သင်္ဃန်းညီနောင် ရွာသစ်လမ်းပိုင်းအား KNLA မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထား

သင်္ဃန်းညီနောင် ရွာသစ်လမ်းပိုင်းအား KNLA မဟာမိတ်ပူးပေါင်းတပ်များ ထိန်းချုပ်ထား

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင် ရွာသစ်လမ်းပိုင်းအား ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်- KNLA မဟာမိတ်ပူးတပ်များ စိုးမိုးထိန်းချုပ်ထားလိုက်ပြီဟု စစ်ရေးမြေပြင် သတင်းအရင်းအမြစ်များက ပြောသည်။

ဖေဖော်ဝါရီလ ၂ ရက် ယမန်နေ့ ညနေပိုင်းက သင်္ဃန်းညီနောင်၊ ရွာသစ်ကုန်း၊ ကုန်သွယ်ရေးဇုန် နေရာများရှိ စစ်တပ် အခြေစိုက်ကင်းစခန်းများနှင့် KNLA မဟာမိတ်ပူးပေါင်းတပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ဖေဖော်ဝါရီ ၃ ရက် နံနက်ပိုင်းတွင် ရွာသစ် /သင်္ဃန်းညီနောင် အာရှလမ်းပိုင်အား KNLA မဟာမိတ် PDF ပူးပေါင်းတပ်များ ထိန်းချုပ်ထားကြောင်း စစ်ရေးနယ်မြေသတင်းအရင်းအမြစ်က ယခုလို ပြောသည်။

“အခုက သင်္ဃန်းညီနောင် ဗျူဟာဘက်နဲ့ ရွာသစ်ဘက်ကို ထိန်းချုပ်ထားနိုင်တယ်။ မြဝတီ/ ညီနောင် ကားဖြတ်သန်းဖို့တော့ မရသေးဘူး၊ ဇုန်ကုန်ကာတွေ ကားခိုးပတ်လမ်းကနေ ဝှေးရှမ်းရွာဘက်ကို ပတ် သွားနေရတယ်။ တချို့လည်း ဖထီးခြံပတ်လမ်းဘက်နေပတ်သွားနေကြတယ်။ အာရှလမ်းက ပစ်ခံထိမှာ လက်နက်ကြီးကျလာမှာ ကြောက်ကြလို့ ရွာသားက လွဲပြီး သိပ်မသွားလာကြဘူး။”ဟု စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ကေအိုင်စီသို့ ပြောသည်။

ထိုသို့ နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုအတွင်း ရွာသစ်ကျေးရွာနှင့် သင်္ဃန်းညီနောင်ကျေးရွာ ရပ်ကွက်များ အတွင်း စစ်တပ်လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် အရပ်သားကလေးသူငယ်များ ထိခိုက်သေဆုံး မှုရှိခဲ့ကြောင်း သင်္ဃန်းညီနောင်သီတာရပ်ကွက် နေထိုင်သူတစ်ဦးက ပြောသည်။

၎င်းက  “၃၅၅ နဲ့ ၂၇၅ တပ်တွေက လက်နက်ကြီး ရွာတွေ၊ ရပ်ကွက်တွေထဲ ပစ်ထည့်တယ်။ အရပ်သားတွေ ထိတယ်။ သင်္ဃန်းညီနောင်ရပ်ကွက်ထဲ လက်နက်ကြီးပစ်ထည့်တာ ရပ်ကွက်ထဲ က ကလေးတစ်ယောက်ထိတယ်။ သေတယ်။ နောက်ထပ် ၅ ယောက်လောက်လည်း အစမှန်ပြီး ဒဏ်ရာ တွေရကုန်တယ်။ ၁၂၀ မမ အမြှောက်တွေ စိန်ပြောင်း ၆၀ မမတွေနဲ့ ပစ်ထည့်တာ ၊ PDF တွေ မထိဘဲ ရပ်ကွက်ထဲက လူတွေ အိမ်တွေထိကုန်တာ။ အခု မနက်တော့ တိုက်ပွဲငြိမ်နေတယ်။ အပြင် ထွက်မရဲသေးဘူး”ဟု ပြောသည်။

လက်ရှိ KNLA မဟာမိတ်ပူးပေါင်း PDF တပ်ဖွဲ့များ သင်္ဃန်းညီနောင်/ရွာသစ်ကုန်း အာရှလမ်းသစ် လမ်းပိုင်းကို ထိန်းချုပ်ထားသောကြောင့် ကုန်ကား ၊ အိမ်စီးကား၊ ခရီးသည် တင်ကား များအနေဖြင့် မြဝတီ ရပ်ကွက် ၆၊ ရပ်ကွက် ၇ အိမ်ရာစီမံကိန်းလမ်းသစ်မှ ဝှေးရှမ်းရွာဘက်သို့ ရှောင်ကွင်းသွားလာ၍ ရနေသေးကြောင်း ဒေသခံများက ပြောသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...