တော်လှန်ရေးသက်တမ်း နှစ်ဆယ့်ငါးနှစ် နှင့်အထက် လူပုဂ္ဂိုလ် (၅၀၀) ကျော်အား KNU ဂုဏ်ပြု

တော်လှန်ရေးသက်တမ်း နှစ်ဆယ့်ငါးနှစ် နှင့်အထက် လူပုဂ္ဂိုလ် (၅၀၀) ကျော်အား KNU ဂုဏ်ပြု

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရှိ တော်လှန်ရေးသက်တမ်းအနည်းဆုံး နှစ်ဆယ့်ငါးနှစ်နှင့်အထက်ရှိ လူပုဂ္ဂိုလ်(၅၀၅)ဦးနှင့် KNU ပြင်ပမှ လူမှုအကျိုး သယ်ပိုးဆောင်ရွက်နေသူ (၄)ဦးအား ယမန်နေ့ ဇန်နဝါရီလ(၃၁) ရက်နေ့တွင် ကျရောက်သော ကရင့်အမျိုးသားတော်လှန်ရေး (၇၅)နှစ်မြောက်သည့်နေ့တွင် KNU က ဂုဏ်ပြုချီးမြှင့်ခဲ့သည်။

တော်လှန်ရေးဆောင်ရွက်လာသည့် သက်တမ်း နှစ်ဆယ့်ငါးနှစ်ရှိသူ (၂၉၃)ဦး၊ အနှစ်လေးဆယ်ရှိ (၁၇၅) ဦး၊ အနှစ် ငါးဆယ်ရှိ (၃၃) ဦးအပါအဝင် တော်လှန်ရေးစတင်သည့်အချိန်မှ လက်ရှိ(၇၅)နှစ်မြောက် စိန်ရတုအထိ တော်လှန်ရေးတာဝန်ထမ်းဆောင်လျက်ရှိသူ (၄) ဦး၊ စုစုပေါင်း (၅၀၅)ဦး နှင့် အဖွဲ့အစည်းပြင်ပမှ လူမှု အကျိုးဆောင်ရွက်နေသူ ဒေါက်တာစင်သီယာမောင်၊ ဒေါက်တာ Francois Nosten၊ ဆရာမ နော်ဟှာနေမူး (ခ) ချောချောဒါးနှင့် ဆရာမ နော်ဖောရေတို့ (၄)ဦးအား ဂုဏ်ပြုချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ကရင့်တော်လှန်ရေးသက်တမ်း (၇၅)နှစ်ပြည့်မြောက်သည့်နေ့တွင် စည်းဝိုင်းအပြင်ဘက်ချော်မထွက်သွားဘဲ အနည်းဆုံး နှစ်ပေါင်း (၂၅) နှစ်ကျော်ကြာ တော်လှန်လာသော ရဲဘော်၊ ခေါင်းဆောင်များအား ဂုဏ်ပြုချီး မြှင့်ခြင်း ဖြစ်ပြီး လက်ရှိ နိုင်ငံရေးအခြေအနေအရ မခမ်းနားသော်လည်း သွေးသစ္စာကြီးမားကြောင်း KNU ၏ ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ်ကြီး ပဒိုစောသမိန်ထွန်းက ဆုရရှိသူများအား ဂုဏ်ပြုစကားဆိုရာတွင် ယခုလိုပြောသည်။

 “ကရင့်တော်လှန်ရေးမှာ အာဇာနည်ထောင်သောင်းနဲ့အတူ ပြည်သူတွေ အိုးအိမ်ပျက်စီးပြီး အသက် ပေးသွားရတာတွေ များပါပြီ။ ဒါကြောင့်မို့လို့ အခု(၇၅)နှစ်ပြည့်မြောက်တဲ့နေ့မှာ စည်းဝိုင်းအပြင်မထွက်ဘဲနဲ့ တော်လှန်ရေးလုပ်လာတဲ့ရဲဘော်တွေကို ဂုဏ်ပြုချီးမြှင့်ဖို့ဖြစ်ပါတယ်။ အရင်အနှစ်(၇၀)တုန်းကတော့ ဂုဏ်ပြုလက်မှတ်လည်းပေးသလို တံဆိပ်လည်းပေးပါတယ်။ ဒီနေ့ တော်လှန်ရေးခရီးက အောင်ပွဲ ခံဖို့ချီတက်နေတဲ့ကာလမျိုးဖြစ်တဲ့အတွက် နိုင်ငံရေး၊ စစ်ရေးက ရှုပ်ထွေးသိမ်မွေ့တဲ့ကာလမှာဆိုတော့ ခမ်းနားမှုမရှိပေမယ့် သွေးသစ္စာကြီးမားပါတယ်။” ဟု ပဒိုစောသမိန်ထွန်းက အခမ်းအနားတွင် ပြောသည်။

ဂုဏ်ပြုဆုတံဆိပ်ရရှိသူ ပုဂ္ဂိုလ်များအား အခမ်းအနားတွင် အသိအမှတ်ပြုရန် ရည်ရွယ်၍ ဂုဏ်ပြု လက်မှတ် ပေးအပ်သွားမည်ဖြစ်ပြီး ဆုတံဆိပ်များပေးအပ်ရန်အတွက် နောင်ကာလတွင် အချိန်ယူစီစဥ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း KNU ၏ ဝါရင့်တော်လှန်ရေးပုဂ္ဂိုလ်က ပြောသည်။

ထို့အတူ မြန်မာပြည်အုပ်ချုပ်သူအဆက်ဆက်က ကရင်လူမျိုးတို့အား အဖက်ဖက်မှရှုံးနိမ့်စေရန် ဖိနှိပ်ခဲ့သော်လည်း တော်လှန်ရေးအစပြုခဲ့သည့် ခေါင်းဆောင်နှင့် လူထုများကြောင့် လက်ရှိအချိန်ထိ တော်လှန်ရေး အားကောင်းနေသလို ယခင်အစပြုခဲ့သည့်အတိုင်း ပြိုကွဲနေသော ကရင်အစုအဖွဲ့များ ပြန်လည်ပေါင်းစည်းပါက တော်လှန်ရေးအောင်ပွဲခံနိုင်မည်ဖြစ်ကြောင်းလည်း KNU ၏ ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ပဒိုနော်ဒါးဒါးက တိုက်တွန်းထားသည်။

“ကျမတို့ကို အဖွဲ့တွေကွဲအောင် စနစ်တကျဖြိုခွင်းခံရပေမယ့် စုစည်းမှုတွေမြဲခဲ့လို့ အခုထက်ထိ တည်မြဲနေရ တာဖြစ်တယ်။ ပေးဆပ်ခဲ့ကြတဲ့ တော်လှန်တဲ့လူထုရဲ့မျက်နှာကိုထောက်ပြီးတော့ ကွဲနေကြတဲ့ ကျမတို့ကရင်တွေ တစ်စုတစ်စည်းတည်းဖြစ်ပြီး ဟိုအရင်တော်လှန်ရေးစခဲ့တဲ့အတိုင်း တော်လှန်မယ်ဆိုရင် အောင်ပွဲခံနိုင်မယ်။ ကရင့် အမျိုးသားအလံတော်ကြီးအောက်မှာ အားလုံးစုစည်းပြီးတော့ တော်လှန်ရေးအောင်ပွဲခံနိုင်တဲ့အထိ လက်တွဲတိုက်ပွဲဝင်ကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။” ဟု ၎င်းက ဆိုသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်နေရာတွင် ပြုလုပ်ကျင်းပခဲ့သော အဆိုပါအခမ်းအနားတွင် ဂုဏ်ပြု ဆုတံ ဆိပ်ရရှိသူများ၏ အမည်စာရင်းအား အသိပေးကြေညာပြီးနောက် (၇၅)နှစ်ပြည့် ဂုဏ်ပြုဆုတံဆိပ်ရရှိသူ KNU ၏ ဥက္ကဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးကလည်း ဂုဏ်ပြုစကားပြောကြားခဲ့သည်။

အခမ်းအနားသို့ ကေအဲန်ယူ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ဗဟိုခေါင်းဆောင်အချို့၊ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ၊ ကရင်အမျိုးသားကာကွယ် ရေးတပ်ဖွဲ့-KNDO စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရှီးလေ၊ တပ်ဖက်ဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်များနှင့် မဟာမိတ်ခေါင်းဆောင်များ၊ ခရိုင်၊ မြို့နယ်အသီးသီးမှ ခေါင်းဆောင်များအပြင် ကျောင်းသူကျောင်းသား၊ ဒေသခံ အရပ်သားပြည်သူများစုစုပေါင်း တစ်ထောင်ကျော် ပါဝင်တက်ရောက်ခဲ့ကြသည်။

Most read this week

October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...
October 8, 2024
ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တွင် စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူမှုတွင် အိမ်တွင် အဓိက...