နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် မသန်စွမ်းသူတွေ အသက်ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာ

နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် မသန်စွမ်းသူတွေ အသက်ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာ

အာဏာသိမ်းကာလအတွင်း နိုင်ငံအနှံ့တိုက်ပွဲတွေအပြင် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် မသန် စွမ်းသူတွေဟာ ဘဝရပ်တည်နိုင်ရေးနဲ့ အသက်ရှင်သန်နေထိုင်ဖို့ ပိုမိုခက်ခဲလာတယ်လို့ မြန်မာနိုင်ငံ မသန်စွမ်းသူများခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MCERP က သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုင်းပြည်အာဏာအရပ်ရပ်ကို မဲစာရင်းမှားယွင်မှု အကြောင်းပြချက်နဲ့ လက်နက်အားကိုးပြီး စစ် တပ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလအတွင်း တိုင်းနဲ့ပြည်နယ်အသီးသီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ လေကြာင်းတိုက်ခိုက်မှုတွေ နေ့စဉ်နဲ့အမျှ ရှိနေခဲ့တာပါ။

မသန်စွမ်းသူတွေဟာ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်းရှောင်ဖို့ အခက်အခဲကြောင့် ထိခိုက်သေ ဆုံးရတာ၊ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာ၊ စစ်ကောင်စီ စစ်ကြောင်းနဲ့တိုးပြီး ပစ်သတ်ခံရတဲ့ ဖြစ်စဉ်တွေလည်း ဒုနဲ့ဒေးဖြစ်လာခဲ့တာပါ။

တဖက်မှာတော့ မသန်စွမ်းသူတွေဟာ ကျန်းမာရေး စောင့်ရှောက်မှုတွေ မရရှိတာ၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုနဲ့အတူ မိသားစုစားဝတ်နေရေး အခက်အခဲတွေကြောင့် အာဟာရချို့တဲ့မှုတွေ ရှိလာတဲ့အတွက် ရောဂါဖြစ်ပွားမှုတွေ များပြားလာခဲ့ပါတယ်။

မြန်မာနိုင်ငံ မသန်စွမ်းသူများ ခွင့်တူညီမျှ ပူးပေါင်းဆောင်ရွက်ရေးကော်မတီ MCERP ဥက္ကဋ္ဌ ဦးဇော်လင်းထွန်းကတော့ မသန်စွမ်းသူတွေဟာ တိုက်ပွဲတွေအတွင်း ထွက်ပြေးတိမ်ရှောင်ဖို့ အခက်အခဲကြောင့် ထိခိုက်သေဆုံးရတဲ့ ဖြစ်စဉ်တွေကို အများဆုံးခံစားနေရတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့တွေ နံပါတ်တစ်ကြားရတာပေါ့နော်။ ဗုံးတွေကြဲတဲ့ဘက်တွေမှာဆိုရင် ဗုံးခိုကျင်းတွေရှိလည်း ကျွန်တော်တို့ ဝှီးချဲသုံးတဲ့ မသန်စွမ်းတွေက ဘယ်လိုဆင်းတော့မလဲ။ နောက်ချိုင်းထောက်နဲ့ မသန်စွမ်းသူက လေယာဉ်ပျံသံကို ကြားပြီးတော့ ၅ စက္ကန့်လောက်အတွင်းမှာ ဝင်ဖို့ဆိုတာ သူ့အ တွက်က ဘယ်လိုမှမဖြစ်နိုင်ဘူး။ ထွက်ပြေးဖို့ အတွက်တောင်မှပဲ အခက်အခဲကဖြစ်တယ်။ အကြားအာရုံ မသန်စွမ်းသူတွေက ပိုဆိုးသေးတယ်။ ဗုံးခိုကျင်းမျိုး လေယာဉ်ပျံလာလို့ လေယာဉ်ပျံသံ ကြားရင်တော်သေးတယ်။ သူတို့က မကြားဘူး။ လေယာဉ်ပျံလာလည်း မသိဘူး။ အဲဒီလိုမျိုးဆိုတော့ ဒီဟာတွေကို ဘယ်လိုမှ ရှောင်လွဲလို့မရဘူး။ ဖြစ်သမျှ အကုန်လုံးကို ခါးစည်းခံဖို့ပဲ ဖြစ်နေတာပေါ့ဗျာ”လို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲတွေကြားထဲမှာ မသန်စွမ်းသူတွေဟာ ပုံမှန်လူတွေကို ပြေးလွှားနိုင်ခြင်းမရှိတာကြောင့် လက်နက်ကြီး၊ လက်နက်ငယ် ထိမှန်သေဆုံးမှုတွေ ပိုများလာသလို ထိခိုက်ဒဏ်ရာရရှိပါကလည်း အရင်လိုကူညီဆောင်ရွက်မှုတွေ မရရှိတော့တာကြောင့် အသက်ရှင်သန်ခွင့် ပိုမိုနည်းပါးလာတယ်လို့ မသန်စွမ်းအရေး ကူညီဆောင်ရွက်သူတွေက ဆိုကြပါတယ်။

လက်ရှိ နေ့စဉ်နီးပါး ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထိခိုက်ဒဏ်ရာရရှိပြီး ကိုယ်လက်အင်္ဂါ ဆုံး ရှုံးကာ မသန်စွမ်း ဖြစ်လာတာတွေရှိသလို လက်နက်ကြီးတွေကြောင့် အမြင်အာရုံနဲ့ အကြားအာရုံဆုံးရှုံးကာ မသန်စွမ်းဖြစ်လာသူတွေ သိသိသာသာ မြင့်တက်လာပေမယ့် အရေအတွက်အတိအကျကိုတော့ လက်လှမ်းမီဖို့ ခက်ခဲတယ်လို့ မသန်စွမ်းအရေးကူညီသူတွေက ပြောပါတယ်။

၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦရေးရဲ့ ၁၂ ဒသမ ၈ ရာခိုင်နှုန်းဟာ မသန်စွမ်းတွေဖြစ်ပြီး သူတို့တွေဟာ အာဏာသိမ်းကာလအတွင်း ဆိုးရွားတဲ့လူ့အခွင့်အရေးချိုးဖောက်ခံရမှုနဲ့အတူ ပြည်တွင်းစစ်မီးရဲ့ ဒုက္ခအဖုံဖုံကို ခါးစည်းခံစားနေရတာ ဖြစ်ပါတယ်။

Most read this week

October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...
October 12, 2024
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး တချို့မှာ စက်သုံးဆီကို လိုသလောက် ရောင်းချမပေးတော့ဘဲ အ...
October 11, 2024
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၁ သထုံခရိုင်အုပ်ချုပ်နယ်မြေအတွင်းမှာရှိတဲ့ ကျေး ရွာပေါင်း ၄၀၀...
October 10, 2024
မွန်ပြည်နယ်မှာ ၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူနေပေမယ့်...