ကျောက်တော် (၃၇၄) တပ်ရင်း ရက္ခိုင့်တပ်တော် အပြီးသိမ်းပိုက်

ကျောက်တော် (၃၇၄) တပ်ရင်း ရက္ခိုင့်တပ်တော် အပြီးသိမ်းပိုက်

ရခိုင်ပြည်၊ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် သိမ်းပိုက်လိုက်ပြီဟု ရက္ခိုင့်တပ်တော်မှ သတင်းထုတ်ပြန်သည်။

ထုတ်ပြန်ချက်အထဲတွင် “မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ (၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်” ဟု ဖော်ပြသည်။

သတင်းဓါတ်ပုံမှာ ရက္ခိုင့်တပ်တော်မှ အပြီးသတ်သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသော မင်းပြားမြို့အခြေစိုက် စကခ (၉) လက်အောက်ခံ ခမရ (၃၇၉) တပ်ရင်းထံမှ လောလောလတ်လတ် မိမိတို့ သိမ်းဆည်းရရှိထားသော လက်နက်ခဲယမ်းမီးကျောက်များနှင့် စစ်အသုံးအဆောင်ပစ္စည်းအချို့ဟု ဖော်ပြထားသည်။

ယခုလက်နက်များသိမ်းဆည်းရမိသည့် မင်းပြားအခြေစိုက် ခမရ (၃၇၉) သည် ရက္ခိုင့်တပ်တော်မှ သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော တပ်ရင်းဖြစ်ပြီး တစ်ဝက်တစ်ပျက်သာကျန်ရှိတော့သည်ဟု သိရသည်။

ရက္ခိုင့်တပ်တော်မှ ယနေ့ တိုက်ပွဲသတင်း ထုတ်ပြန်ချက် သတင်းအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ရက္ခိုင်ဒေသအတွင်း ကျောက်တော်၊ မြောက်ဦး၊ မင်းပြား အစရှိသော မြို့ကြီးများအတွင်း၌ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ နှင့် ရက္ခိုင့်တပ်တော်တို့သည် နေ့စဉ်ရက်ဆက် တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။ ဘူးသီးတောင်မြို့၊ မောင်တောမြို့ နှင့် ရမ်းဗြဲမြို့ များ၌မူ အချိုနေ့ရက်များတွင် တိုက်ပွဲငယ် အချို့ဖြစ်ပွားခဲ့သည်မှလွဲ၍ လွန်ခဲ့သောရက်များ၌ တိုက်ပွဲကြီးများ ဖြစ်ပွားခဲ့ခြင်းမရှိခဲ့ပါ။

အထူးသဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်မြို့ရှိ စစ်ကောင်စီ၏ အခြေစိုက်တပ်ရင်းများကို ရက္ခိုင့်တပ်တော်မှ တစ်ရင်းမကျန် အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေးအတွက် မိမိတို့မှ ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကြောင့် တိုက်ပွဲများ ယခုကဲ့သို့ ပြင်းထန်စွာ ဖြစ်ပွားနေရခြင်း ဖြစ်သည်။ မိမိတို့အနေဖြင့် ရန်သူ၏ တပ်ရင်းတစ်ခုပြီး တစ်ခု သိမ်းပိုက်ရယူနိုင်ခဲ့ပြီးဖြစ်သည်။

မိမိတို့သိမ်းပိုက်ရန် ကျန်ရှိနေသေးသော စစ်ကောင်စီ၏ ဒေသအခြေစိုက်တပ်ရင်းများထဲမှ စကခ (၉) လက်အောက်ခံ ကျောက်တော်အခြေစိုက် ခမရ (၃၇၄) တပ်ရင်းတစ်ခုလုံးအား ရက္ခိုင့်တပ်တော်မှ ယနေ့ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့တွင် စစ်ကောင်စီ၏ လေကြောင်းမှ တစ်ရက်လုံးတောက်လျှောက် အဆက်မပြတ် မရပ်မနား ပစ်ခတ်တိုက်ခိုက်နေသည့်ကြားမှ အပြီးသတ်သိမ်းပိုက် ရယူနိုင်ခဲ့ပြီးဖြစ်သည်။

မင်းပြားမြို့ အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ်၏ စကခ (၉) လက်အောက်ခံ ခမရ (၃၈၀) တပ်ရင်းကိုလည်း ရန်သူ၏ ကြည်း၊ ရေ၊ လေ သုံးခုပေါင်းပြီး အပြင်းအထန်ခုခံကာကွယ်နေသည့်ကြားမှ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် ရက္ခိုင့်တပ်တော် အာရက္ခစစ်သည်တော်များမှ ရဲရင့်ပြောင်မြောက်စွာဖြင့် အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့သည်။

ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့များမှ ကျန်ရှိနေသေးသော တပ်ရင်းများကိုလည်း အပြီးသတ်သိမ်းပိုက်နိုင်ရေးအတွက် မိမိတို့မှ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ အားလုံးသော စခန်းများလည်း မကြာမှီ အပြီးသတ်သိမ်းပိုက်ရယူရန် မိမိတို့အနေဖြင့် အပြည့်အဝယုံကြည်ပြီး လက်ရှိတွင်လည်း မိမိတို့ဘက်မှ အခြေအနေကောင်းလျက်ရှိသည်။

ရမ်းဗြဲမြို့တွင်မူ ယခုရက်သတ္တပတ်အတွင်း ရင်ဆိုင်တိုက်ပွဲဆိုသည်ထက် စစ်ကောင်စီမှ လေကြောင်း၊ လက်နက်ကြီးများဖြင့် အဓိကပစ်ခတ်ဖျက်ဆီးပြီး တစ်မြို့လုံးအားပျက်စီးစေရန် တမင်တကာ ရည်ရွယ်ချက်ရှိရှိဖြင့် ပြုလုပ်လျက်ရှိသည်။

ရမ်းဗြဲမြို့သို့ ထပ်မံဖြည့်တင်းလာသော စစ်ကောင်စီ၏ စစ်အင်အား (၁၂၀) ကျော်နှင့် ယခင်ရှိနှင့်ပြီးသား လက်ကျန်တပ်ဖွဲ့ဝင်အချို့ပူးပေါင်းသော စစ်ကြောင်း နှင့် ရက္ခိုင့်တပ်တော်တို့သည် မြို့တွင်းတိုက်ပွဲ ယနေ့မှစ၍ စတင်ဖြစ်ပွားခဲ့သည်။ နှစ်ဖက်အထိအခိုက်အကျအဆုံးရှိခဲ့ပြီး မိမိတို့ဘက်မှ စစ်ကောင်စီ၏ အလောင်း၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတစ်ချို့အပြင် ယမန်နေ့၌ လေကြောင်းမှ ချပေးသော လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့သည်။ ရမ်းဗြဲမြို့တွင်းတိုက်ပွဲမှာ နောက်ရက်များ၌ ပိုမိုပြင်းထန်လာနိုင်သည်။

အာရက္ခပြည်သူများကို နှစ်ပေါင်းများစွာကြာအောင် ဒုက္ခပေးနေခဲ့သော စစ်ကောင်စီ၏ တပ်စခန်းတိုင်း နှင့် လက်နက်ချ အညံ့မခံဘဲ ပြည်သူများကို ဒုက္ခပေးနေသည့် ကျန်ရှိနေသေးသော စခန်းတိုင်းကို တစ်စခန်းမကျန် ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်သွားမည်ဟု ရက္ခိုင့်တပ်တော်၏  သတင်းနှင့်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။

Most read this week

October 12, 2024
စစ်ကောင်စီသည် အနောက်ပိုင်းတိုင်းစစ်ဌာချုပ် (နပခ) လက်အောက်ရှိ ခမရ(၃၇၃) တပ်ရင်းအပါအဝင် အရေးကြီးသော...
October 10, 2024
ရခိုင်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နဂိုကတည်းက ဆင်းရဲနွမ်းပါးကြသည့်...
October 10, 2024
အကြောင်းအမျိုးမျိုးကြောင့် ပြည်မသို့ ရောက်ရှိနေကြသော ရခိုင်လူမျိုးများသည် ရခိုင်ပြည်ရှိ စစ်တွေ၊...
October 9, 2024
ရခိုင်ပြည်မှ ရန်ကုန်တိုင်းဒေသကြီးသို့ စစ်ဘေးရှောင်နေကြသည့် စစ်ရှောင်အများအပြားကို စစ်ကောင်စီက...