ရွှေကုက္ကိုလ်တွင် ပြည်သူ့စစ် စုဆောင်းနေပြီး မဝင်ပါက တစ်လ ဘတ်ငွေတစ်ထောင်ပေးဆောင်ရ

ရွှေကုက္ကိုလ်တွင် ပြည်သူ့စစ် စုဆောင်းနေပြီး မဝင်ပါက တစ်လ ဘတ်ငွေတစ်ထောင်ပေးဆောင်ရ

ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်မြို့တွင် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလပိုင်းမှစ၍ နယ်ခြားစောင့်တပ်-BGF တပ်က ကျေးရွာအတွင်းရှိ အရပ်သားပြည်သူများကို ပြည်သူ့စစ်လုပ်ဆောင်ရန် ခေါ်ယူစုဆောင်းနေပြီး မဝင်ပါက တစ်လဘတ်ငွေတစ်ထောင်ပေးဆောင်ရကြောင်း ရွှေကုက္ကိုလ်မြို့ခံထံမှ သိရသည်။

ရပ်ကွက် ၆ ခုကို ပြည်သူ့စစ်ထဲသို့ ဝင်ရောက်ရန်အတွက် အရပ်သားပြည်သူများကို BGF တပ်များနှင့် ရပ်ကွက် အာဏာ ပိုင်များက လိုက်လံခေါ်ယူစုဆောင်းနေပြီး ဒေသခံများအနေဖြင့် ဝင်ရောက်ခြင်းမရှိပါက လူအစားထိုး ငှားယူရန် တစ်လလျှင် ထိုင်းဘတ်ငွေတစ်ထောင်ကောက်ခံကြောင်း ရွှေကုက္ကိုလ်မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “တစ်လကိုတစ်ထောင် ကျနော်တို့အိမ်ကတော့ ဘတ်တစ်ထောင်ထည့်ရတယ်။ လိုင်းခန်းတွေ အခန်းတွေကတော့ ၃၀၀ လည်းရှိတယ်။ ၅၀၀ လည်းရှိတယ်။ ပြည်သူ့စစ်လုပ်ဖို့ သူတို့လာခေါ်တယ်။ တစ်ရပ်ကွက်ကို လူဘယ်နှစ်ယောက် လိုချင်တယ်ပေါ့။ အဲ့တာမသွားဘူးဆိုရင် ပိုက်ဆံပေးရတယ်။ တကယ်လို့ ရွာကလူကမသွားနိုင်ဘူးဆိုရင် သူတို့အပြင်မှာ ပိုက်ဆံပေးပြီးပြန်ငှားတယ်။ အရင်လကဆိုရင် အိမ်တိုင်း တစ်ထောင်ထည့်ရတယ်။ ဒီလတော့သူတို့လာ မကောက်သေးဘူး။ ပြီးရင်သူတို့သင်တန်းပေးတယ်။ ရှေ့တန်းနေရာတွေကိုပို့တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ရွှေကုက္ကိုလ်မြို့သစ်တွင် စစ်ရေးအရ နယ်မြေလုံခြုံရေး တိုးမြှင့်ချထားရန်အတွက် မြို့အနီးဝန်းကျင် ကျေးရွာ၊ ရပ်ကွက်များမှ လူငယ်များအား နယ်ခြားစောင့်တပ်ဖွဲ့ဝင် အသစ်စုဆောင်းမှုများ လုပ်ဆောင်နေပြီး ဒေသတွင်းနေထိုင်သူများ အခက်တွေ့နေကြရကြောင်းလည်း ဒေသခံများက ပြောသည်။

ရွှေကုက္ကိုလ်မြို့၏ မြို့အဝင်အထွက်ရှိ BGF စစ်ဆေးရေးဂိတ်များတွင်လည်း စစ်ဆေးမှုများကို ယခင်ကထက်ပို၍ တင်းကြပ်ထားသည်ဟုလည်း ဖြတ်သန်းသွားလာသည့် ယာဉ်မောင်းတစ်ဦးက ယခုလိုပြောသည်။

“ဂိတ်တွေတော့သွားလို့ရတယ်။ ဒါပေမဲ့ အစစ်အဆေးများတယ်။ အခုဂိတ်မှာ BGF တွေအဝင်အထွက် လက် ကုန်စစ်နေတယ်။ သူတို့ကဘယ်နေရာမှာနေလဲ ယာယီလက်မှတ်ရှိလား အဲ့လိုစစ်တယ်။ ဒီလူတွေက ဒီကုက္ကိုလ် ထဲမှာ အရင်ကနေဖူးသလား အကုန်မေးတယ်။ ဒီထဲမှာနေဖူးရင် အဝင်အထွက် နည်းနည်းလွယ်တယ်။ မနေဖူးရင်တော့ အဝင်အထွက်ခက်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မေလဆန်းပိုင်းကလည်း ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် (BGF) နှင့် ရပ်ကွက်လူကြီးများက ဒေသခံရွာသားများကို မဲနှိုက်စနစ်ဖြင့် အတင်းအဓမ္မ တပ်သားသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ (၃) ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ်၊ ကျောက်တံခါးနှင့် ညောင်လေး ပင်မြို့များ တွင်လည်း စစ်တပ်က ပြည်သူ့ စစ်ဖွဲ့စည်းရန် လူတောင်းခြင်း၊ လုပ်ငန်းရှင်များထံမှ ငွေတောင်းခြင်းနှင့် ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ခဲ့သေးသည်။

Most read this week

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...