ကိုးကန့်ဒေသ စစ်ကောင်စီ အုပ်ချုပ်ရေး အမိန့်ကို MNDAA မှ ပယ်ဖျက်ကြောင်း ကြေညာ

ကိုးကန့်ဒေသ စစ်ကောင်စီ အုပ်ချုပ်ရေး အမိန့်ကို MNDAA မှ ပယ်ဖျက်ကြောင်း ကြေညာ

သျှမ်းပြည်ရှိ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း အာဏာသိမ်း  စစ်ကောင်စီ၏ အုပ်ချုပ်ရေး အမိန့် ကြေညာချက်များကို ပယ်ဖျက်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (ကိုးကန့်တပ်ဖွဲ့) MNDAA က ထုတ်ပြန်ကြေညာလာခဲ့သည်။

ကိုးကန့်တပ်(MNDAA)ပါဝင်သည့် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီး သီတင်းပတ် ၂ ပတ် အကြာ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၃ ရက်တွင် ကိုးကန့်ဒေသမှ ကုန်းကြမ်းမြို့နှင့် လောက်ကိုင်မြို့နယ် တို့ကို စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာခဲ့ခြင်း ဖြစ်သည်။

လက်ရှိ အချိန်တွင် အဆိုပါ စစ်ကောင်စီ၏ စစ်အုပ်ချုပ်ရေး အမိန့်ကြေညာချက်များကို ကိုးကန့်တပ်ဖွဲ့ (MNDAA) ၏  စစ်ရေးအုပ်ချုပ်မှုကော်မတီမှ ပယ်ဖျက်ကြောင်း ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။

“အာဏာသိမ်းစစ်ကောင်စီနဲ့ သူ့လက်အောက် ရုပ်သေးရုပ် ကိုးကန့် အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့တဲ့ အမိန့်၊ ကြေညာချက်နဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကို ပယ်ဖျက်လိုက်ကြောင်းနဲ့ လိုအပ်တာတွေကို သက်ဆိုင်ရာ ဒေသန္တရ အာဏာပိုင်အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တယ်’’ ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန် ကြေညာ ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာလာခြင်းဖြစ်ပြီး ပြည်သူများ အနေဖြင့် လိုအပ်ပါက ဒေသန္တရအာဏာပိုင် အဖွဲ့အစည်း နှင့် ဆက်သွယ် ချိတ်ဆက်နိုင်ကြောင်းလည်း ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန် ကြေညာထားသည်။

ဇန်နဝါရီ ၄ ရက် ညပိုင်းတွင် နောက်ဆုံးကျန်ရှိခဲ့သည့် ဒေသကွပ်ကဲမှု စစ်ဆင်ရေးဌာန ချုပ် (ဒကစ-လောက်ကိုင်) မှ ဗိုလ်မှူးချုပ် ၆ ဦးနှင့်အတူ ထောင်နှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လက်နက်ချခဲ့ပြီး နောက် ကိုးကန့်ဒေသ တခုလုံးအား သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း MNDAA က ကြေညာခဲ့သည်။

ကိုးကန့်ဒေသအား အလုံးစုံသိမ်းပိုက်ပြီးနောက် ဒေသတွင်း အုပ်ချုပ်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများ အကောင်အထည် ဖော်နေသည့် MNDAA အနေဖြင့် စစ်ကောင်စီလက်အောက်ခံ ဒေသဦးစီးအဖွဲ့ဟောင်းလက် အောက်တွင် တာဝန်ထမ်း ဆောင်ခဲ့သော ဌာနဆိုင်ရာ ဝန်ထမ်းများအနေ ဖြင့် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံး ထားကာ ကိုယ်ရေးအချက်အလက်များ ပေးပို့ရန်လည်း ဇန်နဝါရီ ၁၃ ရက်က ကြေညာထားသည်။

သတ်မှတ်ရက်အတွင်း ကိုယ်ရေးအချက်အလက်များ စာရင်းလာရောက်ပေးသွင်းခြင်းမရှိသော စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းဟောင်းများအနေဖြင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များအား တာဝန်ယူရမည်ဖြစ် ကြောင်းလည်း သတိပေးထားသည်။

လက်ရှိ အချိန်၌ ကိုးကန့်ဒေသဖြစ်သည့် လောက်ကိုင်မြို့နှင့် ကုန်းကြမ်းမြို့တို့တွင် ကိုးကန့်တပ်ဖွဲ့ (MNDAA) မှ နေရာယူ ထိန်းချုပ်ထားလျက်ရှိပြီး ၎င်းတို့၏ အုပ်ချုပ်ရေး ယန္တရားများ စတင်နိုင်ရန်အတွက် စတင်ပြင်ဆင် လုပ်ဆောင်မှုများ ရှိနေကြောင်းလည်း သတင်းသိရသည်။

ထို့အပြင် သျှမ်းပြည် အထူးဒေသ (၁) ဖြစ်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသကို  ပြန်လည်ထူထောင်ရေး လုပ်မည်ဟု ကိုးကန့်တပ်ဖွဲ့ (MNDAA) စစ်ဦးစီးချုပ် ဦးဖုန်တဲရင်မှ  နှစ်သစ်ကူး မိန့်ခွန်းတွင် ထည့်သွင်းပြောဆို ထား သည်ကို လေ့လာတွေ့ရှိရသည်။

Most read this week

October 14, 2024
သျှမ်းပြည် လာရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံကြဲသဖြင့်...
October 14, 2024
သျှမ်းပြည် သီပေါမြို့နယ်ရှိ စစ်ကောင်စီလက်ကျန်တပ် ခြေလျင်တပ်ရင်း ခလရ(၂၃)မှ တပ်သားနှင့် မိသားစုဝင်...
October 11, 2024
မြန်မာ့အရေး ဆွေးနွေးပွဲတစ်ရပ်ကို အောက်တိုဘာလ ၃ ရက်နေ့မှ ၅ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ...
October 10, 2024
သျှမ်းပြည် တန့်ယန်းမြို့နယ်တွင် ကျားဖြန့်ဟု လူသိများသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်များ...