စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေး အဖြေရှာရန်တိုက်တွန်းမှု နိုင်ငံရေးအရ ထွက်ပေါက်ရှာခြင်းဟုဆို

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေး အဖြေရှာရန်တိုက်တွန်းမှု နိုင်ငံရေးအရ ထွက်ပေါက်ရှာခြင်းဟုဆို

စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ကျရောက်သည့်  (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့သို့ ပေးပို့သောသဝဏ်လွှာတွင် တိုင်းရင်းသားညီအစ်ကိုများအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာရန် တိုက်တွန်းသွားခဲ့သည်။

၎င်းပြောဆိုမှုအပေါ်  စစ်ကောင်စီအနေဖြင့် နိုင်ငံရေးအရ ထွက်ပေါက် ရှာခြင်းသာဖြစ်သည်ဟု ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ် ပြောဆိုလိုက်သည်။

" ရခိုင်ပြည်နယ်နေ့ကတော့ ၄၉ နှစ်တိုင်ခဲ့ပြီပေါ့လေ။ သို့သော်လည်း ပြည်နယ်နေ့ဆိုတဲ့ အခွင့်အရေး ရခိုင်ပြည်သူတွေ ဘာမှအခွင့်အရေးမရခဲ့ဘူး။  အဲဒီလို ပြည်နယ်နေ့တွေမှာ  တိုင်းရင်းသားတွေကို မစားရ ဝမခန်း နှစ်သိမ့်ပြောဆိုလာတာတွေကလွှဲပြီး အနှစ်သာရရှိရှိ ဘာမှလုပ်ဆောင်ပေးတာ မရှိခဲ့တဲ့အတွက်  ဒီကနေ့ ပြည်တွင်း စစ်တွေဖြစ်လာရတဲ့ အကြောင်းတရား ဖြစ်တယ် ဟု ၎င်းက ပြောကြားသည်။.

ယနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်သော (၄၉)နှစ်မြောက် ရခိုင်ပြည်နယ်နေ့တွင် စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သဝဏ်လွှာရေးသားပေးပို့ခဲ့ရာတွင်  ပြည်ထောင်စုကြီး ငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းရန်လည်း တိုက်တွန်းသွားခဲ့သည်။

"ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်း အတိုင်း လျှောက်လှမ်းခြင်းသည် သာလျှင် မိမိတို့အားလုံး မျှော်လင့်ထားသည့် အေးချမ်းသာယာသော နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မည်ဖြစ်ကြောင်း၊  မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာတွင် ပြည်ပ စွက်ဖက်မှုနှင့် ပြည်တွင်းပယောဂကင်းကင်းဖြင့် တိုင်းရင်းသား ညီအစ်ကိုအချင်းချင်း ပြည်ထောင်စု စိတ်ဓာတ်အရင်းခံကာ နိုင်ငံရေး နည်းလမ်းအရ တွေ့ ဆုံဆွေးနွေး အဖြေများခြင်းဖြင့်သာ အောင်မြင်နိုင် မည်ဖြစ်ကြောင်း၊  ပြည့်အင်အားသည် ပြည်တွင်းမှာသာ ရှိသည်ဆိုသည့်အတိုင်း တိုင်းရင်းသား ပြည်သူအားလုံး စည်းလုံးညီညွတ်သော စုပေါင်းအားဖြင့် နိုင်ငံအကျိုးကို တက်ညီလက်ညီ ဆောင်ရွက် သွားကြရန် တိုက်တွန်း လိုပါကြောင်း  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။

ရခိုင်နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဝါရင့်နိုင်ငံရေးသမား ဦးဖေသန်းက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည့်  ပြည်ထောင်စုကြီးငြိမ်းချမ်းရေးအတွက် NCA လမ်းကြောင်းမှ တစ်ဆင့် လျှောက်လှမ်းရန် ပြောဆိုမှုမှာ သူတို့၏ အကျပ်အတည်းကို နိုင်ငံရေး အရ ထွက်ပေါက်ရှာသည့် အနေဖြင့် ပြောဆိုခြင်းသာဖြစ်သည်ဟု မှတ်ချက်ပြုသည်။

 အခုရခိုင်ပြည်မှာ ရက္ခိုင့်တပ်တော် အေအေ ပေါ်လာတယ်။ တိုင်းရင်းသားဒေသတွေမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေက တော်လှန်တိုက်ခိုက်နေတာတွေ ရှိတယ်။ ဒီနေ့ကာလမှာ စစ်ကောင်စီဟာ စစ်ရေး၊ နိုင်ငံရေးအကျပ်အတည်း ပေါင်းစုံတွေ့နေတဲ့ ကာလ။ ဒီကာလမှာ ဒီလိုစကားမျိုး ထွက်လာတယ်ပေါ့နော်။ သူတို့ရဲ့အခက်အခဲ အကျပ်အတည်းကို ထွက်ပေါက်ရှာတဲ့ အနေနဲ့ ပြောဆိုလာခြင်းဖြစ်တယ်။

အကယ်၍ စစ်ကောင်စီသည် ပြဿနာကို အမှန်တကယ်ဖြေရှင်းလိုသည့် ရိုးသားသည့် စိတ်ရင်း အခြေခံရှိပါက တိုက်ပွဲနှင့် မဆိုင်သည့် အရပ်သား ရခိုင်ပြည်သူများကို ရန်သူ သဖွယ် သဘောထားပြီး ပစ်ခတ်တိုက်ခိုက်ခြင်းများကို လုပ်ဆောင်ရန် အကြောင်းမရှိဟု ဦးဖေသန်းက ဝေဖန်ပြောကြားသည်။

 လက်တွေ့မှာ သူ့မှာ အဲဒီလို စေတနာမရှိတဲ့အတွက် ရခိုင်ပြည်မှာ စစ်ရေးပစ်မှတ်နဲ့ မဆိုင်တာတွေကို ပစ်မှတ်လုပ်ပြီး နေ့စဥ်နေ့တိုင်း ပြည်သူတွေကို ဒုက္ခပေးနေတယ်။ ဘက်ပေါင်းစုံ ပိတ်ဆို့ထားတယ်။ အဲဒါက ရခိုင်ပြည်အပေါ်သူတို့ရဲ့ စေတနာ ဘယ်လောက် ရှိတယ် ဆိုတာပြသနေခြင်း ဖြစ်တယ်။ ဒီလို စိတ်ဓာတ်မျိုးနဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဘယ်လိုမှ မဖော်ဆောင်နိုင်ပါဘူး" ဟု ဦးဖေသန်း ဝေဖန်သုံးသပ် ပြောဆိုသည်။

ယနေ့ ကျရောက်သည့် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာထဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရခိုင်ပြည်နယ်သည် ယခင်ကတည်းက လမ်းပန်း ဆက်သွယ်ရေးမှ အစ အဘက်ဘက်၌ အခက်အခဲများစွာရှိခဲ့သဖြင့် တပ်မတော်အစိုးရ လက်ထက်မှ ယခုအချိန်အထိ ရခိုင်ပြည်နယ် ဖွံ့ဖြိုး တိုးတက်ရေးကို အလေးဆောင်ရွက်ခဲ့ခြင်းကြောင့် ယခင်ကထက် အဆပေါင်းများစွာ ပြောင်းလဲတိုးတက်လျက်ရှိနေသည်မှာ အားလုံးအသိပင် ဖြစ်သည်ဟု ပြောထားသည်။

သို့သော်လည်း လက်ရှိကာလတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နှင့် ပြည်ပ စွက်ဖက်မှု များကြောင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားပြီး အဓိပ္ပာယ်မဲ့ ပစ်ခတ်တိုက်ခိုက် နှောင့်ယှက် ဖျက်ဆီးမှုများ ပဋိပက္ခများ၏ဆိုးကျိုးကို ဒေသခံတိုင်းရင်းသားများကိုယ်တိုင် ခံစားနေကြရသည်ဟု စွပ်စွဲ ပြောဆိုထားသည်။

၁၀၂၇ စစ်ဆင်ရေးနှင့် ရခိုင်ဒေသတွင်းတိုက်ပွဲအကြီးကျယ်ဖြစ်ပွားနေစဥ် ယခုကဲ့သို့ စစ်ကောင်စီ အနေဖြင့် နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးရေးကိုသာ ဇောင်းပေးပြောဆိုနေခြင်းမှာ စစ်ရေးအရ အထိနာနေ၍ နိုင်ငံရေး၊ စီးပွားရေး ထွက်ပေါက်ရှာခြင်းဖြစ်ကြောင်းဖြင့်လည်း ဦးဖေသန်းက ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏  သဝဏ်လွှာထဲတွင် ရခိုင်ပြည်နယ်သို့ မိုခါမုန်တိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆောင်ရွက်ခဲ့ရာ အချိန်တိုအတွင်း မူလအခြေအနေသို့ ပြန်လည်ရောက်ရှိခဲ့ကြောင်း၊  ယင်းမှာ ရခိုင်ဒေသ တိုင်းရင်းသား ပြည်သူများအပေါ် တိုင်းရင်းသား ညီနောင်အချင်းချင်း မိသားစုစိတ်ဓာတ်၊ စစ်မှန်သည့် မျိုးချစ်စိတ်ဓာတ်နှင့် ပြည်ထောင်စု စိတ်ဓာတ်တို့ကို ပြသနိုင်ခဲ့ခြင်းပင် ဖြစ်ကြောင်း ပြောဆိုသည်။   

ဦးဖေသန်းက  "မိုခါမုန်တိုင်းကာလမှာ စစ်တပ်ကဘယ်လောက်ထိ အကူညီမရခဲ့ဘူးဆိုတာ ပြည်သူတွေ အားလုံးကိုယ်တိုင်သိကြပါတယ်။ အဲဒါတွေက သူတို့(စစ်ကောင်စီ)အနေနဲ့ နာမည်ယူပြီး ပြောနေတာသာ ဖြစ်တယ်။ နိုင်ငံတကာအကူညီတွေတောင်မှ စစ်တပ်က ပိတ်ပင်ခဲ့တယ်။ စစ်တပ်ရဲ့ ပြည်သူလူထုကို ထိထိရောက်ရောက် ကူညီပေးတဲ့ ပုံရိပ်လို့ မတွေ့ခဲ့ရဘူး။ ပြည်သူတွေကို မစားရဝခမန်း ရွာတစ်ရွာကိုဆန်ဆယ်အိတ်၊ လူတစ်ယောက်တစ်ဗူးကျ၊ နှစ်ဗူးကျ။ တချို့တွေဆို အကူညီဘာမှ မရတာမျိုးတွေ၊ အဲဒီလိုတွေပဲလုပ်ခဲ့တာတွေ့ရတယ်။ တကယ်တမ်း အနှစ်သာရရှိရှိ ပြည်သူတွေ ဒုက္ခကလွတ်အောင် အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကူညီမှုတွေကို ဘာတစ်ခုမှမလုပ်ခဲ့ဘူး" ဟု ပြောသည်။  

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေဖြင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာရေး ဆိုသည့် စကားလုံးကို  ပြည်နယ်များကို  ရသင့်ရထိုက်သည့် အခွင့်အရေးများကို ပြန်ပေးပြီးမှသာ  ထုတ်ဖော် ပြောဆိုသင့်ကြောင်း ဦးဖေသန်းက ပြောသည်။  

လက်ရှိ ရခိုင်ပြည်နယ်တွင် စစ်ရေးပြင်းထန်နေပြီး စစ်ကောင်စီဘက်မှ အရေးကြီးသော စစ်စခန်းများကို တစ်ခုပြီး တစ်ခု စွန့်လွှတ်လာရပြီးနောက်ပိုင်း ရက္ခိုင့်တပ်တော်နှင့် အပစ်ရပ်ကာ ငြိမ်းချမ်းရေး ရရှိရန် စစ်ကောင်စီက အထူးလိုလားနေသည်ဟု သိရသည်။

ရခိုင်ပြည်တွင် AA က နိုဝင်ဘာလ ၁၃ ရက်ကစတင်ခဲ့သည့် စစ်ဆင်ရေး ၄၅ ရက်တာအတွင်း ရက္ခိုင့်တပ်တော်သည် စစ်စခန်းပေါင်း(၁၄၂)ခုထိ ထိန်းချုပ်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ် ကြောင်း ယမန်နေ့ ဒီဇင်ဘာ ၁၄ ရက်က သတင်းထုတ်ပြန်ထားသည်။ 

October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...
October 15, 2024
ရခိုင်ပြည် တောင်ဘက်အစွန်ဆုံး ဂွမြို့နယ်၏မြောက်ပိုင်းတွင် တိုက်ပွဲတွေပြင်းထန်နေသည့်အတွက်...
October 14, 2024
ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ  စစ်ဘေးရှောင်သွားကြသည့်  နေအိမ်များ၏ လူဦးရေစာရင်းကို...