အဓိကတရားခံပျောက်နေတဲ့ နိုင်ငံကျော်လုပ်ကြံမှု ၇ နှစ်ပြည့်ပြီ

အဓိကတရားခံပျောက်နေတဲ့ နိုင်ငံကျော်လုပ်ကြံမှု ၇ နှစ်ပြည့်ပြီ

ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်နေ့ဟာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လူအများမြင်ကွင်းရှေ့မှာ လုပ်ကြံခံရတာ ၇ နှစ်ပြည့်တဲ့နေ့ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ၇ နှစ် ပြည်တဲ့အထိ အဲဒီလုပ်ကြံနဲ့မှုနဲ့ပတ်သက်လို့ မေးခွန်းထုတ်စရာတွေနဲ့ နောက်ကွယ်က စေခိုင်းသူလို့ ရဲတပ်ဖွဲ့က ပြောဆိုထားတဲ့ အောင်ဝင်းခိုင်ဟာလည်း လွတ်မြောက်နေတုန်းပါ။

အဲဒီအမှုနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့မှာ တရားရုံးက အမိန့်ချပြီးကတည်းက ရဲတပ်ဖွဲ့ဘက်က တစ်စုံတစ်ရာထုတ်ပြန်တာမျိုး မရှိတော့ပါဘူး။

ဒါ့အပြင် နိုင်ငံတကာရဲတပ်ဖွဲ့ရဲ့ အနီရောင်အဆင့် ကြေညာချက်မှာလည်း  မြန်မာနိုင်ငံက အလိုရှိတဲ့တရားခံစာရင်းမှာ အောင်ဝင်းခိုင်ဆိုတဲ့ နာမည်နဲ့ ဓာတ်ပုံဟာ ဖြုတ်ချခံထားရပါပြီ။

လုပ်ကြံခံခဲ့ရတဲ့ အသက် (၆၃) နှစ်အရွယ် ဦးကိုနီဟာ တရားလွှတ်တော်ရှေ့နေ တစ်ယောက်ဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ရဲ့ ဥပဒေအကြံပေးလည်းဖြစ်ပြီး အခြေခံဥပဒေပြင်ဆင်ရေးအတွက် လုပ်ဆောင်နေတဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။

NLD အစိုးရလက်ထက်မှာတော့ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လွှတ်တော်တွင်းအပြင် လွှတ်တော်ပြင်ပကနေလည်း ကြိုးပမ်းမှုတွေရှိခဲ့တာပါ။

အဲဒီလို ကြိုးပမ်းနေချိန်မှာပဲ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်နေ့မှာတော့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အင်ဒိုနီးရှားလေ့လာရေးခရီးစဉ် လိုက်ပါပြီး ပြန်လာတဲ့ ဦးကိုနီဟာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံလိုက်ရပြီးတဲ့နောက် လူထုကစိတ်ဝင်စားတဲ့အမှု ဖြစ်လာတာပါ။

အဲဒီတုန်းက ရဲတပ်ဖွဲ့ရဲ့ ပြောဆိုချက်အရ အရာရှိဟောင်းတွေဖြစ်တဲ့ စစ်တက္ကသိုလ် အပတ်စဉ် ၃၆ ဆင်း အောင်ဝင်းခိုင်နဲ့ အပတ်စဉ် ၃၈ ဆင်း ဇေယျာဖြိုးတို့ဟာ လက်ဖက်ရည်ဆိုင်ထိုင်ရင်းကနေ ဦးကိုနီကို လုပ်ကြံဖို့  ၂၀၁၆ ခုနှစ်မှာ စတင်ဆွေးနွေးဖြစ်ခဲ့တာလို့ သိရပါတယ်။

အဲဒီဆွေးနွေးပြောဆိုမှုအပြီး အောင်ဝင်းခိုင်ဟာ အရင်က စစ်တပ်ကအထုတ်ခံခဲ့ရပြီးတော့ ဘုရားခိုးမှုနဲ့ ထောင်ကျဖူးတဲ့ သူ့အကို အောင်ဝင်းဇော်ကို အဲဒီကိစ္စခိုင်းစေခဲ့ပြီး အောင်ဝင်းဇော်ကတဆင့် ကြည်လင်းကို ခိုင်းစေခဲ့တာပါ။

ဦးကိုနီကို ကြည်လင်းက လေဆိပ်မှာ ပစ်ခတ်လုပ်ကြံပြီးချိန်မှာတော့ အနီးအနားမှာရှိတဲ့ ပြည်သူတွေက ကြည်လင်းကိုဝိုင်းဖမ်းခဲ့ပြီး အဲဒီဝိုင်းဝန်းဖမ်းဆီးမှုမှာ တက္ကစီသမားယောက်ဖြစ်တဲ့ ဦးနေဝင်းလည်း သေနတ်ထိမှန်ပြီး သေဆုံးခဲ့ပါတယ်။

အဲဒီနေ့တုန်းက CCTV တွေနဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးပြောဆိုချက်အရ စေခိုင်းသူ အောင်ဝင်းခိုင်နဲ့ သူ့အကိုဖြစ်သူ အောင်ဝင်းဇော်တို့ဟာ လေဆိပ်မှာရှိနေပါတယ်။

အဲဒီလို လေဆိပ်မှာ ရုန်းရင်းဆန်ခတ်တွေဖြစ်ပြီးတဲ့ အချိန်မှာတော့ အောင်ဝင်းခိုင်ဟာ ဇေယျာဖြိုးရဲ့ အကူအညီအနဲ့ နောက်တစ်နေ့မှာ နေပြည်တော်ကို ထွက်ပြေးခဲ့ပြီး အဲဒီကနေ ခြေရာပျောက်သွားတယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

အောင်ဝင်းခိုင်ရဲ့အကို အောင်ဝင်းဇော်ကိုတော့ လုပ်ကြံမှုအပြီး ၂၄ နာရီအကျော် ဇန်နဝါရီ ၃၁ ရက်နေ့မှာ သူ့တို့  ၂ ယောက်ရဲ့အကို အကြီးဖြစ်သူ အောင်ဝင်းထွန်းနဲ့ ဘားအံမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီလုပ်ကြံမှုအတွက် စတိုင်ပင်ခဲ့တဲ့ အောင်ဝင်းခိုင်နဲ့ ဇေယျာဖြိုးတို့ ၂ ယောက်မှာ ဇေယျာဖြိုးက အောင်ဝင်းခိုင်ကို လုပ်ကြံမှုကုန်ကျစရိတ်အတွက် လက်ဖက်ရည်ဆိုင်မှာ ကျပ်သိန်း ၁,၀၀၀ ပေးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဒါပေမယ့်အောင်ဝင်းခိုင်ဟာ နေပြည်တော်ကိုရောက်ပြီး ပရဆေးဥယျာဉ်နားကနေ အခုထိပျောက်ဆုံးနေတာကြောင့် အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးနဲ့ ကြည်လင်းတို့ကိုပဲ တရားရုံးက ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။

အမိန့်ချမှုတွေကတော့ "အောင်" ညီအကို ၃ ယောက်ထဲမှာ အလတ်ဖြစ်တဲ့ အောင်ဝင်းဇော်ကိုသေဏ်နဲ့ သေနတ်သမားကြည်လင်းကိုတော့ သေဒဏ်အပြင် တခြားပြစ်ဒဏ်အသီးသီး ချမှတ်ခဲ့ပါတယ်။

ကျန်တဲ့ "အောင်" ညီအကိုထဲက အကြီးဆုံးဖြစ်တဲ့ အောင်ဝင်းထွန်းကတော့ ပြစ်မှုကျူးလွန်တဲ့ သူ့ညီ အောင်ဝင်းဇော် လွတ်မြောက်အောင်ကူညီမှုအတွက် ထောင် ၃ နှစ်ချခဲ့တာပါ။ ဒါ့အပြင် ပိုက်ဆံထုတ်ပေးပြီး ဦးကိုနီကို လုပ်ကြံဖို့ အောင်ဝင်းခိုင်နဲ့ ပြောဆိုခဲ့တယ်ဆိုတဲ့ ဇေယျာဖြိုးကိုတော့ သက်သေဖျောက်ဖျက်မှုပုဒ်မနဲ့ ထောင် ၅ နှစ် ချခဲ့တာဖြစ်ပါတယ်။

ပထမတရားရုံးမှာ စွဲချက်တင်တုန်းကတော့ ဇေယျာဖြိုးဟာ သေဒဏ်အထိချမှတ်နိုင်တဲ့ ပုဒ်မနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး နောက်ပိုင်းမှာ ပိုက်ဆံပေးတယ်ဆိုတဲ့သက်သေ၊ လက်နက်နဲ့ပတ်သက်သက်တဲ့ သက်သေတွေ မရှိတာကြောင့် တရားရုံးရဲ့ တွေ့ရှိစစ်ဆေးချက်အရ သက်သေဖျောက်ဖျက်မှုနဲ့ပဲ ထောင် ၅ နှစ် ချခံခဲ့ရတာလို့ သိရပါတယ်။

အဲဒီအမှုနဲ့ပတ်သက်လို့ ၂၀၁၇ ဖေဖော်ဝါရီလထဲမှာလုပ်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီးရဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အဲဒီတုန်းက ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေဟာ အောင်ဝင်းခိုင်ကို ဖမ်းမိမှပဲ ထပ်‌တွေ့ရှိချက်တွေနဲ့ တခြားသူတွေ ဒီအမှုမှာပါဝင်နေသေးလားဆိုတာကို သိနိုင်မှာဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် လုပ်ကြံမှု ဒီနေ့ ၇ နှစ်ပြည်တဲ့အချိန်ထိ အောင်ဝင်းခိုင်ကို မဖမ်းမိသေးပါဘူး။

ဒါကြောင့် ဒီလုပ်ကြံမှုမှာ လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်အပြင် နောက်ကွယ်ကစေခိုင်းသူတွေ ရှိသေးလားဆိုတာနဲ့ လူသတ်မှုမှာ ပူးပေါင်းကြံစည်တယ်ဆိုပြီး စွဲချက်တင်ခံခဲ့ရတဲ့ ဇေယျာဖြိုးဟာ ပုဒ်မပြောင်းပြီး ထောင် ၅ နှစ်ပဲ ချခံရတာ၊ "အောင်" ညီအကိုတွေထဲက အကိုအကြီးဆုံးဖြစ်သူ အောင်ဝင်းထွန်း ထောင် ၃ နှစ်ပဲ ချခံခဲ့ရတဲ့ ကိစ္စတွေအပေါ် ပြည်သူတချို့က လုပ်ကြံမှု ၇ နှစ်ပြည့်တဲ့အချိန်ထိ မေးခွန်းထုတ်နေတာလည်း ဖြစ်ပါတယ်။

October 8, 2024
လက်လွှတ်လိုက်ရတဲ့ တပ်စခန်းတွေကို ပြန်လည်သိမ်းပိုက်မယ်လို့ သတင်းထွက်ပေါ်ပြီးနောက် မြစ်ကြီးနား-...
September 20, 2024
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ နေ့လယ် ၂ နာရီခွဲခန့်က...
September 12, 2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နောင်နန်းတိုက်နယ်၊ ဆယ်မိုင်ကျေးရွာအတွင်း ဒီကနေ့ စက်တင်ဘာလ ၁၁...
September 11, 2024
ကရင်ပြည်နယ်နှင့်မွန်ပြည်နယ် မိုးဆက်တိုက်ရွာသွန်းမှုများကြောင့် မြစ်၊ချောင်းများ ရေလျှံပြီး...