နှစ်ပတ်ကျော်ကြာ ရှမ်းမြောက် တိုက်ပွဲများကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုများ ရပ်တန့်

နှစ်ပတ်ကျော်ကြာ ရှမ်းမြောက် တိုက်ပွဲများကြောင့် တရုတ်-မြန်မာ ကုန်သွယ်မှုများ ရပ်တန့်

နှစ်ပတ်ကျော်ကြာ ဖြစ်ပွါးနေသော ရှမ်းပြည်နယ်မြောက်ပိုင်း တိုက်ပွဲများကြောင့် တရုတ်-မြန်မာ အဓိကကုန်သွယ်ရေး မူဆယ်-လားရှိုး-မန္တလေး လမ်းမကြီးမှာ ယခုချိန်ထိ အသွားအလာ ပြတ်တောက်နေဆဲဖြစ်ပြီး တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး လုံးဝနီးပါး ရပ်တန့်နေသည်ဟု သိရှိရသည်။

အောက်တိုဘာလ ၂၇ ရက်က စတင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင် ညီနောင်သုံးဖွဲ့၏ ရုတ်တရက်တိုက်ခိုက်မှုအတွင်း ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ ကြူကုတ်၊ နမ်းခမ်း၊ သိန္နီ ၊အစရှိသည့် မြောက်ပိုင်းမြို့များကို တိုင်းရင်းသား လက်နက်ကိုင်များက ထိန်းချုပ်ထားနိုင်ခဲ့ပြီး တိုက်ပွဲများ ယခုချိန်ထိဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

တိုက်ပွဲများကြောင့် လူပေါင်း ၅၀၀၀၀ ကျော် နေရပ်စွန့်ခွါထွက်ပြေးခဲ့ရသည်ဟု ကုလသမဂ္ ဂအေဂျင်စီများက ခန့်မှန်းထားသည်။

တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း ပြတ်တောက်သွားသည့် အတွက် စျေးကွက်အတွင်း ကုန်စည်များ မတန်တဆစျေးနှုန်းမြင့်တက်သွားပြီး စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်အတွက် အင်အားဖြည့်တင်းမှုလည်း ထိရောက်မှု မရှိတော့ဟု သိရသည်။

“ အောက်တိုဘာလ ၂၇ ရက်နေ့ကစပြီး ကုန်ကားတစ်စီးမှ မတွေ့ရတော့သလို နယ်စပ် ကုန်သွယ်တာလည်း လုံးဝ မရှိတော့ပါဘူး” ဟု မူဆယ်မြို့ခံတစ်ဦးက အေအက်ဖ်ပီ သတင်းဌာနကို ပြောကြားခဲ့သည်။

ပုံမှန်အားဖြင့် မူဆယ်မြို့မှ တစ်နေ့လျှင် ရာနှင့်ချီသော သစ်သီး နှင့် ဟင်းသီးဟင်းရွက်များ တင်ဆောင် လာသည့် ကုန်ကားများ တရုတ်နိုင်ငံသို့ ဝင်ရောက်သွားပြီး တရုတ်နိုင်ငံမှ လျှပ်စစ်ပစ္စည်း၊ ဆေးဝါး နှင့် လူသုံးကုန် ကားများ ပြန်ဝင်လာတတ်သော်လည်း ယခုအခါ ဖြတ်ကျော်သွားလာမှုမရှိ ခြောက်သွေ့နေသည်။

မူဆယ်မှ မိုင် ၁၀၀ ခန့်ဝေးသော လားရှိုးမြို့ဒေသခံများက တိုက်ပွဲများကြောင့် ဖြစ်ပေါ်လာသည့် အခြေအနေဆိုးများကို ခံစားနေရသည်ဟု ဆိုသည်။

“ တိုက်ပွဲတွေ မဖြစ်ခင်က ဆန်တစ်အိတ်ကို ၁၆၀၀၀၀ ပေးရတယ်။ အခု ဆန်တစ်အိတ်ကို ၁၉၀၀၀၀ ပေးရတယ်။ ဒီ့ထက် တိုက်ပွဲတွေ ပိုကြာလာရင် အခြေအနေပိုးဆိုးလာနိုင်တယ်” ဟု အမည်မဖော်လိုသော လားရှိုးမြို့ခံတစ်ဦးက ပြောကြားသည်။

ရခိုင်တပ်တော်(AA)၊ တအာင်းပလောင်လွတ်မြောက်ရေးတပ်( TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်( MNDAA) လက်နက်ကိုင် ညီနောင် သုံးဖွဲ့ တို့ စတင်တိုက်ခိုက်သည့် အောက်တိုဘာ ၂၇ မှ စ၍ မူဆယ်ဘက်မှ လားရှိုးမြို့သို့ ကုန်စည် ဝင်ရောက်မှု လုံးဝမရှိတော့သလို ချင်းရွှေဟော် နယ်စပ်တွင်လည်း ကုန်သွယ်မှုများ လုံးဝ ရပ်တန့်သွားသည်။

ယခုနှစ် ဧပြီလမှ နိုဝင်ဘာလ အထိ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးမှ တန်ဖိုး ဒေါ်လာ ၅ ဒဿမ ၃၂ ဘီလျံရရှိခဲ့ရာ သုံးပုံတစ်ပုံမှာ မူဆယ် နှင့် ချင်းရွှေဟော် နယ်စပ်ဂိတ်များမှ ရရှိခဲ့ခြင်းဖြစ်သည်။

လေ့လာသုံးသပ်သူများ၏ အဆိုအရ အဆိုပါငွေကြေးများအနက် တစ်ဘီလျံမှာ တရုတ်နိုင်ငံသို့  ဓာတ်ငွေ့တင်ပို့ရောင်းချခြင်းမှ ရရှိသည်ဟု ဆိုသည်။ တရုတ်နိုင်ငံက တိုက်ပွဲများကြောင့် တရုတ်-မြန်မာ သဘာဝဓါတ်ငွေ့ ပိုက်လိုင်းကို ထိခိုက်မှုမရှိဟု ယူဆကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက သောကြာနေ့တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ နှင့် အဓိက ဆက်သွယ်ထားသော ကုန်းလမ်းမကြီး ပိတ်ဆို့ နေခြင်းမှာ စစ်ကောင်စီအတွက် သိသာထင်ရှားသည့် ထိုးနှက်ချက် တစ်ခုဖြစ်သည်ဟု International Crisis Group မှ ရစ်ချတ် ဟော်ဆေးက ပြောကြားသည်။

အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် အနောက်အုပ်စုနိုင်ငံများ၏ ပိတ်ဆို့အရေးယူမှုကြောင့် အိမ်နီးချင်း တရုတ်နှင့် ကုန်သွယ်ရေးကို ပိုမိုအားကိုးအားထားပြုလာခဲ့သည်။

ယခုလအစောပိုင်းတွင် မြန်မာဗဟိုဘဏ်သည် နယ်စပ်ကုန်သွယ်ရေးတွင် ဘဏ်အချင်းချင်း ငွေပေးချေမှု စနစ်ကို စတင်ဆောင်ရွက်ကာ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုတွင် တိုးပွားလာအောင် ကြိုးပမ်းခဲ့သည်။

ရေရှည် နယ်စပ်ပိတ်ထားရခြင်းအကျိုးဆက်ကြောင့် မြန်မာစစ်ကောင်စီ အတွက် ကုန်သွယ်ရေးမျှခြေ၊ လတ်တလောဝင်ငွေ နှင့် ပြည်ပငွေကြေး ရရှိမှုအပေါ် ထိခိုက်မှု ရှိလာနိုင်သည်ဟု ရစ်ချတ် ဟော်ဆေးက ဆိုသည်။

နိုင်ငံခြားဝင်ငွေ ပြတ်လပ်နေသော စစ်ကောင်စီသည် အဓိက သွင်းကုန်များနှင့် နိုင်ငံအနှံ့ ပေါ်ပေါက် လာနေသည့် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့များကို တိုက်ခိုက်ရန်အတွက် လိုအပ်သည့် လက်နက်များ ဝယ်ယူရန် နိုင်ငံခြားသုံးငွေ အရေးတကြီး လိုအပ်လျှက် ရှိနေသည်။

October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...