမြစ်များအရ သိရသည်။

တိုက်ပိတ်ခံနိုင်ငံရေးအကျဥ်းသားများသည် ကျန်းမာရေးအခြေအနေကောင်းမွန်မှုမရှိသောကြောင့် ယခုအခြေအနေကို လက်သင့်မခံနိုင်သလို ထောင်အာဏာပိုင်များနှင့်လူကိုယ်တိုင်သွားရောက် ညှိနှိုင်း ရာတွင်လည်း လိုက်လျောလာမည့်အရိပ်အယောင်မရှိသဖြင့် ၎င်းတို့အနေဖြင့် ထိုသို့ အစာငတ်ခံဆန္ဒပြနေကြခြင်းဖြစ်ကြောင်းလည်း အကျဥ်းသားများနှင့်နီးစပ်သူက ပြောသည်။

ထောင်တွင်းနီးစပ်သူတစ်ဦးက “ကျနော်တို့စိုးရိမ်တာက အဲဒီစစ်ဆေးခံရတဲ့နှစ်ယောက်က ကျန်းမာရေး လည်းမကောင်းဘူး။ ဒါကြောင့် တိုက်ထဲမှာထားတာကိုလက်မခံနိုင်ဘူး။ သူတို့ခေါ်စစ်တာကိုတော့ ကျနော်တို့အနှောင့်အယှက်မပေးဘူး။ ဒါပေမဲ့ ကျနော်တို့လူနှစ်ယောက်ကိုတော့ အခြားအိပ်ဆောင်မှာ ပြန်ထားပေးဖို့၊ စစ်ဆေးတဲ့ကာလပြီးရင် အဆောင်ကိုပြန်ပို့ပေးဖို့နဲ့ တန်းဖွင့်ချိန်နဲ့တန်းပိတ်ချိန်ကအပ ခေါ်ယူစစ်ဆေးမှုမလုပ်ဖို့ အဓိကတောင်းဆိုတာပါ” ဟု ဆိုသည်။

အကျဥ်းသားများအား ခေါ်ယူထိန်းသိမ်းခြင်း၊ စစ်ဆေးမေးမြန်းခြင်း၊ အပြစ်ပေးအရေးယူခြင်း ကာလ များတွင် အကျဥ်းထောင်ဝန်ထမ်းများအနေဖြင့် တရားလက်လွန်ဆောင်ရွက်ခြင်းမပြုရန်၊ လူ့အခွင့်အ ရေးနှင့်အညီဆောင်ရွက်ရန်နှင့် ကျန်းမာရေးဆိုင်ရာအထောက်အပံ့များ လွယ်လွယ်ကူကူရရှိရန်အတွက် အကျဥ်းသားများ၏တောင်းဆိုချက်အား ထပ်တူထောက်ခံရပ်တည်ကြောင်း PPN ကလည်း ယနေ့ ထုတ်ပြန်ထားသည်။

ထို့အတူ တော်လှန်ရေးအင်အားစုများ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများနှင့် အခြား အရပ်ဖက် အဖွဲ့များအနေဖြင့်လည်း တောင်းဆိုချက် (၃)ရပ် ရရှိနိုင်ရန် နိုင်ငံရေးအကျဥ်းသားများနှင့်အတူ ရပ်တည် ပေးရန် PPN တိုက်တွန်းထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း နိုင်ငံရှိအကျဥ်းထောင်အသီးသီးမှ နိုင်ငံရေးအကျဥ်းသား၊ အကျဥ်းသူ စုစုပေါင်း (၅)ဦး ဆေးဝါးကုသမှုလုံလောက်စွာမရှိသဖြင့် သေဆုံးခဲ့ရကြောင်း PPN ၏ မှတ်တမ်းများအရ သိရသည်။

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...