ရှမ်းမြောက်တွင် အပစ်ရပ်ပြီးနောက် ရခိုင်တိုက်ပွဲ ပိုပြင်းထန်လာ

ရှမ်းမြောက်တွင် အပစ်ရပ်ပြီးနောက် ရခိုင်တိုက်ပွဲ ပိုပြင်းထန်လာ
ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်ကြီးအား သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ အောင်ပွဲခံနေစဉ်။
ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ တောင်ရှည်တောင်ဗျူဟာကုန်ကြီးအား သိမ်းပိုက်ပြီးနောက် AA တပ်ဖွဲ့ဝင်များ အောင်ပွဲခံနေစဉ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် စစ်ကောင်စီနှင့် ညီနောင်မဟာမိတ်(၃)ဖွဲ့တို့ တရုတ်ကြားဝင်မှုဖြင့် ယာယီအပစ်ရပ်စဲပြီးနောက် ရခိုင်ဒေသတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)ကြား တိုက်ပွဲများမှာ ပိုမိုပြင်းထန်လာသည်။

လက်ရှိတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ ရသေ့တောင် မြို့နယ်များရှိ စစ်ကောင်စီ၏ တပ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီကလည်း တပ်စခန်းများမကျရှုံးရေး ကြည်း၊ ရေ၊ လေပူးပေါင်းကာ အကြိတ်အနယ် ခုခံတိုက်ခိုက်နေသည်။

မင်းပြားမြို့ရှိ စစ်ကောင်စီ၏ ခမရ ၃၇၇၊ ၃၈၀၊ ၅၄၁ တပ်ရင်းများကို AA က ဇန်နဝါရီ ၁၀ ရက်တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ယနေ့အချိန်ထိ နေ့ညမပြတ် နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက်ရှိနေသည်။

“စစ်ကောင်စီဘက်က လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တာ တော်တော်ပြင်းထန်လာတယ်။ ဘယ်လိုလက်နက်တွေမှန်းတောင် ဝေခွဲမရတော့ဘူး။ ပစ်သံတွေ လုံးဝမစဲဘဲ တိုက်နေကြတယ်” ဟု မင်းပြားဒေသခံတစ်ဦးက ပြောသည်။

ကျောက်တော်မြို့နယ်တွင်လည်း တိုက်ပွဲပြင်းထန်နေပြီး ကန်စောက်တောင်ပေါ်ရှိ စစ်ကောင်စီ၏ ၃၇၇ အမြောက်တပ်ကို AA က သိမ်းပိုက်ပြီးဖြစ်ကာ ခမရ ၅၃၉ တပ်ရင်းကို သိမ်းပိုက်နိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေသည်။

အဆိုပါတိုက်ပွဲကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာပေါင်း ၂၀ ကျော်က ထောင်နှင့်ချီသော ဒေသခံများမှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

“စစ်ကောင်စီက လက်နက်ကြီးနဲ့ရော လေကြောင်းနဲ့ပါ အရပ်သားကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက်မှု လုပ်နေတယ်။ ဒါကြောင့်လည်း အရပ်သားသေဆုံးထိခိုက်တာတွေနဲ့ နေအိမ်မီးလောင်တာတွေ နေ့တိုင်းရှိနေတယ်” ဟု ကျောက်တော်ဒေသခံတစ်ဦးက ပြောသည်။

တိုက်ပွဲပြင်းထန်မှုနှင့်အတူ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများ ပိုလုပ်ဆောင်လာပြီး ယခင်က အချိန်အပိုင်းအခြားဖြင့်သာ ပစ်ခတ်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် နေ့ညမပြတ် မနားတမ်းပစ်ခတ်နေကြောင်း ဒေသခံများက ပြောကြသည်။

AA ၏ ပိတ်ဆို့တိုက်ခိုက်မှုများကို ရင်ဆိုင်နေရသော စစ်ကောင်စီသည် မြေပြင်စစ်ကူအင်အား ထောက်ပံ့ပေးနိုင်သည့် အခြေအနေမရှိသဖြင့် လေကြောင်းတိုက်ခိုက်မှုကို အဓိက အသုံးပြုလာသည်ကိုလည်း တွေ့လာရသည်။

Enemy Air Route လေကြောင်းစောင့်ကြည့်အဖွဲ့၏ ထုတ်ပြန်ချက်များအရ ရခိုင်ဒေသတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ တစ်နေ့လျှင် (၁၀) ကြိမ်ထက်မနည်း ရှိနေသည်။

စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးသူဦးရေ တိုးလာနေပြီး နေအိမ်အဆောက်အအုံ ထိခိုက်ပျက်စီးမှုလည်း အများအပြားရှိလာသည်။   

ဇန်နဝါရီ ၁၂ ရက်မှ ၁၄ ရက်အထိ စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပေါက်တော၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်တို့တွင် အရပ်သားသေဆုံးသူ ၁၂ ဦးနှင့် ဒဏ်ရာရရှိသူ ၂၃ ဦးအထိ ရှိသည်။

“စစ်ကောင်စီက တိုက်ပွဲအတွင်းမှာ အနိုင်မတိုက်နိုင်တော့ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ပစ်မှတ်ထားလာတယ်။ ရပ်ရွာတွေကို မီးရှို့တာ၊ အရပ်သားတွေကို သတ်ဖြတ်တာစတဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေတယ်” ဟု ရခိုင်က လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။

စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြေပုံ၊ အမ်း၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ တောင်ကုတ်၊ ဂွ၊ သံတွဲ မြို့နယ်များ၌လည်း နှစ်ဖက်စစ်ရေးလှုပ်ရှားမှုများရှိနေပြီး စစ်ကောင်စီဖက်က ရေကြောင်းဖြင့် စစ်အင်အားဖြည့်တင်းကာ မြို့ပေါ်စစ်ရေးပြင်ဆင်မှုများ တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။

ရခိုင်နှင့် ပလက်ဝဒေသတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှစ၍ တကျော့ပြန်တိုက်ပွဲ ဖြစ်ပွားနေသည်မှာ နှစ်လကျော်ထိကြာမြင့်လာပြီဖြစ်သည်။

လက်ရှိတွင် ပလက်ဝဒေသတစ်လုံးကို AA က သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ကာ ရခိုင်ဒေသတွင်လည်း မြို့ပေါ်ရှိ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်နိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။

“ရှမ်းမြောက်ဖက်မှာက သူတို့(MNDAA, TNLA)လိုချင်တာတွေ ရသွားပြီ။ နောက်ပြီးတော့ တရုတ်ကလည်း ကြားဝင်စေ့စပ်ထားတယ်။ ရခိုင်မှာကျတော့ ULA/AA က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲမှာ ပါဝင်ပေမဲ့ တိုက်ခိုက်မှုက လိုချင်တဲ့သတ်မှတ်နေရာတွေကို မရနိုင်သေးဘူး။ အဲဒါကြောင့် တိုက်ပွဲတွေ ဆက်လက်ပြီး ပြင်းထန်လာနိုင်တယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက သုံးသပ်သည်။

တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူဦးရေလည်း တိုးလာနေပြီး လက်ရှိတွင် ရခိုင်ဒေသအတွင်း စစ်ဘေးရှောင်ဦးရေ သုံးသိန်းကျော်အထိ ရှိလာနေပြီဖြစ်သည်။

စစ်ဘေးရှောင်များမှာ စားဝတ်နေရေး၊ ဆေးဝါးနှင့် အဝတ်အထည် စသည့် အရေးပေါ်အကူအညီများ လိုအပ်နေပြီး စစ်ကောင်စီကန့်သတ်ချက်ကြောင့် နိုင်ငံတကာနှင့် ဒေသတွင်းအဖွဲ့အစည်းများကလည်း လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ခွင့်မရသည့်အတွက် အခက်အခဲများနှင့် ပို၍ကြုံတွေ့နေရသည်။

Most read this week

October 14, 2024
အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော်တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ကျေးရွာပေါင်း ၁၀...
October 14, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ဒေသတွင် စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၈ နှစ်အောက်...
October 11, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို ယမန်နေ့ အောက်တိုဘာ ၁၀ ရက်၊ ညနေ ၄ နာရီခွဲအချိန် စစ်ကောင်စီက...
October 11, 2024
ရခိုင်ပြည်၌ အကြီးဆုံးသော စစ်ကောင်စီဌာနချုပ် အနောက်ပိုင်းတိုင်းစစ်ဌာနာချုပ် (နပခ) တည်ရှိရာသို့...