ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ် စစ်ကောင်စီလက်အောက်က ခွဲထွက်

ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်တဲ့ BGF တပ် စစ်ကောင်စီလက်အောက်က ခွဲထွက်
ဓာတ်ပုံ-CJ  ပုံဟောင်းဖြစ်ပါသည်။
ဓာတ်ပုံ-CJ ပုံဟောင်းဖြစ်ပါသည်။

ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်တဲ့ ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီနဲ့ တွေ့ဆုံဆွေး နွေးညှိနှိုင်းမှု မပြေလည်တာတွေဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ကနေခွဲထွက်ပြီး သီးခြားရပ် တည်သွားမယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၅ ရက်နေ့က ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်မှာ စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနဲ့ ကရင်နယ်ခြားစောင့်တပ် BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး နယ်စပ်အနီးက တရားမဝင်လောင်းကစားလုပ်ငန်း၊ ကျားဖြန့်ငွေလိမ်လည်မှုဂိုဏ်းနဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်တွေ ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီလက်အောက်ခံ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ ကရင်ပြည်နယ်ဝန်ကြီးချုပ်တို့ ဦးဆောင်တဲ့အဖွဲ့နဲ့  BGF စောချစ်သူတို့ကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့သေးတယ်လို့ သတင်းရင်းမြစ်တွေထံကနေ သိရပါတယ်။

တွေ့ဆုံဆွေးနွေးမှုတွေအရ စစ်ကောင်စီ အရှေ့တောင်တိုင်း တိုင်းမှူးဖြစ်သူဟာ  BGF စောချစ်သူကို ဗိုလ်ချုပ်အဆင့်အထိ ရာထူးတိုးပေးမယ်ဆိုတဲ့ ရာထူးတိုးနဲ့ စည်းရုံးသိမ်းသွင်းနေပြီး စစ်ရေးပိုင်းဆိုင်ရာကိစ္စတွေမှာလည်း  BGF တပ်ဖွဲ့အနေနဲ့ စစ်တပ်ကို တပ်အင်အားကူညီပံ့ပိုးပေးဖို့ တောင်းဆိုတယ်လို့  BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ်။

စစ်ကောင်စီနဲ့ BGF တို့အကြား တွေ့ဆုံဆွေးနွေးမှုမှာ အဆင်မပြေမှုတွေ ဖြစ်ပေါ်နေခဲ့ပြီး BGF ဟာ စစ်ကောင်စီ လက်အောက်မှာ မနေတော့သလို လစာရိက္ခာတွေ မယူတော့ဘဲ ကိုယ်တိုင်သီးခြားအဖွဲ့အနေနဲ့ ရပ်တည်သွားမယ်လို့  BGF ဗိုလ်မှူးကြီးစောချစ်သူက ပြောဆိုခဲ့တယ်လို့  BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

"ဗိုလ်ချုပ်ရာထူးတိုးပေးမယ်ပေ့ါ။ စောချစ်သူကလက်မခံဘူး။ နောက်ပြီးစစ်ကောင်စီလက်အောက် မှာ မနေတော့ဘူး။ တခြား PC(ကရင်ငြိမ်းချမ်းရေးကောင်စီ)အဖွဲ့ DKBA တို့လို ပြန်ရပ်တည်ပြီး နေသွားမှာပေါ့" လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပြီးမှာ BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူဟာ သူ့ရဲ့ ရွှေကုက္ကိုလ်မြို့သစ်ကို ပြန်လာပြီး BGF တပ်မှူးတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ရပ် ပြုလုပ်သွားခဲ့ကာ သူဟာ စစ်တပ်လက်အောက်မှာ မနေတော့တဲ့အကြောင်းနဲ့ လစာရိက္ခာမယူတော့တဲ့အကြောင်းတွေကို သူ့ရဲ့တပ်မှူးတွေကို အသိပေးခဲ့တယ်လို့ BGF နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေကနေ သိရပါတယ် ။

ဒါ့အပြင် BGF စောချစ်သူဟာ စစ်ကောင်စီနဲ့တွေ့ဆုံဆွေးနွေးမှုအပြီး KNU တပ်မဟာ ၅ နယ်မြေ ကမမောင်းဖာပွန်ဒေသအတွင်း ရောက်ရှိနေတဲ့ BGF တပ်ဖွဲ့ဝင်အများအပြားကို ပြန်လည်ခေါ်ယူလိုက်ပြီး ရွှေကုက္ကိုလ်မြို့ထဲမှာ ပြန်လည်နေရာချထားလိုက်တယ်လို့ BGF သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

နယ်ခြားစောင့်တပ် BGF ထိန်းချုပ်ထားတဲ့ ရွှေကုက္ကိုလ်မြို့သစ်နားက နေရာတွေထဲကို ဗိုလ်အယ်စေးဝါးဦးဆောင်တဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက်ပိုင်း ရွှေကုက္ကိုလ်မြို့နဲ့ အနီးပတ်ဝန်းကျင်နေရာတွေကို နောက်ထပ်တိုက်ခိုက်မခံရဖို့အတွက် BGF က ဘန်ကာတွေ အခိုင်အမာတည်ဆောက်ထားပြီး တပ်အင်အားဖြည့်ဆည်းမှုတွေ လုပ်ဆောင်ထားခဲ့ပါတယ်။

ဒါ့အပြင်ရွှေကုက္ကိုလ်ဒေသထဲမှာ BGF တပ်ဖွဲ့က တပ်အင်အားစုဆောင်းနေတာတွေရှိနေပြီး လတ် တလောဖြစ်ပေါ်နေတဲ့ တင်းမာမှုအခြေအနေတွေကြောင့် ရွှေကုက္ကိုလ်မှာ ဇန်နဝါရီ ၂၀ ရက်ကနေ ၃၁ ရက်နေ့အထိ သက်သတ်လွတ်စားကြဖို့ BGF က အမိန့်ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေကနေ သိရပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီလက်အောက်ခံ တပ်တစ်ခုဖြစ်သလို ကရင်ပြည် နယ်၊ မွန်ပြည်နယ်အတွင်းက တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ပူးပေါင်းပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကို ထိုးစစ်ဆင်ဝိုင်းဝန်း တိုက်ခိုက်နေတာဖြစ်ပါတယ်။

BGF ထိန်းချုပ်ထားတဲ့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့အနီးက ရွှေကုက္ကိုလ်မြို့သစ်နဲ့  KK Park မြို့သစ်စီမံကိန်းတွေထဲမှာ အွန်လိုင်းလောင်းကစားလုပ်ငန်း၊ ကျားဖြန့်ငွေလိမ်လည်မှုဂိုဏ်းနဲ့ ရာဇဝတ်မှုလုပ်ငန်းတွေကို နှိမ်နင်းသွားဖို့အတွက် ထိုင်းအစိုးရက စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေး တောင်းဆိုတာတွေလည်း ရှိနေခဲ့တာပါ။

ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းနဲ့ ပတ်သက်ပြီး BGF ခေါင်းဆောင် စောချစ်သူအပါအဝင် ခေါင်းဆောင်ပိုင်းအချို့ကို နုတ်ထွက်ဖို့  ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်အတွင်းက စစ်တပ်က ဖိအားပေးခဲ့ပေမယ့် ဗိုလ်မှူး ကြီးစောချစ်သူဟာ သူဦးဆောင်နေတဲ့ BGF တပ်ရင်းတပ်ဖွဲ့အားလုံးနုတ်ထွက်ဖို့ စာတင်ခဲ့ပြီး စစ် တပ်ကလက်မခံဘဲ ပယ်ချခဲ့ကာ အရင်နယ်ခြားစောင့်တပ် BGF အတိုင်းပဲ ပြန်နေစေခဲ့တာဖြစ်ပါတယ်။

BGF အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူဟာ ကရင်နယ်ခြားစောင့်တပ် BGFထဲမှာ ဩဇာအာဏာ ငွေကြေးတောင့်တင်းခိုင်မာသူတစ်ဦးဖြစ်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က စောချစ်သူကို သီရိပျံချီဘွဲ့ ချီးမြှင့်မြှောက်စားပေးအပ်ထားခဲ့တာလည်း ဖြစ်ပါတယ်။

Most read this week

October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...