ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ လောက်ကိုင်မြို့ကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဆုံးရှုံးလိုက်ရခြင်းသည် ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း မြန်မာ့ပဋိပက္ခတွင် ကြီးမားသည့် ဖြစ်ထွန်း ပြောင်းလဲမှုများအနက် တစ်ခုဖြစ်သည်။ အဘယ်ကြောင့်နည်း။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (SAC) သည် ၎င်း၏ ပိုင်နက်နယ်မြေအား ညီနောင်မဟာမိတ်သုံးဖွဲ့၏ စစ်ဆင်ရေးမှ ကာကွယ်နိုင်စွမ်း မရှိကြောင်းကို ဤဖြစ်ရပ်က ပြသနေသောကြောင့် ဖြစ်သည်။
ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးဟု အမည်ပေးထားသည့် ပြင်းထန်သည့် ထိုးစစ်တစ်ရပ်ကို ၂၀၂၃ ခုနှစ် အောက်တိုဘာလကုန်တွင် စတင်ဆင်နွှဲခဲ့သည်။ ဤထိုးစစ်က တရုတ်နှင့် နယ်စပ်ချင်း ထိကပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ ခြေကုပ်နေရာများကို ခြိမ်းခြောက်နိုင်ခဲ့သည်။
ညီနောင်မဟာမိတ်၏ လတ်တလော နယ်မြေသိမ်းပိုက်မှုများသည် အာဆီယံဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်ဆောင်ရေးအပေါ် သက်ရောက်မည်မှာလည်း သံသယဖြစ်စရာ မလိုပါပေ။ တစ်ဘက်ဘက်ကသာ စစ်မြေပြင်အောင်ပွဲ ရယူလိုစိတ် များပြားနေလျှင် သက်ဆိုင်ရာ အင်အားစုများအားလုံး ပါဝင်သည့် ဆွေးနွေးမှုတစ်ရပ်အတွက် မျှော်လင့်ချက်များသည်လည်း အလှမ်းဝေးသွားလိမ့်မည်။ တစ်ချိန်တည်း၌ လက်နက်ကိုင်တပ်များထံ ဆုံးရှုံးလိုက်ရသည့် နယ်မြေများကို စစ်ကောင်စီကသာ ပြန်မသိမ်းပိုက်နိုင်ပါက ကာလရှည်ကြာခဲ့ပြီဖြစ်သည့် ရွေးကောက်ပွဲသည်လည်း ရွှေ့ဆိုင်းခံရမည်မှာ သေချာသည်။
ဤဖြစ်ရပ်က အခြားဒေသများအပေါ်၌ အကျိုးသက်ရောက်မှု ရှိလာမည်ဖြစ်သည်။ လက်ရှိ ပဋိပက္ခကြောင့် လူထောင်ပေါင်းများစွာသည် နယ်စပ်ဖြတ်ကျော်ကာ လာအိုနိုင်ငံထဲသို့ ရောက်ရှိလျက်ရှိသည်။ လာအိုသည် မြန်မာ၊ ထိုင်းတို့နှင့် နယ်စပ်ချင်း ၂၃၈ ကီလိုမီတာအထိ ထိစပ်နေသည်။
အာဆီယံ၏ လက်ရှိဥက္ကဌဖြစ်သော လာအိုသည် ယခုလအတွင်း လွန်ပရာဘန်မြို့တွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲတစ်ရပ် ကျင်းပပြီး ယခုနှစ် အာဆီယံအတွက် အစီအစဉ်များကို ချပြဆွေးနွေးမည် ဖြစ်သည်။ အစီအစဉ်များ၏ ထိပ်ဆုံး၌ ရှိနေသည်မှာ ဆိုးရွားလာသော မြန်မာ့အရေးကို ဖြေရှင်းရေးဖြစ်သည်။ ထိုသို့ ဆောင်ရွက်ရန်မှာလည်း အဖွဲ့အနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကိုပင် ပြန်လည်ညှိနှိုင်းရမည် ဖြစ်သည်။
လက်ရှိတွင် အာဆီယံ၏ ကြိုးပမ်းအားထုတ်မှုများမှာ ဒုက္ခရောက်နေသော မြန်မာနိုင်ငံသားများအပေါ် အဓိက အလေးထား ဆောင်ရွက်နေခြင်း ဖြစ်သည်။ အဆိုပါ ဒုက္ခသည်များသည် အိန္ဒိယ၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်နှင့် ထိုင်းနယ်စပ်တလျှောက်ရှိ မြန်မာဘက်ခြမ်းတွင် ရှိနေကြခြင်း ဖြစ်သည်။ ပဋိပက္ခများ ဖြစ်ပွားပြီးနောက်ပိုင်း နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ အရေအတွက်ကို အတိအကျ ထုတ်ပြန်ထားခြင်း မရှိသော်လည်း အများစုကတော့ ၁.၅ သန်းအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားကြသည်။
ထိုင်းနိုင်ငံတွင် ပြီးခဲ့သော လေးလအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို နောက်တန်းသို့ ပို့ထားခဲ့ကြသည်။ ယခုအချိန်တွင်မူ အောက်လွှတ်တော်ကလည်း ပထမဆုံးအဖြစ် ၂၀၂၄ အတွက် ဘဏ္ဍာရေးအသုံးစရိတ်ကို ခေါင်းညိတ်ပေးလိုက်ပြီဖြစ်ရာ ဆရက်သာ သာဗီဆင် အစိုးရအဖွဲ့သည် အမျိုးသားလုံခြုံရေး ကိစ္စရပ်များနှင့် မြန်မာ့ပဋိပက္ခအပါအဝင် အခြားသော ဖိအားများနေသည့် အရေးကိစ္စများအပေါ်တွင် စတင်အာရုံစိုက်နိုင်တော့မည် ဖြစ်သည်။
ထိုင်း နိုင်ငံတော်လုံခြုံရေးကောင်စီ (NSC) တွင် အထွေထွေအတွင်းရေးမှူးသစ်အဖြစ် Pol Gen Roy Inkhapairoj ကို ခန့်အပ်လိုက်ခြင်းသည်လည်း မြန်မာ့အရှုပ်တော်ပုံအား မဟာဗျူဟာကျကျ တုံ့ပြန်ဆောင်ရွက်ရန် ထိုင်းဘက်က စီစဉ်နေချိန်နှင့် အချိန်ကိုက်ပင် ဖြစ်သည်။ Pol Gen Roy အတွက် ကျရှုံးနေဖို့ အချိန်မရှိသလို သူသည်လည်း ယခုနှစ်ကုန်ပိုင်းတွင် ပင်စင်ယူရမည့် အသက်အရွယ်သို့ ရောက်တော့မည် ဖြစ်သည်။ သို့အတွက်ကြောင့် သူ့အနေဖြင့် ပိုမိုဆိုးရွားလာနေသည့် မြန်မာ့အရေးအတွက် အဓိပ္ပာယ်ရှိသည့် ဗျူဟာတစ်ရပ် ရှိထားရတော့မည် ဖြစ်သည်။
အဆိုးဆုံးအခြေအနေထိ တွက်ချက်ကြည့်လျှင် မြန်မာစစ်ကောင်စီနှင့် အပေါင်းပါများသည် ပြိုကွဲသွားနိုင်သည်။ လေ့လာသူများနှင့် ပဏ္ဍိတ်များက စစ်ကောင်စီ၏ နိဂုံးသည် နီးကပ်နေပြီဟု ဆိုကြသည်။ သို့သော်လည်း တကယ်တမ်းတွင်မူ မြန်မာသည် ကျရှုံးနိုင်ငံဟု ခေါ်ဆို၍ရသည့် အခြေအနေသို့ ရောက်ရှိရန် အဝေးကြီး လိုနေပါသေးသည်။
ပြီးခဲ့သော သီတင်းပတ်များအတွင်း စစ်ကောင်စီသည် နယ်ပယ်အများအပြား ဆုံးရှုံးထားသည် ဆိုသော်လည်း နေပြည်တော်သည် တော်လှန်ရေးတပ်သား ၆၅၀၀၀ ခန့်ကို တိုက်ခိုက်ရန် တပ်မတော်အင်အား ၃ သိန်း ရှိထားဆဲဖြစ်သည်။ ထို့ပြင် တော်လှန်ရေးသမား အများစုမှာ လူသစ်များဖြစ်ရာ အဆိုပါ အားသာချက်ဖြင့် စစ်ကောင်စီသည် ၎င်းဆုံးရှုံးခဲ့ရသော နယ်မြေများကို ပြန်သိမ်းနိုင်ခြေ ရှိနေသေးသည်။
ယမန်နှစ် အာဆီယံဥက္ကဌဟောင်းက သူ့အဆို ‘အသံတိတ် သံတမန်နည်းလမ်း’ ကို ကျင့်သုံးပြီး စစ်ကောင်စီ၏ အဓိကရန်ဘက် NUG အပါအဝင် ပဋိပက္ခနှင့် သက်ဆိုင်သည့် အုပ်စုအားလုံးနှင့် ဆက်သွယ်ပြောကြားမှုများ ရှိသည်ဟု ဆိုခဲ့သည်။
ဤလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်သင့်သည်ဟု အသိအမှတ်ပြု ပြောဆိုမှုများ ရှိလာနေပါသည်။ ထိုင်းနိုင်ငံက ဆောင်ရွက်ခဲ့သော Track 1.5 ဒိုင်ယာလော့သည်လည်း အဖွဲ့အစည်းအများအပြားနှင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုများ ရှိခဲ့သည်ဖြစ်ရာ ဆက်လက် ဆောင်ရွက်သင့်သည်။
ဆရက်သာအစိုးရလက်ထက်၌ ထိုင်းနိုင်ငံသည် မြန်မာ့အရေးတွင် သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် ထိတွေ့ဆက်ဆံရာ၌ ပိုမို ထိထိရောက်ရောက် ဆောင်ရွက်ရမည် ဖြစ်သည်။ ဘန်ကောက်အနေဖြင့် မြန်မာနှင့် နယ်စပ်ချင်း ထိကပ်နေသော တရုတ်၊ အိန္ဒိယအပါအဝင် နိုင်ငံများအားလုံးနှင့် ဆွေးနွေးတိုင်ပင်ရမည်။ သို့သော်လည်း အစိုးရအနေဖြင့် အာဆီယံ၏ အခြေခံအကျဆုံး စည်းကမ်းဖြစ်သော ကြားဝင်မစွက်ဖက်ရေးမူကိုပါ လိုက်နာရန် သတိပြုရပေမည်။
အာဆီယံ၏ တုံ့ပြန်မှုများကို ကြည့်ရသလောက်ဆိုလျှင် လာအိုနိုင်ငံသည် ဝါရင့်သံတမန် တစ်ဦးဖြစ်သူ အာလောင်ကီအိုကီတီကုံကို မြန်မာ့အရေးအတွက် အာဆီယံ၏ အထူးကိုယ်စားလှယ်အဖြစ် မြန်မြန်ဆန်ဆန်ပင် ဒီဇင်ဘာလ ၂၂ ရက်နေ့တည်းက ခန့်အပ်လိုက်သည်ကို တွေ့ရသည်။ ယခင်က ကုလသမဂ္ဂ သံတမန်တစ်ဦး ဖြစ်သလို ဝန်ကြီးချုပ်ရုံး၏ ဝန်ကြီးဟောင်းတစ်ဦးလည်း ဖြစ်ခဲ့သည့် အာလောင်ကီအိုသည် ဘုံသဘောတူညီချက် ငါးရပ်တွင် ပြဌာန်းထားသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တက်တက်ကြွကြွ ဆောင်ရွက်ပါလိမ့်မည်။ ဥက္ကဌသစ်ကလည်း ၎င်းရှေ့က အာဆီယံဥက္ကဌအဖြစ် ထမ်းဆောင်ခဲ့ကြသည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားတို့က သဘောတူညီချက် ငါးရပ်နှင့် ပတ်သက်၍ ရရှိခဲ့သည့် အောင်မြင်မှုများအပေါ် ထပ်ဆင့် ဆောင်ရွက်သွားမည်ဟု ရှင်းရှင်းလင်းလင်း ပြောကြားထားသည်။
ပြီးခဲ့သောသုံးနှစ်အတွင်း မြန်မာ့အခြေအနေကြောင့် ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် အဟန့်အတားများ ဖြစ်နေခဲ့သည်။ ဤငါးချက်၌ အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ အကြားတွင် ငြိမ်းချမ်းသော အဖြေတစ်ရပ် ရရှိအောင် အပြုသဘောဆောင်သည့် ဆွေးနွေးမှုများ ပြုလုပ်ရန်၊ အာဆီယံဥက္ကဌ၏ အထူးကိုယ်စားလှယ်က အထွေထွေအတွင်းရေးမှူး၏ အကူအညီနှင့်အတူ ကြားဝင်ဆောင်ရွက်ပြီး အာဆီယံ၏ AHA စင်တာမှတစ်ဆင့် စာနာမှုအကူအညီများ ပေးရန်၊ မြန်မာနိုင်ငံသို့ အထူးကိုယ်စားလှယ်ကိုယ်တိုင် သွားရောက်ပြီး သက်ဆိုင်ရာ အင်အားစုများအားလုံးနှင့် တွေ့ဆုံရန်စသည့် ကိစ္စရပ်များ ပါဝင်သည်။
အချက် ၃၊ ၄၊ ၅ တို့အတွက် တိုးတက်မှုများမှာ အကန့်အသတ်ဖြင့်သာ ရှိခဲ့သည်။ စာနာမှုအထောက်အပံ့ ကူညီရေးစင်တာ AHA အတွက် အာဆီယံပူးပေါင်းဆောင်ရွက်ရေး စင်တာနှင့် မြန်မာ့ကြက်ခြေနီ (MRCS) တို့သည် ပူးပေါင်းဆောင်ရွက်ကာ စာနာမှုအကူအညီများကို ယမန်နှစ်က ဆောင်ရွက်နိုင်ခဲ့သည်။ သို့အတွက်ကြောင့် ယခုနှစ်တွင်လည်း မြန်မာနိုင်ငံအတွင်း တိုးတက်ဖြစ်ထွန်းမှုများ ထပ်မံမြင်တွေ့ရမည်ဟု မျှော်လင့်နိုင်သည်။
ဥက္ကဌသစ်လာအို၏ ခေါင်းဆောင်မှုအောက်တွင် မိမိတို့အနေဖြင့် ဒေသတွင်း၌ ပိုမိုချိတ်ဆက် ဆောင်ရွက်မှုများနှင့် ခံနိုင်ရည်ရှိစွာ ဆောင်ရွက်နိုင်စွမ်းများကို ပိုမြင်ရမည်ဟု မျှော်လင့်၍ ရနိုင်သည်။ သို့သော်လည်း အာဆီယံ၏ ပင်မဒေါက်တိုင်ကြီး သုံးရပ်ဖြစ်သော နိုင်ငံရေးဆိုင်ရာ/လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ တို့ကို ထည့်သွင်းတွက်ချက်သည့် ခြုံငုံချဉ်းကပ်မှုမျိုးဖြင့်သာ ရည်ရွယ်သည့် ပန်းတိုင်များဆီသို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
လွန်ပရာဘန်တွင် ပထမဆုံး ကျင်းပမည့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အလွတ်သဘော တွေ့ဆုံပွဲတွင် အာဆီယံတွင်းက ကိစ္စရပ်များအပြင် အစီအစဉ်ထိပ်ဆုံး၌ ရှိနေသည်မှာ မြန်မာ့အကျပ်အတည်းနှင့် ရှေ့ခရီးစဉ် ဖြစ်နိုင်သည်။
ပြီးခဲ့သည့်လက လာအိုနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနဝန်ကြီး ဆာလွန်ဆေးကုံမာဆစ်က အနာဂတ်စိန်ခေါ်မှုများကို ရင်ဆိုင်မည့် အာဆီယံ၏ စွမ်းရည်ကို မြှင့်တင်ပေးနိုင်မည့် ဦးစားပေးအချက် ကိုးချက်ကို ထောက်ပြခဲ့သည်။
လာအိုနိုင်ငံသည် ရှေ့ဥက္ကဌများ ချမှတ်ခဲ့သည့် လမ်းကြောင်းအတိုင်း လျှောက်လှမ်းပါလိမ့်မည်။ သို့သော်လည်း အာဆီယံ အသိုင်းအဝိုင်းတွင်း၌ ရှိနေသည့် ပြည်သူ သန်း ၆၇၀ ကျော်အတွက် ကိုဗစ်အလွန် ပြန်လည်နာလန်ထူနိုင်ရေးနှင့် ထပ်တိုး အားပေးမြှင့်တင်ရေးတို့အတွက် စီးပွားရေးကဏ္ဍကို ပိုမိုအလေးထား ဆောင်ရွက်လိမ့်မည်။ လာအိုသည် သူ့နိုင်ငံကို သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ရေးကွင်းဆက် ဗဟိုချက်မအဖြစ် အသွင်ပြောင်းနိုင်ရေးကို ရည်ရွယ်ကြိုးပမ်းလျက်ရှိသည်။ အံ့သြစရာမဟုတ်လောက်ဟု ယူဆရသည့် အချက်မှာ လာအိုသည် အရှေ့တောင်အာရှတွင် အမြန်ရထားလမ်း ပထမဆုံး ပိုင်ဆိုင်ထားသည့် နိုင်ငံ ဖြစ်နေခြင်းဖြစ်သည်။ ဤရထားလမ်းသည် ယခုအခါ နိုင်ငံ၏ အနာဂတ်မျှော်မှန်းချက်အတွက် အထူးမြင်သာသည့် သင်္ကေတတစ်ရပ် ဖြစ်နေပေသည်။
အာဆီယံအဖွဲ့ဝင်များ၏ အားပေးကူညီမှုဖြင့် လာအိုသည် ဥက္ကဌတာဝန်ကို ဂုဏ်သိက္ခာနှင့်အတူ အဖွဲ့၏ အကျိုးစီးပွားကို ဗဟိုပြုကာ အကောင်အထည်ဖော်နိုင်ပါလိမ့်မည်။ ယခုတစ်ကြိမ်သည် မစ္စတာဆာလွန်ဆေးအတွက် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ဒုတိယအကြိမ် ဆက်ခံခြင်း ဖြစ်သည်ကိုလည်း သတိပြုရမည်။ ၂၀၁၆ တွင် ပထမအကြိမ် ဆက်ခံစဉ်က သူသည် နိုင်ငံခြားရေးဝန်ကြီးရာထူးကို ရရချင်းပင် စိန်ခေါ်မှုများ အကြီးအကျယ် ရင်ဆိုင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံ ရှိထားသူဖြစ်သည်။
အာဆီယံအဖွဲ့ကြီး၏ ဆော်သြနိုင်စွမ်း၊ ဆွဲဆောင်သိမ်းသွင်းနိုင်စွမ်းသည် အလှည့်ကျဥက္ကဌနိုင်ငံ၏ ပထဝီအနေအထားနှင့် လူဦးရေပမာဏအပေါ်တွင် မူတည်နေခြင်း မဟုတ်သည်ကိုတော့ သတိပြုရပါလိမ့်မည်။ ဤစွမ်းရည်မှာ ဥက္ကဌ၏ လမ်းညွှန်မှုဖြင့် မောင်းနှင့်သည့် အာဆီယံနည်းလမ်း ပေါ်တွင်သာ မူတည်နေခြင်း ဖြစ်ပေသည်။
■ ဘန်ကောက်ပို့စ်တွင် Kavi Chongkittavorn ရေးသားထားသည့် သဘောထားအမြင် ဆောင်းပါးကို ဘာသာပြန်ပါသည်။