BGF ခွဲထွက်မှု မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ရှိ မြို့ကြီးတချို့ စစ်ကောင်စီ လက်လွှတ်ရနိုင်

BGF ခွဲထွက်မှု မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ရှိ မြို့ကြီးတချို့ စစ်ကောင်စီ လက်လွှတ်ရနိုင်

ဆယ်စုနှစ်တစ်ခုကျော် စစ်တပ်နဲ့ လက်တွဲလာခဲ့တဲ့ ကရင်နယ်ခြားစောင့်တပ် BGF က စစ်ကောင်စီနဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်တာကြောင့် မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်ရှိ မြို့ကြီးတချို့ကို စစ်ကောင်စီ လက်လွှတ်ရနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ ပြီးခဲ့တဲ့လကစပြီး စစ်ကောင်စီကနေ လစာရိက္ခာမယူ‌တော့ဘဲ စစ်တပ်လောင်းရိပ်အောက်ကနေ ခွဲထွက်ပြီး သီးခြားရပ်တည်တော့မယ်ဆိုပြီး စစ်ရေးမှာ အထိနာနေတဲ့ စစ်ကောင်စီတပ်ကို စာတင်ခဲ့တာပါ။

ဇန်နဝါရီ ၁၅ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ဇန်နဝါရီ ၁၉ ရက်နေ့မှာ ကရင်ပြည် နယ် ဝန်ကြီးချုပ် ဦးဆောင်တဲ့အဖွဲ့တို့ ကရင် BGF ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ် သူထံ လာရောက်ဆွေးနွေးခဲ့ပေမယ့် မပြေလည်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်း ဇန်နဝါရီ ၂၃ ရက်နေ့မှာ စစ်ကောင်စီရဲ့ ဒုတိယအာဏာရှိသူ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ကရင်ပြည်နယ်အထိ လာရောက်ပြီး ကရင် BGF တပ်ဖွဲ့က ထိပ်ပိုင်းတာဝန်ရှိသူတွေနဲ့ ဆွေးနွေးပေမယ့်လည်း ကရင် BGF ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့ပါ။

ဗိုလ်မှူးကြီး စောချစ်သူက စစ်တပ်ရဲ့ ပံ့ပိုးမှုတွေကို မယူတော့သလို ကရင်အချင်းချင်းလည်း မတိုက်တော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ချလိုက်ပြီဖြစ်တဲ့အတွက် ကရင်ပြည်နယ်ရဲ့ ငြိမ်းချမ်းရေးကိုပဲ ဦးစား ပေးလုပ်မယ်လို့ ပြောဆိုထားပါတယ်။

တပ်အင်အား ၁၀၀၀၀ ဝန်းကျင်ရှိနိုင်တဲ့ ကရင် BGF အနေနဲ့ တကယ်လို့များ ကရင်အမျိုးသားတော် လှန်ရေးထဲပါဝင်လာခဲ့ရင် ၁၀၂၇ စစ်ဆင်ရေးကြောင့် အင်အားချိနဲလာနေတဲ့ စစ်ကောင်စီအတွက် နိုင်ငံ့တောင်ပိုင်းကို ရှုံးပွဲနဲ့ လက်လွှတ်ရနိုင်ခြေ ပိုများတယ်လို့ စစ်ရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ “အခုဆို မြဝတီရဲ့ တောင်ဘက်ရော၊ မြောက်ဘက်မှာရော စစ်ရေးလှုပ်ရှားမှုတွေ အတော်မြင့်မားပြင်းထန်လာတဲ့အချိန်မှာ ကြားနေလို့မရတဲ့အတွက် တစ်ခုခုရွေးပါလိမ့်မယ်။ အဲဒီရွေးချယ်မှုကလည်း အခုပြောထားတဲ့ စကားစဉ်ကြည့်ရတာတော့ ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထားရှိတာကို ကျွန် တော်တို့ တွေ့ရပါတယ်။ အဲဒီဖြစ်စဉ်ဟာလည်း မကြာခင် အကောင်အထည်ဖော်လာလိမ့်မယ်လို့ ကျွန်တော်တော့ ယူဆပါတယ်”လို့ ဆိုပါတယ်။

ဗိုလ်မှူးကြီး စောချစ်သူကတော့ ကရင်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်းဖို့ လောလောဆယ်မှာ ဆုံးဖြတ်ချက်မချသေးဘူးလို့ BBC မြန်မာပိုင်းနဲ့ အင်အာဗျူးမှာ ဖြေကြားထားပါတယ်။

စစ်ကောင်စီကတော့ ကရင် BGF တပ်ဖွဲ့ မိမိတို့လက်အောက်ကနေ ခွဲထွက်မယ့် ကိစ္စအပေါ် တစ် စုံတစ်ရာ ထုတ်ပြောလာတာမရှိသေးသလို စစ်တပ်ဝါဒဖြန့် သတင်းစာတွေ ဆိုရှယ်မီဒီယာ ပလက် ဖောင်းတွေမှာလည်း အသိပေးထုတ်ပြန်လာတာ မတွေ့ရသေးပါဘူး။

လက်ရှိမှာတော့ စစ်ကောင်စီဟာ  ခံစစ်အသွင်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို နိုင်ငံအနှံ စစ်မျက်နှာ ဖြန့်ပြီး  ခုခံနေရသလို နိုင်ငံ့တောင်ပိုင်းမှာ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်တွေကို ရင်ဆိုင်နေရတာပါ။

ကရင် BGF တပ် စစ်ကောင်စီကနေ ခွဲထွက်မယ့်အပေါ် စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က နိုင်ငံတွင်းမှာဖြစ်ပျက်နေတဲ့ အခြေအနေဟာ သီးခြားရပ်တည်လို့မရဘဲ ဘက်တစ်ဘက်ကို ရွေးချယ်ရမယ်လို့ သုံးသပ်ပါတယ်။

“လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ စစ်ရေးနိုင်ငံရေး ပဋိပက္ခတွေကြားထဲမှာ သီးခြားရပ်တည်လို့ မရပါဘူး။ ဘက်တစ်ဘက်ကို ရွေးချယ်ရတော့မှာပါ။ အခုသူ‌ရွေးချယ်ထားတဲ့ဘက်ကတော့ ကြည့်ရတာ ကရင်အမျိုးသားတော်လှန်ရေးထဲ ပူး‌ပေါင်းပါဝင်ဖို့ စိတ်ကူးရှိပုံရတယ်။ ဒါပေမယ့် ချက်ခြင်းလက်ငင်းတော့ ဖြစ်မှာမဟုတ်ပါဘူး။ စစ်ကောင်စီရဲ့ ဆုံးရှုံးမှုနဲ့အချိုးညီစွာ ကရင်အမျိုးသားတွေရဲ့ လှုပ်ရှားမှုဟာ စစ်အာဏာရှင်စနစ် ပြုတ်ကျရေး ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေး လုပ်ငန်းစဉ်အောင်မြင်တိုးတက်လာတဲ့ အနေအထားအောက်မှာ သူတို့ BGF ပူးပေါင်းပါဝင်ဖို့ စဉ်းစားလာတယ်လို့ ကျွန်တော်ကယူဆတယ်”လို့ သူကဆိုပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ နယ်စပ်ရေးရာ လုံခြုံရေးအတွက် တာဝန်ထမ်းဆောင်တယ်ဆိုပေမယ့် အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်တိုက်ပွဲတွေကို ရှေ့ဆုံးကနေ ပါဝင်ဆောင်ရွက်နေရတာပါ။

လက်ရှိစစ်ရေးအခြေအနေ ကရင်ပြည်နယ်ရဲ့ ကော့ကရိတ်၊ဖာပွန်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး၊ကျုံဒိုးနဲ့ ဘုရား သုံးဆူမြို့တို့ဟာ ဝိုင်းဝန်းပိတ်ဆိုခံထားရတဲ့ အခြေအနေမှာ ရှိနေပြီး မွန်ပြည်နယ်ရဲ့ ရေး၊ဘီးလင်း၊ ကျိုက်မရောနဲ့ ကျိုက်ထိုမြို့နယ်တို့ကလည်း မြို့သိမ်းတိုက်ပွဲတွေဆင်နွှဲဖို့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက ပြင်ဆင်နေကြတာပါ။

ဗိုလ်မှူးကြီး စောချစ်သူဟာ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှုအပြီး KNU တပ်မဟာ ၅ နယ်မြေ ကမမောင်းဖာပွန်ဒေသအတွင်း ရောက်ရှိနေတဲ့ BGF တပ်ဖွဲ့ဝင်အများအပြားကို ပြန်လည်ခေါ်ယူလိုက်ပြီး ရွှေကုက္ကိုလ်မြို့ထဲမှာ ပြန်လည်နေရာချထားလိုက်တယ်လို့ BGF သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

ကရင် BGF တပ် စစ်ကောင်စီ လက်အောက်ခံကနေ ခွဲထွက်မှုအပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရ ပဒိုစောကလယ်စေးက အခုလိုပဲ မှတ်ချက်ပြုပါတယ်။

"BGF အဖွဲ့အစည်းက အဖွဲ့ဝင်တွေနဲ့ ခေါင်းဆောင်တွေက တော်လှန်ရေးအတွေးအခေါနဲ့ သွားနေတာ ဖြစ်တယ်။ တစ်ဖက်က စစ်အာဏာရှင်က အာဏာကိုဆုပ်ကိုင်ပြီးတော့ စစ်တပ်သာလျှင် အရာရာအားလုံးကို ချုပ်ကိုင်ပြီးတော့ အာဏာရှင်တည်ဆောက်တဲ့ အဖွဲ့အစည်းဖြစ်တဲ့အပေါ် မတူညီမှုတွေက အဓိကဖြစ်တယ်လို့ ကျွန်တော်တို့ ဒီလိုပဲပြောချင်ပါတယ်" လို့ ဆိုပါတယ်။

တစ်ဖက်မှာတော့ ကရင် BGF ရဲ့ မြဝတီနယ်စပ်က ကျားဖြန့်လုပ်ငန်းကို ဖြိုခွင်းပေးဖို့ ထိုင်းစစ်တပ်က  ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ဂျက်ကာပေါင် ဂျန်ပန်ပန်းက ပြီးခဲ့တဲ့ ဒီဇင်ဘာနှောင်းပိုင်းမှာ စစ်ခေါင်းဆောင်ထံလာတွေ့ပြီး တောင်းဆိုခဲ့သေးတာပါ။

ဇန်နဝါရီ ၁၂ ရက်နေ့မှာလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ထိုင်းအစိုးရ ကာကွယ်ရေးဦးစီး ချုပ် Songwit Noonpackdee တို့ မြဝတီမြို့အနီးက ကျားဖြန့်လုပ်ငန်းကို နှစ်နိုင်ငံပူးပေါင်းတိုက်ဖျက်သွားဖို့ Video Conferencing နဲ့ ဆွေးနွေးထားကြပါတယ်။

အဲဒီနောက်ပိုင်း တပ်ရင်း ၁၃ ရင်းအထိရှိတဲ့ ကရင် BGF က စစ်ကောင်စီရဲ့ အမိန့်ပေးစနစ်အောက်ကနေ ခွဲထွက်မယ့်အသံတွေ တစ်စထက်တစ်စ ကျယ်လောင်လာပြီးနောက် သီးခြားရပ်တည်တော့မယ့် အခြေအနေအထိ ရောက်ရှိလာတာ ဖြစ်ပါတယ်။

October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...