မွန်ပြည်နယ်မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေပြော

မွန်ပြည်နယ်မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ အကဲခတ်တွေပြော

တစ်နိုင်ငံလုံးနီးပါးရှိ စစ်ကောင်တပ်စခန်းတွေ မြို့တွေကို EAO တွေနဲ့ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တို့ ထိုးစစ်ဆင်တိုက်ခိုက်နေချိန်မှာ မွန်ပြည်နယ်မှာလည်း စခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ စစ်ရေးအကဲခတ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းယူမှု ၃ နှစ်နီးပါးမှာ စစ်ကောင်စီရဲ့အရှိုက်ကို ထိုးနှက်နိုင်ခဲ့တဲ့ ရှမ်းပြယ်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ ကရင်နီ၊ ချင်း၊ စစ်ကိုင်း၊ မကွေးနဲ့ ရခိုင်မှာလည်း စစ်ကောင်စီတပ်စခန်းတွေ နေ့စဉ်ရက်ဆက်တိုက်ခိုက်သိမ်းပိုက်ခံနေရတာပါ။

ဒီအခြေအနေကိုအခြေခံပြီး မွန်ပြည်နယ်ဒေသတစ်ခုလုံးမှာလည်း ထိုးစစ်တိုက်ပွဲတွေ ပြန့်နှံ့လာနိုင်တဲ့ အနေအထားမျိုးရှိတယ်လို့ စစ်ရေးအကဲခတ်တစ်ဦးကတော့ သုံးသပ်ပါတယ်။

“တစ်ခုပြောနိုင်တာက တိုက်ပွဲတွေ၊ ထိုးစစ်တွေ မွန်ပြည်နယ်ဒေသတစ်ခုလုံးကို ပြန့်နှံ့လာနိုင်တဲ့ အ နေအထားမျိုး ရှိတယ်လို့ သုံးသပ်လို့ရတယ်။ နောက်တစ်ခုက စခန်းတွေကို ဘယ်လောက်အထိ ထိန်းချုပ်နိုင်မလဲဆိုတာတော့ ပြောဖို့ခက်တာပေါ့။ ဒါပေမယ့် ဒေသတစ်ခုလုံးပြန့်လာနိုင်တဲ့အပေါ်မှာ စစ်စခန်းတွေ ထိုးစစ်တွေအကုန်လုံး သက်ရောက်မှုရှိတယ်လို့ပဲ သုံးသပ်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ကို စစ်မျက်နှာပေါင်းစုံကနေ အကြီးအကျယ်ခုခံပြီး ဝိုင်းတိုက်ခံနေရတဲ့အနေအထားမှာ အောက်ခြေစစ်သည်တွေရဲ့ စိတ်ခွန်အားကလည်း ပိုပြီးချိနဲ့ကျဆင်းစေတယ်လို့ ထောက်ပြပါတယ်။

မွန်ပြည်နယ်မှာတော့ နိုဝင်ဘာ ၁၀ ရက်နေ့က စတင်ခဲ့တဲ့ ချောင်းနှစ်ခွစခန်းသိမ်းတိုက်ပွဲဟာ မွန်ဒေသတစ်ခုလုံးရှိ စစ်ကောင်စီတပ်စခန်းတွေ၊ ရဲစခန်းတွေ၊ ကင်းစခန်းတွေအပြင် ဌာနဆိုင်ရာရုံးတွေနဲ့ မြို့တွေကို ခြိမ်းခြောက်လာနေပါတယ်။

ကျိုက်မရောမြို့နယ်က ချောင်းနှစ်ခွရဲစခန်းနဲ့ အတ္တရံတတားရှိ ကင်းစခန်းကို KNU လက်အောက်ခံ တပ်တွေနဲ့ မဟာမိတ်ပူးပေါင်းတပ်တို့ ၄ရက်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ပြီးနောက် နိုဝင်ဘာ ၁၃ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ရ.တ.ခ လက်အောက်ရှိ ဘားအံအခြေစိုက် တပ်မ ၂၂ က တပ် ရင်းမှူးနဲ့ အရာရှိအပါအဝင် ၁၄ ဦး သေဆုံးပြီး ၅ ဦး အရှင်ဖမ်းမိခဲ့တယ်လို့ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

တော်လှန်ရေအင်အားစုတွေ သိမ်းပိုက်ထားတဲ့ ချောင်းနှစ်ခွကျေးရွာရှိ အတ္တရံတံတားဟာ ကြာအင်းဆိပ်ကြီး - ကျိုက်မ‌ရော - မုဒုံကို ဆက်သွယ်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီတံတားပေါ် လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ စစ်ပန်းနွမ်းလျနေတဲ့ ပုံပန်း သဏ္ဍာန်ကိုလည်း လူမှုကွန်ရက်မှာ ပျံ့နှံနေတဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့နေရတာ ဖြစ်ပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးကတော့ နိုင်ငံတဝန်း တော်လှန်ရေးတပ်တွေ စုပေါင်းပြီး မြို့သိမ်းတိုက်ပွဲဆင်နွှဲနေသလို မွန်ပြည်နယ်မှာလည်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဖြစ်လာမှာ သေချာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“နိုင်ငံတဝန်းမှာ တော်လှန်ရေးမဟာမိတ်တွေ ပေါင်းစုပြီးတော့ မြို့သိမ်းတိုက်ပွဲ စခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲသလို မွန်ပြည်နယ်မှာလည်း အဲဒီလို မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲကတော့ ဖြစ်လာမှာပဲ။ သေချာပါတယ်။ ဘယ်အချိန်မှာ ဖြစ်လာမလဲ၊ ဘယ်လိုစခန်းတွေ သိမ်းမလဲဆိုတာတော့ အခြေအ နေအချိန်အခါ‌ပေါ်မှာမူတည်ပြီး ကျွန်တော်တို့ တော်လှန်ရေးအဖွဲ့တွေ စုစည်းပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်သွားမှာဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။

ဒါပေမယ့် ရ.တ.ခ လို့ ခေါ်တဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် စခန်းကြီးတွေနဲ့ မြို့ကြီးတွေကိုတော့ တိုက်ခိုက်သိမ်းပိုက်ဖို့ မြောက်ပိုင်းက ညီနောင်မဟာမိတ်တပ်တွေ တိုက်ခိုက်သလို တဆင့်ချင်းသွားရမယ်လို့ နိုင်နဂါးက ထောက်ပြပါတယ်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဟာ မော်လမြိုင်မြို့ရှိ ရခိုင်ကုန်းမှာအခြေစိုက်ပြီး မွန်ပြည်နယ်နဲ့ က ရင်ပြည်နယ်ကို ကာကွယ်ရေး၊ လုံခြုံရေးနဲ့ စစ်ဆင်ရေးဆိုင်ရာကိစ္စရပ်တွေ အဓိကတာဝန်ယူ ဆောင်ရွက်ပေးရတာ ဖြစ်ပါတယ်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ ချောင်းနှစ်ခွတံတားကနေ မုဒုံမြို့ထဲကို ဝင်ရောက်ပြီး မုဒုံ- မော်လမြိုင်ကားလမ်းကတဆင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ရောက်ဖို့ ကားနဲ့ဆို ၁ နာရီလောက်သာ ကြာမြင့်တာပါ။

တစ်ဖက်မှာတော့ မွန်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေအများစုဟာ ပြည်ထောင်စုကားလမ်းမရဲ့ အရှေ့ဘက်ခြမ်းမှာ တည်ရှိပြီး မြေပြင်ပထဝီအနေအထားအရ ကရင်နဲ့မွန်က တချို့မြို့ နယ်တွေကို တောင်တန်းတွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်တောင်ပိုင်းအနေနဲ့ မုဒုံ-မော်လမြိုင်ဘက်ခြမ်းကို စစ်မျက်နှာဖွင့်ရင် တံခွန်တိုင်-အဘစ်ကနေ သံဖြူဇရပ်နဲ့ ရေးမြို့အထိ တချိန်တည်း ဟန်ချက်ညီ စစ်မျက်နှာဖွင့်ပြီး တိုက်ခိုက်မှသာ စစ်ကောင်စီတပ်ရင်းတွေကို အမြစ်လှန်နိုင်မယ်လို့ စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

စစ်ကောင်စီအနေနဲ့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုတွေ လှုပ် ရှားမှု အားကောင်းတဲ့ မြို့နယ်တွေနဲ့ တိုက်ခိုက်ခံရနိုင်မယ့် မြို့နယ်တွေကို လုံခြုံရေးတိုးမြှင့်ထားသ လို ခံစစ်အတွက် ကြိုတင်ပြင်ဆင်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ-S.O.F

October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...