နိုင်ငံအနှံ့တိုက်ပွဲအတွင်း သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား

နိုင်ငံအနှံ့တိုက်ပွဲအတွင်း သာလွန်အင်အားနဲ့ တိုက်ခိုက်ခံနေရတယ်လို့ စစ်ခေါင်းဆောင်ညည်းတွား

လက်ရှိဖြစ်ပွားနေတဲ့ နိုင်ငံအနှံ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်အနေနဲ့ လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေရဲ့ သာလွန်အင်အားနဲ့ တိုက်ခိုက်မှုတွေကို ခံနေရတယ်လို့ စစ်ခေါင်းဆောင်က ညဉ်းတွားပြောဆိုလာပါတယ်။

နိုဝင်ဘာ ၂၉ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ နောက်ခံအကြောင်းတွေနဲ့ အပစ် ခတ်ရပ်စဲရေးကို အခွင့်ကောင်းယူပြီး အင်အားတိုးချဲ့လာမှုအပေါ်ဆက်စပ်ပြီး ပြောဆိုခဲ့တာပါ။

စစ်တပ်အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ ခံစစ်အသွင်ဖြစ်လာနေတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာနှောင်းပိုင်းကစပြီး ဒီကနေ့အထိ ရှမ်းမြောက်အပါအဝင် စစ်ကိုင်း၊ မ‌ကွေး၊ ချင်း၊ ကရင်နီ၊ ကရင်၊ ရခိုင်နဲ့ မွန်ပြည်နယ်တို့မှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။

စစ်ခေါင်းဆောင်က စစ်ဆင်ရေးဆောင်ရွက်ချိန်မှာ အချို့နေရာတွေကို လုံခြုံရေးအရ တပ်ဖွဲ့ဝင်တွေ ထားရှိရတဲ့ အပေါ် လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက Drop Bomb တွေအပြင် သာ လွန်အင်အားတွေနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ ဖြစ်စဉ်ကို သုံးသပ်ကြည့်ရင် သာလွန်အင်အားတွေ စုစည်းမှုနဲ့ နည်းပညာသာလွန်မှုကို အသုံးချပြီး စစ်သုံး Drone တွေနဲ့ Drop Bomb အလုံးပေါင်း ၂၅၀၀၀ ကျော် အသုံးပြုတိုက်ခိုက်ခဲ့တာကို တွေ့ရှိရတယ်လို့ အစည်းအဝေးမှာ ပြောသွားခဲ့တာပါ။

ဒါ့အပြင် ၁၀၇ မီလီမီတာ ရှော့တိုက်ဒုံး အလုံး ၁၂၀ နီးပါးအသုံးပြုခဲ့သလို တပ်စခန်းတွေကို တိုက် ခိုက်ရာမှာ TNLA၊ KIA၊ AA အဖွဲ့အပြင် စုစည်းထားတဲ့ အခြားတပ်ဖွဲ့တွေက ကိုးကန့်တွေ၊ ပြည်ပက Drone ပညာရှင် စုစုပေါင်း အင်အား ၆၅၀၀ နီးပါး ပါဝင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။

စစ်ရေး၊ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ စစ်ခေါင်းဆောင်ရဲ့ စစ်တပ်စခန်းတွေ သာလွန်အင်အားနဲ့ ပြည်ပပညာရှင်ကြောင့် တိုက်ခိုက်သိမ်းပိုက်ခံရပြီး အရှုံးနဲ့ ရင်ဆိုင်ရတဲ့သဘော ထားဟာ တရုတ်နိုင်ငံကို ဆိုလိုတာလို့ သုံးသပ်ပါတယ်။

“စခန်းသိမ်းတိုက်ပွဲဆိုတာက ဒရုန်းနဲ့သိမ်းလို့မရပါဘူး။ စစ်မြေပြင်အင်အားချင်းယှဉ်ပြီးတော့ တိုက်ကြ ခိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီတော့ ဒီအင်အားတွေကြောင့် သူ့အနေနဲ့ အရှုံးနဲ့ ရင်ဆိုင်ရတယ်လို့ ပြောတဲ့ သဘောထားဟာ တခြားပြည်ပကဆိုတဲ့ကိစ္စက တည့်တည့်လင်းလင်း ပြောကြမယ်ဆိုရင် တရုတ်ပြည်ကို ဆိုလိုတာလို့ ကျွန်တော် နားလည်ပါတယ်။ အဲဒီတော့ တရုတ်ပြည်ပပညာရှင် ၆၅၀၀ လောက်လာပြီးတော့ ဒရုန်းသောင်းနဲ့ချီပြီး လုပ်တဲ့အတွက် သူ့စစ်တပ်တွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်ဆိုတာ တော်တော်တော့ ရီစရာကောင်းတဲ့ စစ်ရေးသုံးသပ်ချက်ပဲလို့ ပြောချင်ပါတယ်”လို့ ဆိုပါတယ်။

အောာက်တိုဘာနှောင်းပိုင်းမှာ စတင်ခဲ့တဲ့ တိုက်ပွဲဟာ ရှမ်းမြောက်သာမက စစ်ကိုင်းက ထီးချိုင့်၊ ကန့်ဘလူ၊ ကောလင်း၊ တမူး၊ ခမ်းပတ်၊ ချင်းက ဟားခါးနဲ့ လိုင်လင်းပီ၊ ရခိုင်က ပလက်ဝနဲ့ ပေါက်တော၊ မွန်က ချောင်းနှစ်ခွနဲ့ ကရင်နီကလွိုင်ကော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီအထိနာခဲ့တာပါ။

ရှမ်းမြောက်ကနေ စတင်ခဲ့တဲ့ ထိုးစစ်တွေကြောင့် စစ်ကောင်စီက အမျိုးသားလုံခြုံရေးနဲ့ ကာကွယ် ရေးကောင်စီ အစည်းအဝေးကို နိုဝင်ဘာ ၈ ရက်နေ့မှာ ခေါ်ယူခဲ့ပြီး လိုအပ်တဲ့တုန့်ပြန်မှုတွေ လုပ်သွားမယ်လို့ ကြွေးကြော်ခဲ့ပါသေးတယ်။

ဒါပေမယ့် တော်လှန်ရေးအင်အားစုတွေရဲ့ ဟန်ချက်ညီ တိုက်ခိုက်မှုကြောင့် ရှေ့တန်းစစ်မြေပြင်မှာရှိတဲ့ မဆုတ်တမ်းခံစစ်စခန်းတွေ လုံခြုံရေးယူထားတဲ့ မြို့တွေ၊ ရဲစခန်းတွေ၊ ကင်းစခန်းတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ အလံဖြူထောင်ရတဲ့အထိ အရေးနိမ့်လာတာ ဖြစ်ပါတယ်။

စစ်ခေါင်းဆောင်ကတော့ AA အနေနဲ့ သစ္စာမရှိဘဲ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်ပြီး MNDAA အဖွဲ့နဲ့ ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေမှာပါဝင်ခဲ့ပြီး ရခိုင်မှာလည်း သာ လွန်အင်အားတွေနဲ့ တပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဝါရင့်ရခိုင်နိုင်ငံရေးသမား ဦးဖေသန်းက စစ်ကောင်စီကို တိုက်ခိုက်ဖို့ စစ်ကြေညာပြီးသားဖြစ်တဲ့အတွက် AA အနေနဲ့ သူ့ရဲ့အချုပ်အခြာအာဏာကို ပြန်ရ‌အောင် တိုက်ပွဲဝင်နေတဲ့အဖွဲ့အစည်းမို့ က တိကဝတ်ချိုးဖောက်တယ်လို့ ပြောလို့မရဘူးလို့ သုံးသပ်ပါတယ်။

“တစ်ဖက်မှာလည်း စစ်ကြေညာပြီးသားဖြစ်တယ်။ ဒါကြောင့် ULA/AA ကလည်း တိုက်ပွဲတွေကို ပြန်ပြီးပါလာရတာပေါ့။ ULA/AA ရဲ့ ရည်မှန်းချက်ကလည်း အကုန်လုံးသိပြီးသားဖြစ်တယ်။ (AA) သူ့အချုပ်အခြာအာဏာကို သူပြန်ရအောင် တိုက်ပွဲဝင်နေတဲ့ အဖွဲ့အစည်းဆိုတော့ နိုင်ငံရေးအရ ရှေ့ကိုညှိနှိုင်းမှုလည်း မရှိဘူး၊ ဆွေးနွေးဖို့ အစီအစဉ်လည်း မရှိဘူးဆိုတော့ သူ့ရဲ့ရည်မှန်းချက်ကို အ ကောင်အထည်ဖော်တာလို့ပဲ မြင်တယ်။ အဲဒါကြောင့် ဒီကိစ္စတွေဟာ ကတိကဝတ်ချိုးဖောက်တယ်လို့ ပြောလို့မရဘူး။ အဲဒီလိုမတိုက်ရဘူးလို့ ကတိကဝတ်လည်း မရှိခဲ့ဘူး။ နိုင်တဲ့အခါ တိုက်မှာပဲ၊ သူတို့လည်း (စကစ) တိုက်နေတာပဲလေ”လို့ ဆိုပါတယ်။

AA ပါဝင်တဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်နိုင်ရေး၊ မိမိကိုယ်ကို ခုခံကာကွယ်နိုင်ရေး၊ မိမိတို့ဒေသကို အခုထက်ပိုမိုထိန်းချုပ်နိုင်ရေးနဲ့ လူထုတစ် ရပ်လုံး လိုလားချက်ဖြစ်တဲ့ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ရေးတို့ကို ရည်ရွယ်ပြီး စစ်ကောင်စီကို စစ်ကြေညာခဲ့တာပါ။

လက်ရှိမှာတော့ ရှမ်းမြောက်အပါအဝင် ချင်း၊ ကရင်နီနဲ့ စစ်ကိုင်းတို့မှာ မြို့‌ပေါင်း ၁၈ မြို့ကို တော် လှန်ရေးအင်အားစုတွေက သိမ်းယူထားပြီး စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးတပ်ရင်း နှစ်ရင်းရှိ တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေအပါအဝင် ပြည်သူ့စစ်နဲ့ ရဲဝန်ထမ်းရာချီ လက်နက်ချအလင်းဝင်လာခဲ့ပါတယ်။

ဓာတ်ပုံ-MOI

October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...
October 14, 2024
မွန်ပြည်နယ် ရေးမြို့နယ် အစင်ကျေးရွာ ပင်လယ်ပြင်က ငါးဖမ်းလှေတွေနဲ့ ကျားဖောင်တွေမှာ ဝမ်းပျက်ဝမ်း...