အပစ်ရပ်ပြီးနောက် ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၁၀၀ နီးပါးရှိလာ

အပစ်ရပ်ပြီးနောက် ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၁၀၀ နီးပါးရှိလာ

ရှမ်းမြောက်မှာ နှစ်ဘက်တပ်တွေ အပစ်ခတ်ရပ်စဲရေး သဘောတူပြီးနောက် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှု အကြိမ်ရေ ၁၀၀ နီးပါးရှိလာတယ်လို့ မြေပြင်အချက်အလက်ကို အခြေခံပြီး သံလွင်တိုင်းမ်ရဲ့ ပြုစုထားတဲ့ စာရင်းတွေအရ သိရပါတယ်။

ဇန်နဝါရီ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ  ရှမ်းမြောက်မှာ စစ်ကောင်စီတပ်ကနေ လက်နက်ကြီး ပစ်ခတ်မှု ၇၂ ကြိမ်ထက်မနည်းနဲ့ လေကြောင်းပစ်ခတ်မှု ၂၂ ကြိမ်ထက်မနည်း ရှိခဲ့တာပါ။

ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ဇန်နဝါရီ ၂၁ ရက်နေ့ ည ထုတ်ပြန်ချက်အရ စစ်ကောင်စီဘက်က တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ နေရာတွေနဲ့ အရပ်သားတွေ နေထိုင်ရာ မြို့ ရပ်ရွာတွေကို လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေကို စိစစ်ကြည့်ရာမှာ ရှမ်းမြောက်အတွင်း အပစ်ရပ်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးခဲ့ရပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ဇန်နဝါရီ ၁၉ ရက်နေ့က တအာင်းစစ်ဒေသ၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ၅ မိုင်တပ်စခန်းကနေ ပိန်ပြစ်ရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးခဲ့ရပြီး ၂ ဦး ဒဏ်ရာရရှိကာ လူနေအိမ် ၄ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၂၁ ရက်နေ့ကလည်း နမ့်ခမ်းမြို့ နယ်ရှိ စစ်ကောင်စီတပ်စခန်းကနေ မန်ဝိန်းနဲ့ နောင်မကြီးကျေးရွာကို ဂျက်ဖိုက်တာနဲ့ ၄ ကြိမ်တိုင် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသမီး တစ်ဦး အပါအဝင် အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ကိုးကန့်ဒေသတစ်ခုလုံးကို သိမ်းယူရရှိခဲ့တဲ့ MNDAA ကတော့ ဇန်နဝါရီ ၁၅ ကနေ ၁၇ ရက်နေ့အတွင်း တုန်ရှမ်းဒေသ ၊ ရှင်ကိုင်ရွာ၊ တာတုန့်ကျိုက်ရပ်ကွက်မှာ စစ်ကောင်စီထောင်ခဲ့တဲ့ မိုင်းကြောင့် အရပ်သား သုံးဦး ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အထူးဒေသ (၁) နယ်မြေအတွင်း နှစ်ဘက်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားမှုမရှိပေမယ့် စစ်နယ်မြေအတွင်း စစ်ကောင်စီရဲ့ မိုင်းနဲ့အခြားပေါက်ကွဲတတ်တဲ့ စစ်ပစ္စည်းတွေရှင်းလင်းဖို့ ကျန်ရှိသေးတဲ့အတွက် ပြည်သူတွေ သတိရှိကြဖို့ MNDAA က သတိပေးထားပါတယ်။

၁၀၂၇ စစ်ဆင်ရေးကြောင့် အထိနာနေတဲ့ စစ်ကောင်စီက တရုတ်ကြားဝင်ညှိနှိုင်းပေးမှုနဲ့ တတိယကြိမ် ဆွေးနွေးမှုအတွင်း ဇန်နဝါရီဒုတိယပတ်အတွင်း ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့တာပါ။

ဒါပေမယ့် အပစ်ခတ်ရပ်စဲဖို့ လက်မှတ်ထိုးပြီးနောက်ပိုင်း ဇန်နဝါရီ ၂၂ ရက်နေ့အထိ  မိုးမိတ်၊ ကျောက်မဲ၊ မိုးကုတ် ၊ နမ့်ခမ်းနဲ့ လားရှိုးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်တာ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေတာလို့ TNLA က ဆိုပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့ မနက် ၈ နာရီမှာ တအာင်းစစ်ဒေသ TNLA ရှိရာ မိုးကုတ်နဲ့ မိုးမိတ်ကြား ၈ မိုင်ကို စစ်ကောင်စီက လာရောက်ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နှစ်ဘက် တိုက်ပွဲဖြစ်ပွားခဲ့သေးတာပါ။

ဒီအပေါ် စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို အကြိမ်ကြိမ်ချိုးဖောက်ခြင်းဖြစ်တယ်လို့ တအာင်းတပ်မတော် TNLA က ဇန်နဝါရီ ၂၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ရက္ခိုင့်တပ်တော် AA ရဲ့  ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် ရခိုင်မြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေပြီး ကျောက်တော်အခြေစိုက် အမြောက်တပ်ရင်းနဲ့ ခြေမြန်တပ်ရင်းတို့ကို လက်လွှတ်ထားရပါတယ်။

October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...