နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားအလောင်း ၅၀ခန့်ကျန်ရစ်ပြီး လက်နက်သိမ်းဆည်းရမိကြောင်း PNLA ထုတ်ပြန်

နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သားအလောင်း ၅၀ခန့်ကျန်ရစ်ပြီး လက်နက်သိမ်းဆည်းရမိကြောင်း PNLA ထုတ်ပြန်

ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်ရဲ့မြောက်ဘက်တစ်နေရာမှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်(PNLA) ပူးပေါင်းတပ် နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် နယ်မြေရှင်းလင်းရာ စစ်ကောင်စီတပ်သား အလောင်း ၅၀ ကျန်ရစ်ပြီး လက်နက် ၅၀ ခန့် သိမ်းဆည်းရမိတယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ဒီကနေ့ ဇန်နဝါရီလ ၃၁ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ယမန်နေ့ ဇန်နဝါရီလ ၃၀ ရက်နေ့က PNLA မှ လုံခြုံရေးဆိုင်ရာ ကိစ္စဆောင်ရွက်နေစဉ် တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၃၀ ရက်နေ့မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဆီဆိုင်မြို့နယ်က ပအိုဝ်းလူမျိုးတွေ အထွဋ်အမြတ်ထားရတဲ့ လွယ်ထွဲကျေးရွာက ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးခဲ့ရတယ်လို့ PNLA က ပြောပါတယ်။

ဆီဆိုင်မြို့နယ်အတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်မှုပြုလုပ်တာကြောင့် ဘာသာရေးအဆောက်အအုံ၊ နေအိမ်အများအပြားလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

တောင်ကြီးမြို့နယ် ကျောက်တလုံးဒေသနဲ့ဟိုပုံးမြို့နယ်တွေမှာ PNLA အမည်ကို အလွဲသုံးစားပြုလုပ်ပြီး စစ်ကောင်စီအတွက် တပ်ဖွဲ့ဝင်အသစ်တွေကို လိမ်လည်စုဆောင်းမှုရှိတဲ့အပေါ်  PNLA အနေနဲ့  အဆိုပါ ဒေသတွေမှာ တပ်ဖွဲ့ဝင်အသစ်တွေ  စုဆောင်းခြင်းမရှိဘူးလို့ ထုတ်ပြန်ချက်မှာ ပြောဆိုထားပါတယ်။

တိုက်ပွဲဖြစ်တဲ့ကာလအတွင်း ဖေ့ဘွတ်လူမှုကွန်ယက်စာမျက်နှာမှာ ဝါဒဖြန့်ပေ့ချ်၊ သတင်းတု၊ သတင်းအမှား ဖြန့်ဝေမှုရှိတာကြောင့် ထင်ယောင်ထင်မှားဖြစ်စေတဲ့ သတင်း၊ အတုအယောင်တွေကို သတိပြုကြဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ  ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA ) က အသိပေးထားတာရှိပါတယ်။

လတ်တလောမှာလည်း စစ်ကောင်စီနဲ့ ပြည်သူ့စစ်(PNO) ပူးပေါင်းတပ်ဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု လုပ်ဆောင်နေတာကြောင့်  ပြည်သူတွေအနေနဲ့ နေရပ်ပြန် ပစ္စည်းသယ်ယူခြင်း မလုပ်ကြသေးဘဲ ဘေးကင်းလုံခြုံတဲ့နေရာမှာ ခိုလှုံပေးကြဖို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က မေတ္တာရပ်ခံထားပါတယ်။

October 11, 2024
ရာဂီမုန်တိုင်းအရှိန်ကြောင့် ရေဘေးသင့်ခဲ့တဲ့ ရှမ်း-ကရင်နီ နယ်စပ်ဒေသနဲ့ ကရင်နီပြည်တွင်းမှာ...
October 10, 2024
ကရင်နီ နဲ့ ရှမ်း-ကရင်နီနယ်စပ် ဒေသတွေမှာ ရာဂီမုန်တိုင်းဖြတ်သန်းမှုရဲ့ အကျိုးဆက်ကြောင့်...
October 3, 2024
စက်တင်ဘာလ ဒုတိယပတ်ကစပြီး ရေဘေးသင့်မှု ကြုံတွေ့နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ နောက်ဆက်တွဲအနေနဲ့...