ကျောက်ဖြူနှင့် ရမ်းဗြဲမှ ရဲစခန်း ၃ ခု စခန်းကိုရုပ်ပြီး မိသားစုနှင့်အတူ ကားများဖြင့် မြို့ပေါ်သို့ ထွက်ပြေး

ကျောက်ဖြူနှင့် ရမ်းဗြဲမှ ရဲစခန်း ၃ ခု စခန်းကိုရုပ်ပြီး မိသားစုနှင့်အတူ ကားများဖြင့် မြို့ပေါ်သို့ ထွက်ပြေး

ရခိုင်တွင် ယနေ့ နံနက် ၅ နာရီမှစတင်ကာ ရက္ခိုင့်တပ်တော် (AA)က စခန်းသိမ်းတိုက်ပွဲများဆင်နွှဲနေချိန် ကျောက်ဖြူမြို့နယ်နှင့် ရမ်းဗြဲမြို့နယ်မှ ရဲစခန်း ၃ ခုမှ ရဲတပ်ဖွဲ့ဝင်များသည်  မိသားစုနှင့်အတူ မြို့ပေါ်ဘက်သို့ အထုတ်အပိုးများသိမ်းကာ ကားများဖြင့် ထွက်ပြေးသွားခဲ့ကြောင်း ဒေသခံများက နိရဥ္စရာသို့ပြောသည်။

၎င်းရဲစခန်းများမှာ ကျောက်ဖြူမြို့နယ်မှ စနဲမြို့မ ရဲစခန်း၊ ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုစခန်းနှင့် ကျောက်ချောင်းတိုက်နယ်မှ အောင်လှပြင်ကျေးရွာ ရဲစခန်းတို့ဖြစ်ကြသည်။

ကျောက်ဖြူခရိုင်၊ စနဲမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများသည်  ယနေ့ နိုဝင်ဘာလ ၁၃ ရက်၊ နံနက် ၈ နာရီခန့်တွင် အထုတ်အပိုးများ သိမ်းဆည်းပြီး တေဘာကားတစ်စီးဖြင့် ကျောက်ဖြူမြို့သို့ ထွက်ပြေးသွားကြကြောင်း စနဲဒေသခံတစ်ဦးက ပြောသည်။

“စနဲ ရဲစခန်းက စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့မိသားစုတွေဟာ ဒီနေ့မနက်ပိုင်းက ကျောက်ဖြူမြို့ဘက်ကို ထွက်သွားကြတယ်ဗျ။ ကျောက်တင်တဲ့ တေဘာကားတစ်စီးနဲ့ အထုတ်အပိုးတွေတင်ပြီးတော့ ထွက်သွားကြတာ။ အခု စနဲ ရဲစခန်းမှာ တစ်‌ယောက်မှ မရှိတော့ဘူး” ဟုပြောသည်။

အဆိုပါ ရဲစခန်းမှ ထွက်ပြေးသွားသည့် ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုများသည် ကျောက်ဖြူမြို့နယ်ရှိ ဇင်ချောင်းရဲခစခန်းသို့ ရောက်လာခဲ့ကြကာ ဇင်ချောင်း ရဲစခန်းတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဦးခန့်မှာလည်း ၎င်းတို့နှင့် အတူ ကျောက်ဖြူမြို့ဘက်သို့ အတူလိုက်ပါသွားကြောင်း ဇင်ချောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဇင်ချောင်း ရဲစခန်းနဲ့ စကစ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား ၃၀ လောက်ဟာ ကျောက်ဖြူကို ထွက်သွားပါပြီ။ စနဲက လာတဲ့ တေဘာကားကိုတော့ ပြန်လွှတ်ပေးလိုက်ပါတယ်။ နောက်ထပ် ဇင်ချောင်းက ကား ၂ စီးကို ချောဆွဲပြီးတော့ စစ်ကား ၃ စီးရယ်၊ စုစုပေါင်း ၅ စီးနဲ့ ကျောက်ဖြူမြို့ပေါ်ထွက်သွားတာပါ” ဟုဆိုသည်။

လက်ရှိတွင် ဇင်ချောင်းရဲစခန်း၌ ရဲတပ်ဖွဲ့ဝင်များသာ ကျန်ခဲ့ပြီး ၎င်းရဲသားများမှာ စခန်းထဲမှ စခန်းပြင်သို့မထွက်ဘဲ စခန်းထဲတွင်သာ နေနေကြကြောင်း သူက ဆက်ပြောသည်။

ထို့အပြင် ရမ်းဗြဲမြို့နယ် လေးတောင်တိုက်နယ်မှ သရက်ချိုကျေးရွာနှင့် ကျောက်ချောင်းတိုက်နယ်မှ အောင်လှပြင်ကျေးရွာ ရဲစခန်းမှ ရဲတပ်ဖွဲ့များမှာလည်း ကား ၂ စီးဖြင့် ကျောက်ဖြူမြို့ဘက်သို့ ထွက်ပြေးသွားကြကြောင်း ဒေသခံများပြောသည်။

“လေးတောင်တိုက်နယ်၊ သရက်ချိုနဲ့ အောင်လှပြင်ကရဲတွေလည်း ဒိုင်နာကားနဲ့ ထွက်သွားကြတယ်။ ကား၂ စီးမှာ မိန်းမတွေရော၊ ကလေးတွေပါ အပြည့်ပါကြတယ်။ ကားနောက်ဖက်မှာတော့ အရပ်ဝတ်တွေနဲ့ သေနတ်ကို မောင်းတင်ပြီးတော့ ဟိုကြည့် ဒီကြည့် ကြည့်ပြီးတော့ သွားကြတာ မြင်လိုက်ရပါတယ်” ဟုပြောသည်။

ယနေ့ နိုဝင်ဘာ ၁၃ ရက် နံနက် ၅ နာရီခန့်မှ စတင်သည့် ရခိုင်တကျော့ပြန်စစ်ပွဲ ပထမရက်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA) က စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ရရှိထားပြီး အရာရှိတချို့ကိုလည်း ဖမ်းဆီးရမိထားသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA) ပြောခွင့်ရ ဦးခိုင်သုခက နိရဥ္စရာသတင်းဌာနသို့ အတည်ပြုထားသည်။

တိုက်ပွဲ ပွဲဦးထွက်အနေဖြင့် နံနက် ၅ နာရီအချိန်တွင် ရသေ့တောင်မြို့နယ်မှ ချိန်ခါလီနှင့် ဒုံးပိုက်နယ်ခြားစောင့်စခန်းတို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်ပြီး ၆ နာရီခွဲဝန်းကျင်တွင် ဒုံးပိုက်စခန်းကို သိမ်းပိုက်ရရှိခဲ့သည်။

ထို့အပြင် နံနက် ၈ နာရီတွင်လည်း မင်းပြားမြို့နယ်၊ ဖားပြိုရွာအနီးတွင် စစ်ကောင်စီ စစ်ကားနှစ်စီးအား ရက္ခိုင့်တပ်တော်(AA)ဘက်မှ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အေအေနှင့် နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

အလားတူ ကျောက်တော်မြို့နယ်မှ ရဲတပ်ဖွဲ့ဝင် အင်အား ၂၆ ဦးရှိသည့် အပေါက်ဝနယ်မြေ ရဲစခန်းတစ်ခုလုံးသည်လည်း ယနေ့ နံနက် ၁၁ နာရီဝန်းကျင်က လက်နက်အပြည့်အစုံဖြင့် AA ထံလက်နက်ချ အလင်းဝင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူလူထုအပေါ် အကြမ်းဖက်မှု၊ လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်လာသည့် စစ်ကောင်စီဘက်က ခေါင်းမာမာဖြင့် ရပ်တည်မနေဘဲ ပြည်သူလူထု၏မေတ္တာကိုခံယူပြီး လက်နက်ချအလင်းဝင်ရောက်သည်မှာ အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်ကြောင်း ရခိုင်မှတက်ကြွလှုပ်ရှားသူ လူငယ်များက ထောက်ပြပြောဆိုကြသည်။

Most read this week

October 22, 2024
တိုက်ပွဲပြင်းထန်နေသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ  ကျေးရွာ ၂ ရွာတွင် လက်နက်ကြီးကျည်များ...
October 21, 2024
ရခိုင်ပြည်မှ စစ်ကောင်စီ၏ အကြီးဆုံးရေတပ်စခန်းဖြစ်သည့် ကျောက်ဖြူ ဓည၀တီရေတပ်ဌာနချုပ် အနီးရှိ...
October 18, 2024
ရခိုင်ပြည်တွင် စပါးစျေးမရသည့်အပြင် ယခင်နှစ် စိုက်ပျိုးရာသီမှ ထွက်ရှိလာသော စပါးများကို ယခုနှစ်...
October 16, 2024
ရခိုင်ပြည်၊မောင်တောမြို့၊ နခခ(၅)တပ်ရင်းအား အာရက္ခတပ်‌တော် (AA)  နေစဉ်ရက်ဆက် ထိုးစစ်ဆင်...