မွန်ပြည်ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး လူထုအတွက် တိုက်ပွဲဝင်သွားမယ်လို့ကြေညာ

မွန်ပြည်ရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး လူထုအတွက် တိုက်ပွဲဝင်သွားမယ်လို့ကြေညာ
ဓာတ်ပုံ-AFP
ဓာတ်ပုံ-AFP

တစ်နိုင်ငံလုံးအနှံ့ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေ မြိုင်ဆိုင်ချိန်မှာပဲ မွန်တစ်ပြည်လုံးရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေး စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းပြီး လူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မွန်တော်လှန်ရေးအဖွဲ့အစည်းနှစ်ရပ်က ပူးတွဲကြေညာပါတယ်။

စစ်အာဏာသိမ်းကာလမှာ မွန်လူမျိုးကိုယ်စားပြု လက်နက်ကိုင်တော်လှန်ရေးတပ်အဖြစ် ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF က မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုကိုခံယူပြီး မွန်ပြည်တပ်အဖြစ် ရပ်တည်သွားမယ်လို့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ပြည်သူတွေကို အ သိပေးလာတာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးက မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ မိမိတို့ တပ်ရဲ့ ရည်မှန်းချက်ဟာ တထပ်တည်းဖြစ်နေတဲ့အတွက် မွန်တစ်ပြည်လုံးရှိ ပြည်သူကို ကိုယ် စားပြုတဲ့တပ်အဖြစ် MSFC ရဲ့ နိုင်ငံရေး၊ စစ်ရေး ဦးဆောင်မှုအောက်ကနေ လှုပ်ရှားသွားဖို့ ဆုံးဖြတ်ခဲ့တာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“(MSFC က )မွန်တွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်နဲ့ ပြည်နယ်ကိုယ်ပိုင်ပြဌာန်းခွင့်အာဏာ သုံးရပ်လုံးကို ကျင့်သုံးနိုင်ဖို့ ဆောင်ရွက်နေတာတွေ ရှိတယ်။ ဒီလုပ်ဆောင်မှုတွေ ရည်မှန်းချက်တွေဟာ ကျွန်တော်တို့ MSRF တပ်ရဲ့ ရည်မှန်းချက်၊ လုပ်ဆောင်ချက်တွေနဲ့ တထပ်တည်းဖြစ်နေတဲ့အတွက်ကြောင့် ကျွန်တော်တို့ရဲ့ နိုင်ငံရေး ဦးဆောင်မှုကော်မတီ တစ်ရပ်အနေနဲ့ ကျွန်တော်တို့ လက်ခံတာ ဖြစ်ပါတယ်။ ဆိုတော့ ကျွန်တော်တို့တပ်က မွန်လူမျိုးတစ်မျိုးတည်းကို အခြေခံတဲ့ တပ်မဟုတ်ဘဲနဲ့ မွန်ပြည်တစ်ပြည်လုံးရဲ့ ပြည်သူကို ကိုယ်စားပြုတဲ့ တပ်အဖြစ်နဲ့ ကျွန်တော်တို့ MSFC ရဲ့ နိုင်ငံရေး၊စစ်ရေးဦးဆောင်မှုအောက်က‌နေ လှုပ်ရှားသွားဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ စစ်အာဏာရှင်နဲ့ အာဏာရှင်မှန်သမျှကို တိုက်ဖျက်သွားဖို့နဲ့ ဖက်ဒရယ်ပြည်‌ထောင်စုကြီး တည်ဆောက်သွားဖို့ စစ်အာဏာသိမ်းမှုအတွင်း ပေါ်ပေါက်လာတာဖြစ်ပြီး အခြားသော တော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်နေတာပါ။

တခြားသော မဟာမိတ်အဖွဲ့တွေ မွန်ဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုတွေကလည်း မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ တပ်အနေနဲ့ဖြစ်စေ ဒါမှမဟုတ် မဟာမိတ်တပ်အနေနဲ့ဖြစ်စေ ရပ်တည်ပြီး စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားဖို့ စည်းရုံးသွားမှာဖြစ်သလို မဟာမိတ်မဖွဲ့ရသေးတဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း အလားတူ စည်းရုံးသွားမယ်လို့ နိုင်နဂါးက ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC  ပြောရေးဆိုခွင့်ရှိသူ နိုင်မွန်စိုင်းကလည်း မွန်ပြည်တော်လှန်ရေးတပ်ကို ဖက်ဒရယ်ယူနစ်ရဲ့ ပြည်နယ်တပ်တစ်တပ်အနေနဲ့ လုပ်ဆောင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ MSRF ရဲ့ ရပ်တည်ရေးအတွက် ကျွန်တော်တို့ အရင်ဆုံးကူညီ‌ဆောင်ရွက်သွားမယ်လို့ ပြောကြားချင်ပါတယ်။ နောက်ပြီးတော့ MSRF ဘက်ကလည်း ကျွန်တော်တို့ ဖက်ဒရယ်ယူနစ်ရဲ့ ပြည်နယ်တပ်တစ်တပ်အနေနဲ့ ရပ်တည်သွားဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ MSFC အနေနဲ့ မွန်တစ်မျိုးသားလုံးဖြစ်ဖြစ် မွန်ပြည်နယ်တစ်ခုလုံးဖြစ်ဖြစ် တော်လှန်ရေးမှာ စွမ်းစွမ်းတမံပါဝင်ဖို့ ဆောင်ရွက်နေပါတယ်။ အဲဒီလိုဆောင်ရွက်တဲ့အခါ MSRF တပ်ကို ပင်တိုင်ထားပြီး ကျန်တဲ့တော်လှန်ရေးအင်အားစုတွေနဲ့ ကျွန်တော်တို့ မဟာမိတ်သဖွယ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ စစ် ကြောင်းတွေမှာ ပါဝင်သွားဖို့ ရှိပါတယ်”လို့ ဆိုပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် MSRF က မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC  ရဲ့နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုနဲ့  စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်ပြီး စစ်ရေးဆိုင်ရာလိုအပ်ချက်တွေကို မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC  က တာဝန်ယူဖြည့်ဆည်းသွားမယ်လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြပါတယ်။

နိုင်မွန်စိုင်းကတော့ လောလောဆယ်မှာ စစ်ရေးလိုအပ်ချက်တွေကို အများကြီးထောက်ပံ့နိုင်ဦးမှာမဟုတ်ပေမယ့် လိုအပ်တဲ့ရိက္ခာတွေ၊ အသုံးစရိတ်တွေ၊ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုကိစ္စတွေ၊ ကျန်းမာ ရေး ဆေးကုသရေးအတွက် လိုအပ်တဲ့အကူအညီတွေကို အမြန်ဆုံးထောက်ပံ့သွားမယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တခြားသော လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအနေနဲ့လည်း မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ ချိတ်ဆက်ပြီး စစ်လက်နက်ပစ္စည်းနဲ့မဆိုင်တဲ့ ရပ်တည်ရေးအတွက် လိုအပ်တဲ့ ရိက္ခာထောက်ပံ့မှုတွေကို ပံ့ပိုးကူညီပေးလို့ရတယ်လို့ သူကအသိပေးပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီအနေနဲ့ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက် မွန်ပြည်ကိုယ်စားပြု တိုင်းရင်းသားအားလုံးပါဝင်တဲ့ ပြည်နယ်ယူနစ်တစ်ခုပေါ်ပေါက်လာဖို့ စွမ်းဆောင်နေပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့ကိုလည်း တိုက်တွန်းထားတာပါ။

စစ်အာဏာသိမ်းပြီးနောက် ဖွဲ့စည်းထားတဲ့ မွန်ပြည်ကြားကာလ ပူး‌ပေါင်းဆောင်ရွက်ရေးကော်မတီကနေ မွန်ပြည်ဖက်ဒရယ်ကောင်စီအဖြစ် အခုနှစ်ဆန်းပိုင်းမှာ အသွင်းပြောင်းခဲ့ပြီး အမျိုးသားညီ ညွတ်ရေးအစိုးရ NUG မှာ ဝန်ကြီးသုံးဦးနဲ့ အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံကောင်စီ NUCC မှာ ကိုယ်စားလှယ်သုံးဦး ပါဝင်နေပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီဝင် NUG ရဲ့ ဒုတိယကာကွယ်ရေးဝန်ကြီး နိုင်ကောင်းရွက်က ရေးမြို့နယ်တောင်ပိုင်းရှိ မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင် တော်လှန် ရေး မဟာမိတ်တပ်ဖွဲ့တွေထံ ပထမဆုံးအကြိမ် သွားရောက်တွေ့ဆုံပြီး စစ်ဆင်ရေးကိစ္စတွေ ဆွေး နွေးခဲ့ကြပါတယ်။

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...