အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသူ/သားများ ပုံစံမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရ

အကျဥ်းထောင်အတွင်း နိုင်ငံရေးအကျဥ်းသူ/သားများ ပုံစံမျိုးစုံဖြင့် လူ့အခွင့်အရေးချိုးဖောက်ခံနေရ

စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက နိုင်ငံတစ်ဝှမ်းရှိ အကျဥ်းထောင်များအတွင်း ဖမ်းဆီးထောင်ချထားသော နိုင်ငံရေးအကျဥ်းသူ၊ အကျဥ်းသားများ ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု ခံနေရကြောင်း ထောင်အတွင်းမှ သက်ဆိုင်ရာသို့ ပေးပို့လာသော တင်ပြချက်နှင့် နိုင်/ကျဥ်းလေ့လာစောင့်ကြည့်နေသူ အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယခု ဇန်နဝါရီလအတွင်း မန္တလေးအိုးဘိုအကျဥ်းထောင်တွင် ခိုက်ရန်ဖြစ်ပွားခဲ့သော နိုင်ငံရေး အကျဥ်း သားတစ်ဦးအား ထောင်အာဏာပိုင်အချို့မှ သံခြေကျင်းခတ် သေလုမျောပါး ရိုက်နှက်ခဲ့သဖြင့် အရေးပေါ်လူနာအဖြစ် ပို့ဆောင်လိုက်ရပြီး အချို့သော ထောင်တွင်းကျန်ရှိ နိုင်ငံရေး အကျဉ်းသား/ သူများကို (၂)နှစ်နီးပါး သံခြေကျင်းခတ်ထားခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိခိုက်ပြောဆိုခြင်း စသဖြင့် လုပ်ဆောင်နေကြောင်း နီးစပ်သူများက လူမှုကွန်ရက်စာမျက်နှာမှတဆင့် အမျိုးသားညီညွတ်ရေးအစိုးရ-NUG အပါအဝင် သက်ဆိုင်ရာသို့ ပေးပို့တင်ပြထားသည်။

နိုင်ငံရေးအကျဥ်းသားများ ထောင်အတွင်း ညှဉ်းပန်းနှိပ်စက်ခံ၊ လူ့အခွင့်အရေးချိုးဖောက်ခံနေရခြင်းမှာ ထောင်အာဏာပိုင်များနှင့် အခြားတာဝန်ရှိသူများ ပူးပေါင်း၍ ရည်ရွယ်ချက်ရှိရှိ ကျူးလွန်နေခြင်းဖြစ်ပြီး ကျူးလွန်သူများအား အပြစ်ပေးအရေးယူသည့် တရားဥပဒေ မရှိသောကြောင့် ဖြစ်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ-NUG ၏ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ဝန်ကြီးက “အစိုးရ စစ်တပ်ဆိုတာ သူတို့ကို အုံကြွတဲ့သူတွေကို မုန်းတီးလေ့ရှိတယ်။ နောက်တစ်ခုက အပြစ်ရှိတဲ့သူက အပြစ်ပေးမခံရတဲ့အတွက် ကျူးလွန်တဲ့သူတွေက သာမန်လုပ်ဆောင်မှုပဲဆိုပြီး လက်ယဥ်လာတယ်။ ထောင်ထဲမှာ တရားဥပဒေမဖော်ဆောင်နိုင်ဘဲ တရားလက်လွတ်ဖြစ်နေတဲ့အပြင် ဒီဖြစ်ရပ်တွေကို ကူညီစောင့်ကြည့်ဖို့ တာဝန်ရှိတဲ့ ICRC အသင်းကိုလည်း စစ်ကောင်စီက ထောင်ထဲဝင် ခွင့်ပိတ်ပြီး အလုံပိတ်၊ လူသတ်ပွဲကျင်းပနေတာပါ” ဟု ကေအိုင်စီသို့ ပြောသည်။

NUG ထံသို့ ပေးပို့လာသော ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုဖြစ်ရပ်များနှင့် ကျူးလွန် သူများကိုလည်း နိုင်ငံတော်အသွင်ကူးပြောင်းရေးကာလတွင် ကျူးလွန်ခံရသူများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် ဆက်လက်ကြိုးပမ်းနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ယခုလိုဆက်ပြောသည်။

“ဒါတွေကို ကျနော်တို့အနေနဲ့ဒီတိုင်းတော့ လက်ပိုက်ကြည့်နေမှာ မဟုတ်ပါဘူး။ တရားမျှတမှု ဖော်ဆောင်ဖို့ အခုကတည်းဖော်ဆောင်ဖို့လိုအပ်တယ် ကျူးလွန်တဲ့သူတွေကို ကျနော်တို့ ဆီသတင်း ပေးဖို့တာတွေရှိတယ်။ နောင် အသွင်ကူးပြောင်းရေးကာလမှာ မြန်မာတစ်နိုင်ငံလုံးက လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ပြည်သူတွေနဲ့တန်းတူ ထောင်ထဲမှာ လူသိမခံရဘဲနဲ့ နှိပ်စက်ခံနေရတဲ့ နိုင်ငံရေး အကျဥ်းသားတွေအတွက် တရားမျှတမှုဆက်လက် ဖော်ဆောင်ဖို့ အခုချိန်ထိ ဆက်လက် ကြိုးပမ်းနေပါတယ်။” ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။

ထို့အတူ ယခု ဇန်နဝါရီလ (၁၂)ရက်နှင့် (၁၆)ရက်နေ့တို့တွင်လည်း မွန်ပြည်နယ် ကျိုက်မရော အကျဉ်း ထောင်မှ နိုင်ငံရေးအကျဥ်းသားနှစ်ဦး ထောင်အတွင်း ဆေးဝါးကုသမှုကောင်းမွန်စွာ မရရှိသဖြင့် သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၎င်းအပြင် လုံလောက်သော ဆေးဝါးကုသမှုမရှိသဖြင့် ၂၀၂၃ ခုနှစ်အတွင်း နိုင်ငံရေးအကျဥ်းသား/သူ (၁၇)ဦး သေဆုံးခဲ့ရသည်ဟုလည်း နိုင်ငံရေးအကျဉ်းသားများကွန်ရက်-PPNM ၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ထိုသို့ လူ့အခွင့်အရေးချိုးဖောက်ခံနေရသည့် အခြေအနေများအတွက် ထောင်ဆေးရုံများတွင် အကျဥ်းသားများအား လုံလောက်သော ဆေးဝါးစောင့်ရှောက်မှုပေးရန်၊ အရေးကြီး လူနာများကို ပြင်ပဆေးရုံသို့ အချိန်မီပို့ဆောင်ကုသရန်၊ နိုင်ငံခြားဆေးဝါးများ ထောင်ဝင်ပါဆယ်အတွင်း သွင်း ခွင့်ပြုရန်တို့ကိုလည်း PPNM က အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ-ICRC နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ တောင်းဆိုထားသည်။

PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက “လက်ရှိမှာ ICRC အဖွဲ့အနေနဲ့ ထောင်ထဲဝင်ခွင့်ရဖို့ စစ်ကောင်စီကိုမပြောနိုင်သေးဘူး။ နိုင်ငံတကာရဲ့ဖိအားကလည်း နိုင်ငံရေးအကျဥ်းသားတွေကို ကာကွယ် ပေးနိုင်လောက်တဲ့အထိ မစွမ်းဆောင်နိုင်သေးဘူး။ ဒါကြောင့်ကျနော်တို့အနေနဲ့ ကျနော်တို့ အကျဥ်းသား တွေ မလွတ်ခင်မှာ ပြည်သူတွေက တတ်နိုင်တဲ့အားနဲ့ကူညီစောင့်ရှောက်မှုတွေ ဆေးဝါးကုသခွင့်တွေလုံ လောက်စွာ ရရှိဖို့ တောင်းဆိုပေးကြမယ်ဆိုရင် ပြန်လွတ်လာတဲ့အခါ သူတို့မိသားစုတွေ လက်ထဲကို အကောင်းပကတိ ပြန်ပို့ပေးနိုင်မှာပါ” ဟု ပြောသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့အထိ မြန်မာတစ်နိုင်ငံလုံး အတိုင်းအ တာအနေဖြင့် တော်လှန်ရေးလုပ်ဆောင်သဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ပြည်သူ စုစုပေါင်း (၂၅,၈၃၇)ဦး ရှိလာပြီး  လက်ရှိအချိန်ထိ စစ်ကောင်စီကထိန်းသိမ်းထားသော (၁၉,၉၃၆) ဦး အနက် (၈,၅၁၂)ဦးမှာ အကျဥ်းထောင်အသီးသီးသို့ ထောင်ဒဏ်ချမှတ်ခံထားရကြောင်း နိုင်ငံရေး အကျဥ်းသားများ စောင့်ရှောက်ရေးအသင်း AAPP ၏ စာရင်းများအရ သိရသည်။

Most read this week

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...