လက်နက်ချ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း KNU ထုတ်ပြန်

လက်နက်ချ စစ်ကောင်စီတပ်သားနှင့် မိသားစုဝင်များကို ကောင်းမွန်စွာစောင့်ရှောက်ထားကြောင်း KNU ထုတ်ပြန်

လက်နက်ချအညံ့ခံသူ စစ်သုံ့ပန်းများနှင့် မိသားစုဝင်များကို ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အနေဖြင့် သတ်ဖြတ်မှုများပြုလုပ်နေကြောင်း စစ်ကောင်စီမှ တပ်တွင်းဝါဒဖြန့်မှုများရှိလာ၍ ၎င်းတို့ကို နိုင်ငံတကာ ဥပဒေများနှင့်အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားကြောင်း ကေအဲန်ယူ ယနေ့တွင် ရုပ်ပုံများနှင့်တကွ ထုတ်ပြန်လာကြောင်းတွေ့ရသည်။

ကေအဲန်ယူဦးဆောင်သည့် မုန်းမြို့သိမ်းဖြစ်စဉ်အတွင်း စစ်ကောင်စီ၏အရာရှိနှင့်တပ်ဖွဲ့ဝင်အချို့ လက် နက်ချ အညံ့ခံခဲ့ပြီးနောက် ၎င်းလက်နက်ချ အညံ့ခံသူများကို ကေအဲန်ယူမှ သတ်ဖြတ်နေကြောင်း စစ်ကောင်စီ၏ တပ်တွင်း၌ ဝါဒဖြန့်မှုများ လုပ်ဆောင်နေကြောင်း တပ်တွင်းသတင်းအရင်း အမြစ်များ၏ပြောဆိုမှုများကြောင့် ကေအဲန်ယူဘက်မှ ယခုလိုဓါတ်ပုံများနှင့်တကွ ထုတ်ပြန်လာခြင်းဖြစ်သည်။

ကေအဲန်ယူအနေဖြင့် မုန်းမြို့တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်သား ၁၉ ဦး လက်နက်ချ အညံ့ခံခဲ့သလို ၎င်းတို့ မိသားစုဝင် ၄၂ ဦးကို လေကြောင်းနှင့် လက်နက်ကြီး တိုက်တိုက်မှု၏ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားပြီး စစ်သုံ့ပန်း ဥပဒေများနှင့် အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ၎င်းတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များကို ၁၉၄၈ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ညီလာခံ၏ အတည်ပြုကြေငြာထားသည့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းပါ အပိုဒ်(၁)၊ အပိုဒ်(၃)၊ အပိုဒ်(၅) နှင့် အပိုဒ်(၉)ပါ အခွင့်အရေးများချိုးဖောက်ခြင်းမရှိဘဲ လူ့ဂုဏ်သိက္ခာနှင့် အညီ ရှင်သန်ရပ်တည်နိုင်ရန် ကူညီစောင့်ရှောက်ပေးထားကြောင်းလည်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြ ပြောဆိုထားသည်။

တပ်တွင်းဝါဒဖြန့်မှုအရ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် အလံဖြူထောင် လက်နက်ချသူများကို ပြန်လွတ်ပေးသော်လည်း ကေအဲန်ယူတပ်ဖွဲ့ဝင်များကမူ ဖမ်းဆီးရမိသည့် ကလေးများပါ မချန်သတ်ဖြတ်နေသည်ဟု ဝါဒဖြန့်မှုကို ကိုယ်တိုင်ကြားသိခဲ့ရသည့် တပ်တွင်း သတင်းအရင်းမြစ်တစ်ဦးက ကေအိုင်စီသို့ ဇန်နဝါရီလ ၁၃ ရက်နေ့က ယခုလိုပြောဆိုခဲ့သည်။

ယခုလို ဝါဒဖြန့်ပြောဆိုလာခြင်းမှာ စစ်ကောင်စီအနေဖြင့် အဘက်ဘက်မှ ဆုတ်ယုတ်လာပြီး ၎င်းတို့ အာဏာ ဆက်လက်တည်မြဲရေးအတွက် ဝါဒဖြန့်ချိရေး ယန္တရားကို အသုံးပြုနေကြောင်း နှင့် ၎င်းတို့ အမြဲတစေလုပ်ဆောင်သည့် ဘာသာရေး၊ လူမျိုးရေး မှိုင်းတိုက်မှုနှင့် သတင်းအမှားများကို အသုံးပြုပြီး တော်လှန်ရေးအဖွဲ့အစည်းများအပေါ် လူထုအထင်အမြင်လွဲမှားစေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ကေအဲန်ယူဘက်က ပြောဆိုသည်။

ကေအဲန်ယူ၏ ပြောခွင့်ရ ပဒိုစောတောနီးက “သူတို့ပြောသလို နည်းနည်းလေးမှ မဟုတ်မှန်ပါဘူး။ ဒီ မှီခိုသူ ဖြစ်တဲ့ သူတို့ မိသားစုတွေ အတွက်ကို တော့ ကျနော်တို့ဘက်က အကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်ဖို့ စဉ်းစား ထားပါတယ်။ ကျန်တဲ့လက်နက်ချတဲ့ သူတွေကိုတော့ ကျနော်တို့ရဲ့ စစ်သုံ့ပန်း ပေါ်လစီ နဲ့ အပြည်ပြည်ဆိုင်ရာ လူသားချင်း စာနာထောက်ထားမှု ဥပဒေများအတိုင်း တသွေမတိမ်း လိုက်နာနေပါတယ်” ဟု ဇန်နဝါရီ ၁၃ ရက်နေ့က ကေအိုင်စီ သို့ ပြောဆိုထားသည်။

ကေအဲန်ယူက ယနေ့ ထုတ်ပြန်ထားသည့် ဓါတ်ပုံများအရ လက်နက်ချ စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ၎င်းတို့ မိသားစုဝင်များ၊ ကလေးငယ်များ ပါဝင်သည့် ရုပ်ပုံများ ပါဝင်ပြီး နေအိမ်အဆောင်များဖြင့် လွတ်လွတ်လပ်လပ် ချက်ပြုတ်စားသောက် ဆော့ကစားသည့်ပုံများပါဝင်ကြောင်းလည်း တွေ့ရသည်။

ကေအဲန်ယူ၏ တပ်မဟာ(၃) နယ်မြေအတွင်းရှိ ပဲခူးတိုင်းအတွင်းရှိ မုန်းမြို့ကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၂ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဦးဆောင်သည့် တော်လှန်ရေး ပူးပေါင်းတပ်က တိုက်ခိုက် သိမ်းပိုက်ရာတွင် တပ်ရင်းမှူးအဆင့်ရှိသူ အရာရှိအပါအဝင် တပ်ဖွဲ့ဝင်(၁၉)ဦး လက်နက်ချ အညံ့ခံခဲ့သလို တပ်ဖွဲ့ မိသားစုဝင် (၄၂) ဦး ဖမ်းဆီးရမိခဲ့ကြောင်း KNLA ဘက်က ဒီဇင်ဘာလတွင် သတင်းထုတ်ပြန်ခဲ့သည်။

Photo: KNU

October 14, 2024
ကရင်ပြည်နယ်အတွင်း အပစ်ရပ်လက်နက်ကိုင်နယ်မြေကျေးရွာများတွင် စစ်ကောင်စီက နည်းလမ်း...
October 12, 2024
နန့်ဆန်းထီ — ထိုင်း-မြန်မာ နှစ်နိုင်ငံကုန်သွယ်ရေးအတွက် အဓိကရည်ရွယ်၍ ယခင်အပစ်ရပ်ကာအတွင်း...
October 11, 2024
ဖားအံမြို့နယ်၊ ကျားကလေး-ဇာသပြင် လမ်းပိုင်းနယ်မြေရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်များတွင်...
October 10, 2024
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သာမညတွင် သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေးယူနေသည့် စစ်ကောင်စီ...