ရဲပြေးများလာလို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် စည်းရုံးရေးဆင်းနေရ

ရဲပြေးများလာလို့ စစ်ကောင်စီခန့် မွန်ဝန်ကြီးချုပ် စည်းရုံးရေးဆင်းနေရ

နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် စစ်ကောင်စီရဲတပ်ဖွဲ့တွေ ထိခိုက်သေဆုံးမှု များပြားလာပြီးနောက် မွန် ပြည်နယ်အတွင်းမှာ ရဲပြေးတွေများလာတဲ့အတွက် စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းကိုယ်တိုင် စည်းရုံးရေးဆင်းလာရပါတယ်။

စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ခိုင်ရေးပါတီ မွန်ပြည်နယ်ရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးအောင်ကြည်သိန်းဟာ သူဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရတဲ့ တစ်နှစ်ကျော်ကာလအတွင်း ပထမဦး ဆုံးအကြိမ်အဖြစ် ကျိုက်မရောမြို့နယ်ရဲတပ်ဖွဲ့နဲ့ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

ပွဲလမ်းသဘင်အခမ်းအနားတွေနဲ့ ပွဲတက်နေတဲ့ စစ်ကောင်စီခန့် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းဟာ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွနယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစုတွေ ဝင်ရောက်စီနင်းတိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်တွေကို စည်းရုံးရေးဆင်းတဲ့ ခရီးစဉ်ပေါ်ပေါက်လာတာပါ။

အဲဒီခရီးစဉ်မှာ ရဲတပ်ဖွဲ့ဝင်တွေကို ပစ်ပယ်မထားကြောင်းနဲ့ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ထိုက်ထိုက်တန်တန် မှတ်တမ်းတင် ဆုချီးမြှင့်နိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီခန့်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ကတိပြုခဲ့ပါတယ်။

ဒါ့အပြင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့လည်း စစ်တပ်အပြင် ဒေသအုပ်ချုပ်ရေး အဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီး နယ်မြေအေးချမ်းအောင် အထူးအလေးပေးကြပ်မတ်ဖို့နဲ့ တိုင်းပြည်တည်ငြိမ်ရေးအတွက် မိမိတို့တာဝန်တွေကို အကောင်းဆုံး ကျေပွန်စွာထမ်းဆောင်ကြဖို့ မှာကြားခဲ့တာပါ။

မွန်ပြည်တော်လှန်ရေးတပ် MSRF  ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ ဦးအောင်ကြည်သိန်းရဲ့ စည်းရုံးမှုဟာ ရဲတပ်ဖွဲ့တွေကို နယ်မြေလုံခြုံရေးအတွက် အသုံးပြုဖို့နဲ့ စစ်ရှုံးပြီး ရဲပြေးတွေများလာတာကြောင့် ကိုယ်တိုင်လိုက်လံအားပေးတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“မွန်ပြည်နယ်မှာ အခုလို စကစခန့်အပ်ထားတဲ့ ဝန်ကြီးချုပ်အောင်ကြည်သိန်းကိုယ်တိုင် ရဲတွေကိုစည်းရုံးရေးဆင်းရတဲ့အကြောင်းက ပထမအချက်ကတော့ အောင်ကြည်သိန်းရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်ပေါ့နော်။ အခုလိုစစ်ကောင်စီနဲ့ တစ်သွေးထဲတစ်သားထဲ ပူးပေါင်းဆောင်ရွက်နေတဲ့အတွက်ကြောင့် မကြာခင်အနာဂတ်မှာ စစ်ကောင်စီပြုတ်ကျမှာကို စိုးရိမ်တာရော၊ သူတို့ရဲ့လုံခြုံရေးအ တွက် ဒီရဲတွေကိုတစ်ဖက်တစ်လမ်းက ကူညီပေးဖို့ စည်းရုံးရေးကိုယ်တိုင်းဆင်းတယ်လို့ ကျွန်တော် မြင်ပါတယ်ခင်ဗျ။ ဒုတိယအချက်ကတော့ လက်ရှိစကစလက်အောက်ခံ တပ်တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်နဲ့ အင်အားတွေ အရမ်းဆုံးရှုံးလာတဲ့အပေါ်မှာ လက်နက်ချမှုတို့၊ CDM ဝင်လာတဲ့ ရဲဝန် ထမ်းတို့၊ စိတ်ဓာတ်တွေ ပျက်ပြားပြီးတော့ ထွက်ပြေးတဲ့ ရဲဝန်ထမ်းတွေ အများကြီးရှိလာတယ်။ ဒီအကြောင်းအချက်တွေကို ကြည့်ချင်းအားဖြင့် တပ်ပျက်နေပြီးလို့ ပြောလို့ရတယ်။ ဒီတပ်ပျက်တာကို ထိန်းဖို့အတွက် အောင်ကြည်သိန်းကိုယ်တိုင်က အခုလိုစည်းရုံးရေးတွေ ဆင်းနေတယ်လို့ ပြောချင်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ စစ်ရေးမှာရှုံးနိမ့်နေတာကြောင့် ဒေသတွင်းမှာ သူတို့ရဲ့လုံခြုံရေးအ တွက် ရဲတပ်ဖွဲ့ ဝင်တွေကို အဆုံးထိအသုံးချသွားမှာဖြစ်သလို ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ သမိုင်းတရားခံမဖြစ်အောင် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းတာပါ။

နိုဝင်ဘာ ၁၉ ရက်နေ့က ကျိုက်မရောမြို့နယ် ရဲတပ်ဖွဲ့ထံ သွားရောက်အားပေးခရီးစဉ်ပြီးနောက် စစ်ကောင်စီခန့် ဝန်ကြီးချုပ်ဟာ မော်လမြိုင်မြို့ရှိ မွန်ပြည်နယ် အမှတ် (၁၅) လုံခြုံရေးရဲတပ်ဖွဲ့ခွဲကိုပါ သွားရောက်တွေ့ဆုံပြီး လုံခြုံရေးအထူးသတိရှိကြဖို့ မှာကြားခဲ့တာပါ။

မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေရဲ့အဆိုအရ အာဏာသိမ်းကာလအတွင်း ပြည်နယ်အတွင်းက ရဲတပ်ဖွဲ့ဝင် ၂၀၀ ထက်မနည်း ထွက်ပြေးသွားပြီး အများစုဟာ တိုက်ပွဲပြင်းထန်တဲ့ ဒေသတွေကို ပို့ခံရတာ၊ ရဲစခန်းတွေ မကြာခဏတိုက်ခိုက်ခံရတာ၊ စစ်ကောင်စီဘက် နယ်မြေလုံခြုံရေး ဆုံးရှုံးသွားတဲ့ ဒေသရှိရဲစခန်းတွေက တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ သိရပါတယ်။

အာဏာသိမ်းကာလအတွင်း မွန်ပြည်နယ်ရဲ့ ကျိုက်ထို၊ ဘီးလင်း၊သထုံ၊ရေး၊သံဖြူဇရပ်နဲ့ကျိုက်မရောမြို့နယ်က စစ်ကောင်စီနယ်မြေရဲစခန်းနဲ့ရဲကင်းစခန်း ၁၀ ခုနီးပါး လက်လွှတ်ထားရပြီး မြို့ပေါ်ရဲစခန်းတွေထံ အင်အားစုပေါင်းသွားတာတွေ ရှိလာခဲ့တာပါ။

အမျိုးသားညီညွှတ်ရေးအစိုးရ NUG ရဲ့ အချက်အလက်တွေအရ အာဏာသိမ်းကာလအတွင်း ရဲ တပ်ဖွဲ့ဝင် ၁၀,၀၀၀ ကျော်ဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ထားတယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ထုတ်ပြန်ထားပါတယ်။

October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...