ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် တွေ့ဆုံ ညှိနှိုင်းမှု မည်သည့်ရလဒ်မျှ မရရှိကြောင်း BGF ဥက္ကဋ္ဌ ပြော

ဒုစစ်ခေါင်းဆောင် စိုးဝင်းနှင့် တွေ့ဆုံ ညှိနှိုင်းမှု မည်သည့်ရလဒ်မျှ မရရှိကြောင်း BGF ဥက္ကဋ္ဌ ပြော

စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်(BGF) အသွင်မှ ခွဲထွက်၍ သီးခြားရပ်တည်သွားမည့်အပေါ် စစ်ကောင်စီ၏ ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် ယမန်နေ့က ဖားအံမြို့သို့ လာရောက်တွေ့ဆုံ ညှိနှိုင်းပြောဆိုရာတွင် မည်သည့်ရလဒ်မျှ မရရှိကြောင်း BGF ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်က ကေအိုင်စီသို့ ပြောသည်။

ယခင်လမှစ၍ BGF အနေဖြင့် စစ်ကောင်စီထံမှ လစာမယူတော့ဘဲ စစ်ကောင်စီ၏ လက်အောက်မှ ခွဲထွက်၍ သီးခြားရပ်တည်သွားတော့မည်ဖြစ်ကြောင်း စာတင်ခဲ့ပြီးနောက် စစ်ကောင်စီဘက်မှ ဒုစစ်ခေါင်းဆောင် ကိုယ်တိုင်လာရောက်တွေ့ဆုံညှိနှိုင်းခဲ့သော်လည်း မည်သည့်ရလဒ်မျှမထွက်ဘဲ ယခင်ဆုံးဖြတ်ထားသည့်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်စောထွန်းလှိုင်က ယခုလို ပြောသည်။

ဗိုလ်ချုပ် စောထွန်းလှိုင်က “ကျနော်တို့ကတော့ ကိုယ်နယ်မြေ ဒေသကိုပဲ ကာကွယ်သွားမယ်လို့ ပြောခဲ့ တယ်။ သူတို့နဲ့ပူးပေါင်းလုပ်ဆောင် လာတာလည်း နှစ်ပေါင်း ၃၀ လောက်ရှိပြီးဆိုတော့ အချင်းချင်းကြား လည်း မတိုက်ခိုက်ချင်တော့ဘူး။ ကျနော်တို့ ပြောတာက ငြိမ်းချမ်းရေးတပ်ပုံစံလောက်ပဲ နေသွား တော့မယ်။ သူတို့ လစာမစားတော့ သူတို့ခိုင်းတာလည်း လုပ်စရာ မလိုတော့ဘူးပေါ့။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်အသွင်ဖြင့် ရှိနေစဉ်အခါက ကရင်လက်နက်ကိုင် အချင်းချင်းကြား ပစ်ခတ်တိုက်ခိုက်နေရခြင်းကြောင့်ပြည်သူများအနေဖြင့်လည်း မည်သည့် အဖွဲ့ အစည်းကို အားကိုးရမည်မသိဖြစ်ရသည့် အခြေအနေမျိုးကိုလည်း ထပ်မဖြစ်စေလိုသောကြောင့် ယခုလို သီးခြားရပ်တည်သွားရန် ဆုံးဖြတ်ခဲ့ရခြင်းဖြစ်ကြောင်းလည်း ဗိုလ်ချုပ်စောထွန်းလှိုင်က ဆက်ပြောသည်။

ထို့အတူ စစ်ကောင်စီ၏ လက်အောက်ခံအဖြစ်မှ နုတ်ထွက်ရန် ဖြစ်လာသည့်အပေါ် စစ်ကောင်စီ ဘက်မှ ဗိုလ်မှူးကြီးစောချစ်သူကို ဗိုလ်မှူးချုပ်ရာထူး တိုးပေး၍ ဒေသဆိုင်ရာ စစ်ဆင်ရေးကွပ်ကဲရေးမှူး (ဒ.စ.က) ရာထူးကို ပေးအပ်ညှိနှိုင်းခဲ့ကြောင်း စစ်ကောင်စီဘက်က ပြောဆိုမှုကို ကိုးကား၍ လူမှုကွန် ယက်စာမျက်နှာများပေါ်တွင် သတင်းများပျံ့နှံ့လာသည့်အပေါ်တွင်လည်း BGF ဘက်က ငြင်းဆိုလိုက်သည်။

“ကျနော်တို့ BGF စဖြစ်တုန်းကတော့ အဲဒါကို ကျနော်တို့ တောင်းဆိုတာရှိပါတယ်။ စစ်တပ်ဆိုတာ ကိုယ့်တပ်မှူးတပ်သားတွေကို စီမံကွပ်ကဲနိုင်ဖို့ ရာထူးရာခံလိုတယ်ပေါ့။ အဲဒါကို ကျနော်တို့ တောင်းဆို ခဲ့တာရှိတယ်။ ဒါပေမယ့် အဲဒီအချိန်တုန်းက သူတို့ ဘာမှမပေးပါဘူး။ အခုမှ လာပေးမယ်ဆိုတော့ ယူစရာမလိုအပ်တော့ဘူးလေ။”ဟု ဗိုလ်ချုပ် စောထွန်းလှိုင်က ပြောသည်။

ယခုလို လက်အောက်ခံမှ ခွဲထွက်၍ သီးခြားရပ်တည်သွားမည့်အပေါ် စစ်ကောင်စီဘက်မှ ဖိအားပေး လုပ်ဆောင်မှုမျိုးမရှိသေးသလို စစ်ရေးနည်းအရ ဖိအားပေးလာနိုင်ဖွယ်မရှိသေးကြောင်း၊ အလားတူ ဖိအားပေးမှုများ ရှိလာပါက စစ်မျက်နှာများစွာ ဖွင့်ထားရသည့် စစ်ကောင်စီအနေဖြင့် အခက်တွေ့သွားနိုင်ကြောင်းလည်း BGF က ဆိုသည်။

ယခုလို နယ်ခြားစောင့်တပ်အဖြစ်မှ ခွဲထွက်ပြီးနောက် သီးခြားရပ်တည်သွားမည်ဖြစ်သော်လည်း မည် သည့် အဖွဲ့အစည်းအနေဖြင့် ရပ်တည်လုပ်ဆောင်သွားမည်ကိုမူ တစ်ဆင့်ချင်း လုပ်ဆောင်သွားရ မည်ဖြစ် သောကြောင့် သီးခြားမပြောဆိုနိုင်သေးကြောင်းလည်း ဥက္ကဋ္ဌ ဗိုလ်ချုပ် စောထွန်းလှိုင် က ဖြည့်စွက်ပြောသည်။

စစ်ကောင်စီအနေဖြင့် ထိုင်းနိုင်ငံအစိုးရနှင့် ပူးပေါင်း၍ မြန်မာ-ထိုင်းနယ်စပ်ရှိ တရားမဝင် လောင်းကစား လုပ်ငန်းများကို နှိမ်နင်းသွားမည်ဟု သဘောတူခဲ့ပြီးနောက် ယခုလို နယ်ခြားစောင့်တပ်-BGF မှ စစ်ကောင်စီထံလစာမယူဘဲ သီးခြားရပ်တည်သွားမည့် သတင်းများကို ထိုင်းသတင်းဌာန(Thai PBS)က ပထမဦးဆုံး ဖော်ပြခဲ့သည်။

လတ်တလောတွင်လည်း ဗိုလ်ချစ်သူ ဦးဆောင်သည့် နယ်ခြားစောင့်တပ်ဖွဲ့များ ရှေ့တန်းစစ်မြေပြင်များမှ ပြန်လည်ဆုတ်ခွာလာပြီး ၎င်းတို့အခြေစိုက်ရာ ရွှေ့ကုက္ကိုလ်နှင့် ပင်မတပ်ရင်းဌာနချုပ် နေရာများတွင် ပြန်လည်စုဖွဲ့၍ တိုက်ခိုက်မှုများရှိလာပါက ပြန်လည်တိုက်ခိုက်ရန် ခံစစ်ပြင်ဆင်ထားကြောင်းလည်း အဆိုပါ ထိုင်းသတင်းဌာနက ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဖော်ပြထားသလို ပြည်တွင်း သတင်းမီဒီ ယာအချို့မှလည်း အသီးသီးရေးသား ဖော်ပြထားကြောင်းတွေ့ရှိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၉ ရက်နေ့လည်း စစ်ကောင်စီဝန်ကြီး မောင်မောင်အုန်း နှင့် BGF ညွှန်ကြား ရေးမှူး ဗိုလ်ချုပ်သက်ပိုင်ဦးတို့က ဗိုလ်မှူးချုပ်စောချစ်သူ နေထိုင်ရာ လှိုင်းဘွဲမြို့နယ်ရှိ ကြာအင်း ကျေးရွာသို့ လာရောက်တွေ့ဆုံညှိနှိုင်းခဲ့သေးပြီး ညှိနှိုင်းမှု အဆင်မပြေသောကြောင့် ဒုစစ်ခေါင်း ဆောင်ကိုယ်တိုင် ယမန်နေ့က ထပ်မံလာရောက်တွေ့ဆုံညှိနှိုင်းခဲ့ခြင်းဖြစ်သည်။

BGF နှင့် လာရောက် ညှိနှိုင်းမှုမအောင်မြင်သည့် ဗိုလ်ချုပ်သက်ပိုင်ဦးကိုလည်း ရာထူးမှ ဖြုတ်ချလိုက်သည်ဟု BGF သတင်းအရင်းအမြစ်များထံမှ သိရသည်။

Most read this week

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...