တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေကြောင်း ဒေသခံများပြော

တရုတ် လူမျိုး ကျားဖြန့်သမားများ လဲချားမြို့နယ်အတွင်း ရောက်ရှိနေကြောင်း ဒေသခံများပြော

သျှမ်းပြည် လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်အတွင်း တရုတ်လူမျိုး ကျားဖြန့်လုပ်ကိုင်သူများ များစွာ ရောက်ရှိနေကြကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ အတွင်းမှ စတင်ကာ အွန်လိုင်းမှ တစ်ဆင့် ငွေကြေးလိမ်လည်မှု လုပ်ငန်း လုပ်ကိုင်ကြသည့် တရုတ်လူမျိုး ကျားဖြန့်သမားများသည် လဲချားမြို့အတွင်းသို့ စုစုပေါင်း ၅၀၀ ထက်မနည်း ရောက်ရှိလာကြောင်း အသက် (၅၀) ဝန်းကျင်အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အားလုံးက တရုတ်လူမျိုးတွေပါပဲ။ လဲချားမြို့၊ မန်ပန်ကျေးရွာဘက်မှာ စခန်းချတည်းနေကြတာ။ သိရသလောက် သူတို့ လာတဲ့ အကြောင်းရင်းက နှစ်ချက်ရှိနိုင်မယ်။ (၁) အချက်က ကျောက်မီးသွေး၊ (၂) အချက်က ကျားဖြန့်လုပ်ငန်းလုပ်ဖို့ပေါ့။ လက်ရှိသူတို့ နေနေတဲ့ နေရာကို သွပ်မိုး သွပ်ကာလုပ်ထား တယ်။” ဟု အမည်မဖော်လိုသူ ဒေသခံအမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကျားဖြန့်သမား တရုတ်လူမျိုးများရောက်ရှိနေသည့် နေရာသည် မန်ပန်ပြည်သူ့စစ် အမှတ် (၇၅၈) တပ်ဖွဲ့မှ သွားလာ လှုပ်ရှားသည့် နေရာဖြစ်ပြီး မန်ပန်ပြည်သူ့စစ်မှ ၎င်းတို့အတွက် လုံခြုံရေး ယူပေးထားရကြောင်းလည်း သိရသည်။

ထို့အပြင် တရုတ်လူမျိုး ကျားဖြန့်သမားများ နေထိုင်ရန်အတွက် အဆောက်အအုံများကိုလည်း ဒေသခံရွာသားများကို နေ့စားလုပ်အားခပေးကာ ဆောက်လုပ်ပေးစေကြောင်းလည်း ဖြစ်စဥ်ကို သိရှိသည့် အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“အခုချိန် သူတို့နေဖို့ အိမ်တွေ တန်းလျားတွေကို စဆောက်နေပြီ။ အနီးပတ်ဝန်းကျင်က ရွာသားတွေကို ခေါ်ပြီး တစ်နေ့လုပ်အားခကို လက်သမားဆို ၅၀၀၀၀ ကျပ်၊ ရိုးရိုးဆို ၃၀၀၀၀ ကျပ်ဆိုပြီး ပေးတာ။ အိမ်ဆိုလည်း ရာနဲ့ချီဆောက်မှာတဲ့၊ ကြည့်ရတာ ခိုလမ်တိုင်းမှူးဆီကနေလည်း ခွင့်ပြုမိန့်ရထားပြီးသား နဲ့ တူတယ်” ဟု အသက် (၃၀) ကျော် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ အချိန်၌ နေအိမ်တန်းလျားများ တည်ဆောက်နေသည့်အပြင် အင်တာနက်အသုံးပြုရန်အတွက် ဝိုင်ဖိုင် ကြိုးများ၊ အင်တာနက်ကြိုးများကိုလည်း မန်ပန်ပြည်သူ့စစ်လုံခြုံရေး ယူပေးထားသည့် ကျားဖြန့်လူမျိုးများ နေထိုင်ရာသို့ စတင်တပ်ဆင်နေကြကြောင်း အထက်ပါ ပုဂ္ဂိုလ်က ဆက်ပြောသည်။

စက်တင်ဘာလဆန်းပိုင်းမှ စတင်ကာ တရုတ်အစိုးရ လိုလားချက် အရ UWSA “ဝ” တပ်ဖွဲ့မှ မြန်မာ - တရုတ်နယ်စပ်တလျှောက် အွန်လိုင်း လိမ်လည်မှု ကျားဖြန့်လုပ်ငန်း လုပ်ကိုင်သူများကို ရှာဖွေ ဖမ်းဆီးခဲ့သည့်အတွက် ကျားဖြန့်သမားများသည် သျှမ်းပြည်အတွင်း ထွက်ပြေးပျံ့နှံ့နေကြောင်းလည်း သိရသည်။

သျှမ်းပြည် လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့နယ်နှင့် ပန်ဆန်းမြို့နယ်တို့မှ ကျားဖြန့်သမားများသည် မန်ပန်ပြည်သူ့စစ် ထိန်းချုပ်ရာ လဲချားမြို့နယ်သို့ ရောက်ရှိလာသည်နှင့် နည်းတူ တန့်ယန်းမြို့နယ်၊ မိုင်းရယ်မြို့နယ် တို့မှာလည်း ရောက်ရှိနေထိုင်နေကြကြောင်း သိရသည်။

Most read this week

October 16, 2024
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့အနီး ချဉ်းကပ်လာသည့် ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့်...
October 15, 2024
သျှမ်း-မန္တလေးနယ်စပ် မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ ရွှေမျှောလုပ်ကိုင်သူများကို တအာင်း(ပလောင်...
October 15, 2024
သျှမ်းပြည်တောင်ပိုင်း ၊ ပင်လောင်းမြို့နယ်တွင် စစ်ကောင်စီ နှင့်...
October 14, 2024
သျှမ်းပြည် လာရှိုးမြို့အနီးရှိ အီနိုင်းရွာကို စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဗုံးထပ်မံကြဲသဖြင့်...