သိန္နီမြို့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင် ၁ ဦး ထပ်မံသေဆုံး၊ အမျိုးသမီးအပါအဝင် ၂ ဦးဒဏ်ရာရ

သိန္နီမြို့ လက်နက်ကြီးကြောင့် စစ်ဘေးရှောင် ၁ ဦး ထပ်မံသေဆုံး၊ အမျိုးသမီးအပါအဝင် ၂ ဦးဒဏ်ရာရ

သျှမ်းပြည် သိန္နီမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအတွင်း စစ်ကောင်စီမှ ရမ်းသမ်းပစ်ခတ်သည့် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် စစ်ဘေးရှောင် ၁ ဦး ထပ်မံသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာ ၃၁ ရက်နေ့၊ ညနေပိုင်းအချိန်က သိန္နီမြို့နယ် ကျောင်းခမ်းဘုန်းကြီးကျောင်း စစ်ဘေးရှောင် စခန်းတွင် စစ်ကောင်စီလက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းကြောင့် အသက် ၃၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးသွားပြီး အမျိုးသမီး အပါအဝင် ၂ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု သိန္နီမြို့ရှိ စစ်ဘေးရှောင် ပြည်သူ များက ပြောသည်။

“သိရသ‌လောက်တော့ ၁ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရတယ်လို့ပြောတယ်။ ကျနော်တို့နဲ့ သူတို့က ကျောင်းအောက်ဘက်မှာ အတူတူနေကြတာ။ သူတို့က ဘုန်းကြီးကျောင်း အပေါ်ဘက်ကို တက်သွားကြည့်တာ၊ အဲ့ဒါနဲ့ သူတို့ကို လက်နက်ကြီးလာမှန်တာ။ လက်နက်ကြီးက ညနေပိုင်းကျတာ။ ဆုံးသွားတဲ့လူက အသက်က တော့ ၃၀ အရွယ်လောက်ရှိမယ်၊ ငယ်သေးတယ်” ဟု ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့၊ တစ်ရက်တည်းတွင် ကျောင်းခမ်းစစ်ဘေးရှောင် စခန်းအတွင်း လက်နက်ကြီး ၂ ကြိမ် ကျရောက်ခဲ့ပြီး လက်ရှိအချိန်ထိ မပေါက်ကွဲသေးသည့် လက်နက်ကြီးတစ်လုံး ရှိနေသေးသည်ဟု စစ်ဘေး ရှောင်များက ပြောသည်။

“မနေ့က ဘုန်းကြီးကျောင်းထဲကို လက်နက်ကြီး ၂ လုံးကျတာ။ ပထမတစ်လုံးကျတာက ခုနကပြောတဲ့ လူတွေကို မှန်တယ်။ ဒုတိယတစ်လုံး ထပ်ကျတာက မပေါက်ကွဲသေးဘဲ ဘုန်းကြီးကျောင်းဝင်းထဲမှာ ရှိနေသေးတယ်။ အခု လည်း လက်နက်ကြီးအသံတွေ ကြားနေရတယ်။ ဖုန်းလိုင်းလည်း ရတစ်ချက် မရတစ်ချက်နဲ့။ ဖုန်းနဲ့ ဓာတ်ပုံ လိုက်ရိုက်ရင်လည်း သူတို့ဖမ်းတယ်” ဟု ကျောင်းခမ်းဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်နေသည့် အမျိုးသား က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အောက်တိုဘာလ ၃၁ ရက်နေ့က သိန္နီမြို့ပေါ်တွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်း ထန်ခဲ့ပြီး သိန္နီမြို့ဝင်တံတားလည်း ဖောက်ခွဲဖျက်စီးခံရကာ နေ့လယ် ၁၁ နာရီအချိန်တွင် သိန္နီမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့ MNDAA က ထုတ်ပြန်ထားသည်။

“အခုက သိန္နီတံတားကြီးလဲ ကျိုးသွားတော့ လားရှိုးဘက်က လူတွေလဲ ဒီကို လာလှူလို့ မရတော့ဘူးလေ။ မြို့ထဲ ကလူတွေ လာလှူတာက ဘယ်လိုမှ မလောက်နိုင်ဘူး ဖြစ်နေတာ။ တစ်ဆောင်နည်းနည်းစီ ခွဲလိုက်ရင်တောင် ဘာ မှမရှိတော့ဘူး။ လူအရမ်းများတော့ ဘယ်လိုမှ ဝေလို့မလောက်နိုင်ဘူး” ဟု သိန္နီမြို့ စစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

သိန္နီမြို့ပေါ်တွင် တိုက်ပွဲပြင်းထန်နေပြီး အချို့သော စစ်ဘေးရှောင်စခန်းများမှာ စစ်ကောင်စီတပ်နှင့် နီးကပ်နေ သဖြင့် လုံခြုံရေး အခြေအနေကြောင့် မည်သူမှ အပြင်သို့ မထွက်ရဲကြဘဲ လက်နက်ကြီး ထိမှန်မှုကြောင့် သေဆုံး သူကိုပင် မြေမြှုပ် သင်္ဂြိုဟ်နိုင်ခြင်း မရှိသေးပေ။

သိန္နီမြို့နယ် ကျောင်းခမ်း စစ်ဘေးရှောင်စခန်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးထိမှန်မှုကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာပြီး အောက်တိုဘာ ၂၈ ရက်နေ့နှင့် ၂၉ ရက်နေ့တွင်လည်း မန်မိုင်အုပ်စု ကျောင်းခမ်းရွာနေ ဦးဆံ ထွန်း ဆိုသူနှင့် ကုန်းဟော်အုပ်စုမှ ဦးစိုင်းဖူး ဆိုသူတို့ သေဆုံးခဲ့သေးသည်။

လက်ရှိအချိန်တွင် သိန္နီမြို့နယ်အတွင်း မြို့ပေါ်နှင့် ကျေးရွာများရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်ဦးရေ ၆၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုကြောင့် အကူအညီများ မရောက်ရှိနိုင်ဘဲ စားနပ်ရိက္ခာနှင့် သောက်ရေသန့်များ အရေးပေါ်လိုအပ်နေသည်။

October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...