ဗုံးကြဲခံရပြီးနောက် ဒီးမော့ဆိုမှာ စာသင်ကျောင်းအားလုံး ပိတ်ထားရ

ဗုံးကြဲခံရပြီးနောက် ဒီးမော့ဆိုမှာ စာသင်ကျောင်းအားလုံး ပိတ်ထားရ
ဓာတ်ပုံ-CJ
ဓာတ်ပုံ-CJ

ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်မှာ စာသင်းကျောင်း လေယာဉ်နဲ့ဗုံးကြဲခံရပြီးနောက် စစ်ရှောင်ကလေးငယ်တွေအတွက် ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းအားလုံး လုံခြုံရေးအခြေအနေကြောင့် ပိတ်ထားရတယ်လို့ မြေပြင်အဖွဲ့အစည်းတွေထံက သိရပါတယ်။

ဒီးမော့ဆိုမြို့နယ်အနောက်ဘက်ခြမ်း ဒေါဆီအီကျေးရွာမှာရှိတဲ့ မူလတန်းကျောင်းနဲ့ အလယ်တန်းကျောင်းကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုပြီးတဲ့နောက် ကျောင်း ၁၀၀ ကျော်ကို အရေးပေါ် ပိတ်လိုက်ရတာပါ။

စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၀၀ ကျော် ပညာသင်ယူနေတဲ့ ဒေါဆီအီစာသင်ကျောင်းအပေါ် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် ကလေးငယ် ၄ ဦးသေဆုံးခဲ့ရပြီး ၁၀ ဦးထက်မနည်း ပြင်းထန်ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။

ကရင်နီလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့ KHAI ပြောရေးဆိုခွင့်ရှိသူတစ်ဦးက လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်ကြောင့် ကျောင်းအားလုံး ရက်အကန့်အသတ်မရှိ ပိတ်ထားရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

"လောလောဆယ်တော့ လုံခြုံရေးအရ စာသင်ကျောင်းတွေမှန်သမျှ ပိတ်ထားတာပေါ့နော်။ အရင်တုန်းကတည်းက စာသင်ကျောင်းတွေပိတ်တယ်။ ပိတ်တယ်ဆိုတာက အချိန်ပိုင်းပဲတက်ကြတာပေါ့နော်။ မနက်ပိုင်းတစ်ဖြတ်၊ ညနေပိုင်းတစ်ဖြတ် တက်ကြတာပေါ့နော်။ ဒါပေမယ့်အခုဖြစ်စဉ်ထဖြစ်တော့ အကုန်လုံးပိတ်လိုက်ပြီ။ လုံခြုံရေးအရပေါ့နော်။ ပြီးမှပဲ ပြန်လည်ဖွင့်လှစ်ဖို့ရှိမယ်"လို့ ဆိုပါတယ်။

ဒီးမော့ဆိုမြို့နယ်က ကိုယ်ထူကိုယ်ထစာသင်ကျောင်းတွေဟာ လာမယ့်ရက်ပိုင်းတွေအတွင်း အ တန်းတင်စာမေးပွဲကျင်းပဖို့ စီစဉ်ထားတာဖြစ်ပြီး အခုလိုစာသင်ကျောင်းတွေ ပိတ်လိုက်ရတဲ့အ တွက် ကလေးငယ်တွေရဲ့ ပညာရေးထိခိုက်နစ်နာစေတယ်လို့ သူကဆက်ပြောပါတယ်။

စစ်ကောင်စီဟာ ကလေးငယ်တွေစာသင်နေတဲ့ကျောင်းကို ဒရုန်းနဲ့ထောက်လှမ်းပြီးမှ ရည်ရွယ်ချက်ရှိရှိ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့လုပ်ရပ်ဟာ နိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တာဖြစ်ပြီး အဲဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန်ရှုတ်ချတယ်လို့ NUG နဲ့ KSCC က ထုတ်ပြန်ထားပါတယ်။

ပညာရေးကဏ္ဍစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ (ECW) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက က လေးငယ် ၁၇ သန်းဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခအကျိုးဆက်တွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကောင်စီလက်ထက် ကမ္ဘာတဝန်းမှာရှိတဲ့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ထိပ်ဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံပါဝင်လာတယ်လို့ နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့( GCPEA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...
October 9, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးပူး...