၁၀၂၇ စစ်ဆင်ရေးကြီးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့ထုတ်ပြန်

၁၀၂၇ စစ်ဆင်ရေးကြီးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ညီနောင်မဟာမိတ်(၃)ဖွဲ့ထုတ်ပြန်

ညီနောင်မဟာမိတ်(၃)ဖွဲ့အနေဖြင့် (၁၀၂၇) စစ်ဆင်ရေး ကြီးနှင့်အတူ ထုတ်ပြန်ထားသည့် စစ်ရေးနှင့် နိုင်ငံရေး ရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်ဖော်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ယမန်နေ့ ဇန်နဝါရီလ ၁၇ရက်နေ့ညတွင် ညီနောင် မဟာမိတ်(၃)ဖွဲ့က ထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်မျာနှင့် မြောက်ပိုင်း မဟာမိတ်ညီနောင်သုံးဖွဲ့တို့ကြား ယခုလ ၁၀ရက်နှင့် ၁၁ရက်နေ့တို့တွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့တွင် တွေ့ဆုံခဲ့ကြပြီး ယာယီအပစ်ရပ် သဘောတူညီမှု လက်မှတ်ရေးထိုးခဲ့ကြသော်လည်း စစ်ကောင်စီဘက်မှ တိုက်ခိုက်မှု ဆက်လက်လုပ်ဆောင်သောကြောင့် ညီနောင်မဟာမိတ်ဘက်မှ ယခုလို ထုတ်ပြန်ကြေ ညာလာခြင်းဖြစ်သည်။

နှစ်ဖက်အပစ်ရပ် သဘောတူခဲ့ပြီးနောက် ရှမ်းမြောက်တွင် တိုက်ပွဲများ ယာယီရပ်စဲသွားသော်လည်း ယခုလ ဇန်နဝါရီလ(၁၃)ရက်နေ့မှစပြီး စစ်ကောင်စီဘက်က တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်-(TNLA) ထိန်းချုပ်ထားရာ လားရှိုး၊ သီပေါ၊ ကျောက်မဲ နှင့် မိုးကုတ်မြို့နယ်ရှိ ကျေးရွာများကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း TNLA ဘက်က ထုတ်ပြန်ခဲ့သည်။

အပစ်ရပ်သဘောတူညီချက်များအရ စစ်ကောင်စီဘက်မှ လက်နက်ကြီး နှင့်လေကြောင်း တိုက်ခိုက်မှု မလုပ်ဆောင်ရန် နှင့် ညီနောင်မဟာမိတ်ဘက်မှ စစ်ကောင်စီ၏ စခန်းကုန်း၊ ဗျူဟာကုန်းများကို တိုက်ခိုက်ခြင်းမပြုရန် သဘောတူခဲ့ကြသော်လည်း ၎င်းသဘောတူညီချက်ကို ချိုးဖောက်ပြီး စစ်ကောင်စီဘက်မှ မြေပြင်ထိုးစစ်ဆင်မှုဖြင့် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိနှစ်ဖက် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာကြောင်း ညီနောင်မဟာမိတ်ဘက်က ထုတ်ပြန်သည်။  

ထို့အပြင် (၁၀၂၇) စစ်ဆင်ရေးသည် (၈၃) ရက်မြောက်နေ့သို့ ရောက်ရှိလာခဲ့သည့်တိုင်အောင် ညီနောင် မဟာမိတ်ဘက်မှ စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စတင် တိုက်ခိုက်တာမျိုးမရှိခဲ့သော်လည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီများဘက်မှစတင် တိုက်ခိုက်ခြင်းဖြစ်သည်ဟုလည်း မဟာမိတ်အဖွဲ့ဘက်က ဆိုသည်။

ကိုးကန့်တပ် (MNDAA) စစ်ရေးဖော်ဆောင်မှုများ လုပ်ဆောင်လျက်ရှိသည့် ကိုးကန့်ဒေသတွင်လည်း ယမန့်နေ့ ညက နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ (၆၀မမ) လက်နက်ကြီး များဖြင့် သုံးကြိမ်တိုင်ရမ်းသမ်းပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်မှုဖြင့် နှစ်ဖက်အပစ်ရပ် သဘောတူညီခဲ့ကြကြောင်း စစ်ကောင်စီ နှင့် မဟာမိတ်တို့ဘက်နှစ်ဖက်စလုံးမှ အသိပေးထုတ်ဖော်ပြောဆိုခဲ့ကြသော်လည်း ယခုလို ပြန်လည် တိုက်ခိုက်ပစ်ခတ်မှုနှင့် ပတ်သက်ပြီး စစ်ကောင်စီဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆို လာခြင်းမရှိသေးကြောင်း တွေ့ရသည်။

ရက္ခိုင့်တပ်တော်(AA)၊ တအာင်းတပ်မတော် (TNLA) နှင့် ကိုးကန့်တပ် (MMDAA) တို့ ပါဝင်သည့် မြောက်ပိုင်း မဟာမိတ်အဖွဲ့အနေဖြင့် ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ၂၇ ရက်နေ့မှစ၍ (၁၀၂၇) စစ်ဆင်ရေးကို စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ ထိုသို့ တိုက်ပွဲဖော်ဆောင်ပြီးနောက် စစ်ကောင်စီ၏ တပ်စခန်းပေါင်း ၁၀၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို အရေးပါသည့် ကိုးကန့်မြို့ကိုလည်း ထောင်နှင့်ချီသည့် စစ်ကောင်စီ၏ လက်နက်ချအညံ့ခံမှုဖြင့် သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...