မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း သုံးနှစ်တာကာလအတွင်း ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်း အရပ်သားပြည်သူ စုစုပေါင်း (၄၅၇)ဦး သေဆုံးခဲ့ရကြောင်း တိုးတက် သော ကရင်နီပြည်သူ့အင်အားစု (PKPF)က ဖေဖော်ဝါရီလ (၁)ရက် ယမန်နေ့တွင် ထုတ်ပြန်ထားသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုးဗြဲမြို့နယ်၊ ဖယ်ခုံမြို့နယ်နှင့် ကရင်နီ(ကယား)ပြည်နယ်အတွင်းရှိ ဒေသများတွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှု၊ လေကြောင်းတိုက်ခိုက်မှုများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ၏ ဖမ်းဆီးသတ်ဖြတ်ခံရမှုများကြောင့် ယခုလို အရပ်သား သေဆုံးမှုများဖြစ်ပေါ်ခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ၎င်းသတ်ဖြတ်ခံရသည့် အရပ်သား (၄၅၇) ဦးအနက် (၁၄၉)ဦးမှာ စစ်ဘေးရှောင်နေစဉ် အချိန် အတွင်း လက်နက်ကြီး၊ လေကြောင်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးသတ်ဖြတ်ခြင်းကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ကြောင်းလည်း (PKPF)က ထုတ်ပြန် ပြောဆိုထားသည်။
အာဏာသိမ်းကာလ ၃ နှစ်တာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ကရင်နီ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များအကြား တိုက်ပွဲပေါင်း(၉၆၀)ကြိမ်ဖြစ်ပွားခဲ့ပြီး ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်မှ (၄၇၇) ဦး ကျဆုံးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
စစ်တပ်အာဏာသိမ်းထားသည့် သုံးနှစ်တာကာလအတွင်း ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်နှစ်စင်းနှင့် စစ်ကောင်စီတပ်မှ အသုံးပြုသည့် ကား (၆၈)စီး ပျက်စီးခဲ့ကြောင်းလည်း PKPF က ဆိုသည်။
ထို့အတူ စစ်ကောင်စီ လေကြောင်းမှ (၁,၂၀၃) ကြိမ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ဘာသာရေးအဆောက်အအုံ (၄၈)လုံး၊ ဆေးရုံဆေးခန်း (၁၄)လုံး၊ စာသင်ကျောင်း (၂၂) ကျောင်းနှင့် လူနေအိမ် (၂,၃၇၅)လုံး ပျက်စီးခဲ့ကြောင်းလည်း PKPF ၏ ပြုစုထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။
အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်နှင့် ထိစပ်နယ်မြေ ရှမ်းပြည်တောင်ပိုင်း ဒေသရှိ အကျဉ်းထောင်များတွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသူ အရပ်သား (၁၅၂)ဦးထိရှိပြီး ၎င်းတို့ အထဲမှ သေဒဏ်ကျခံ ထားရသူ (၃)ဦးနှင့် ထောင်ဒဏ်တစ်သက်ကျခံထားရသူ (၇)ဦးအထိရှိကြောင်း PKPF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(Progressive Karenni People Force-PKPF)သည် ရှမ်းပြည်နယ်တောင်ပိုင်း နှင့် ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီ၏ စစ်ရေး၊ နိုင်ငံရေး နှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများကို စောင့်ကြည့်မှတ်တမ်းတင်ထုတ်ပြန်နေသည့် အဖွဲ့တစ်ခုဖြစ်သည်။