ကော့ကရိတ်မြို့နယ်ရှိ စကစ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထွက်ခွာရန် KNU စာထုတ်ပြီးနောက် ဝန်ထမ်းအချို့တိမ်းရှောင်နေ

ကော့ကရိတ်မြို့နယ်ရှိ စကစ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထွက်ခွာရန် KNU စာထုတ်ပြီးနောက် ဝန်ထမ်းအချို့တိမ်းရှောင်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ဌာနဆိုင်ရာ အဖွဲ့ဝင်များ တစ်ပတ်အတွင်း ထွက်ခွါရန် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံးက နောက်ဆုံးသတိပေးစာ ထုတ်ပြန်ပြီးနောက် လက်ရှိတွင် ဌာနဆိုင်ရာ ဝန်ထမ်းအချို့ တိမ်းရှောင်နေကြကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်းရှိ ကော့ကရိတ်‌မြို့နယ်အတွင်းရှိ ကျိုက်ဒုံမြို့၊ ကော့ကရိတ်မြို့၊ စုကလိမြို့ နှင့် ဝေါ်လေ မြိုင်မြို့တို့ မှ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သူများအနေဖြင့် တစ်ပတ် အတွင်း ထွက်ခွာပေးရန် ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး၊ ကော့ကရိတ်မြို့နယ်က ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် နောက်ဆုံးသတိပေးစာထုတ်ပြန်ထားခြင်းဖြစ်သည်။

KNU ကော့ကရိတ်မြို့နယ်၏ သတိပေးထုတ်စာထုတ်ပြန်ပြီးနောက် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီ စာသင်ကျောင်းအချို့ ယာယီပိတ်ထားလိုက်ပြီး ဝန်ထမ်းများအချို့လည်း တိမ်းရှောင်နေကြကြောင်း အမည်မဖော်လိုသူ ပညာရေးဝန်ထမ်းတစ်ဦးက ယခုလို ပြောသည်။

" ကျနော်တို့ ကျောင်းက ကျောင်းအုပ်‌တော့‌ ကျောင်းဖွင့်ခိုင်းတယ်။ သူကတော့  ပြေးသွားပြီး။ မြို့ထဲမှာတော့ စာသင်ကျောင်းအချို့ ယာယီပိတ်ထားတာရှိတယ်။ မူလတန်းကျောင်းက တော်တော်များများပိတ်ထားတယ်"ဟု ၎င်းပညာရေးဝန်ထမ်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ ကျန်ရှိနေသည့်စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းအများစုသည် စစ်ကောင်စီကို လိုလားကြသည်မဟုတ်ဘဲ ငွေရေးကြေးရေး ကျောထောက်နောက်ခံမရှိ၍ စားဝတ်နေရေးအရ အလုပ်ဝင်လုပ်နေကြရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ဝန်ထမ်းအမျိုး သမီးတစ်ဦးကလည်း ပြောသည်။

၎င်းက "မထွက်ဘဲကျန်တဲ့လူအများစုက ငွေရေးကြေးရေး ကျောထောက် နောက်ခံမရှိလို့ပဲ။ ဝန်ထမ်းအလုပ်ကို ထွက်ရင် ဘာမှမလုပ်တတ်ဘူး။ စားစရာလည်းမရှိဘူး။ စစ်ကောင်စီ စိတ်ရှိ လို့ မဟုတ်ဘူး။"ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းအပြင် စစ်ကောင်စီလက်အောက်ခံဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းအများစုသည် မိသားစု အခက်အခဲ၊ စားဝတ်နေရေးအခက်အခဲအပြင် စစ်ကောင်စီ၏ ဖိအားပေးမှုအမျိုးမျိုးတို့ကြောင့် CDM လုပ်ရန် အခက်အခဲရှိနေခြင်းဖြစ်ပြီး စစ်ကောင်စီကို ထောက်ခံနေခြင်းမဟုတ်ကြောင်းလည်း ဌာနဆိုင်ရာဝန်ထမ်းများက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် နယ်မြေတွင်း စစ်ရေးပဋိပက္ခကြောင့် ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံး အများစုသည် ပိတ်ထားရပြီး မလည်ပတ်နိုင်သည်မှာ ၃ နှစ်ဝန်းကျင်ခန့်ရှိလာပြီဟု သိရသည်။

လတ်တလော ကေအဲန်ယူ၏  နောက်ဆုံးသတိပေးစာထုတ်ပြန်မှုကြောင့် စစ်ကောင်စီ၏ ဌာနဆိုင်ရာမှ အကြီးပိုင်းဝန်ထမ်းအချို့ စတင်တိမ်းရှောင်‌နေကြသလို ထပ်မံတိမ်းရှောင်ကြမည့်ဝန်ထမ်းများ လည်း အများအပြားရှိနေသေးကြောင်း နီးစပ်သူများက ပြောသည်။

Most read this week

October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...
October 18, 2024
မြဝတီမြို့တောင်ဘက်ရှိ လေးကေ့ကော်မြို့သစ်အနီးရှိ  စစ်ကောင်စီ၏  စွယ်တော်ကုန်း  (...
October 16, 2024
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်၊ ပေါင်ကျေးနယ်...
October 16, 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘိတ်ခရိုင်၊ ပုလောမြို့နယ်၊ မီးလောင်ချောင်းကျေးရွာဘက်သို့...