မွန်ပြည်နယ်မှာ စပါးဈေး ကျပ် ၁၅ သိန်းကျော်ရှိပေမယ့် တောင်သူတွေ တွက်ခြေမကိုက်

မွန်ပြည်နယ်မှာ စပါးဈေး ကျပ် ၁၅ သိန်းကျော်ရှိပေမယ့် တောင်သူတွေ တွက်ခြေမကိုက်

မွန်ပြည်နယ်မှာ အခုနှစ်မိုးစပါးပေါ်ကာလ စပါးတင်းရာလျှင် ကျပ် ၁၅ သိန်းကျော် ပေါက်ဈေးရှိပေမယ့် အထွေ ထွေကုန်ကျစရိတ် ကြီးမြင့်နေတာကြောင့် တွက်ခြေမကိုက်ဘူးလို့ တောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါ တယ်။

မိုးစပါး စိုက်တောင်သူတွေဟာ အခုနှစ် မိုးစပါးစိုက်ပျိုးရာကာလမှာလည်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့် တက်နေတာ၊ သွင်းအားစုအပါအဝင် အလုပ်သမားစရိတ်တွေ ကြီးမြင့်မှုအခက်အခဲကို အကြီးအကျယ် ရင်ဆိုင်ခဲ့ ရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အခုနှစ် မိုးစပါးပေါ်ကာလမှာတော့ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထနဲ့ ရွှေဝါထွန်းအမျိုးအစား စပါးတွေဟာ ဈေးကွက်အတွင်းမှာ တင်းတစ်ရာလျှင် ကျပ် ၁၅ သိန်းကျော်သာ ပေါက်ဈေးရှိနေတဲ့အတွက် တောင်သူတွေ အခက်ကြုံနေရတာပါ။

တောင်သူတစ်ဦးက အခုနှစ်ရေကြီးမှုကြောင့် စပါးခင်းတချို့ ပျက်စီးတာ၊ ရေကြီးမှုနောက်ဆက်တွဲအတူ ပိုးမွှား ကျရောက်မှုကြောင့် စပါးအထွက်နှုန်း သိသိသာသာကျဆင်းလာတဲ့အတွက် ဘယ်လိုမှ တွက်ခြေကိုက်မှာ မဟုတ် ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အခုလက်ရှိ တွက်ချေကိုက်မှုတော့ မရှိဘူးပေါ့နော်။ ထွက်ရှိတာနဲ့ကို အစိုရောင်းရင် ဆယ့်ငါးသိန်းပေးမယ်။ ရိတ်သိမ်းတာကလည်း အခုတစ်ဧကကို တစ်သိန်းနှစ်သောင်းလောက်ရှိတယ်။ ဝဲဖိုးနဲ့ ကုန်ကျစားရိတ်တွေ ပေါ့ ကွယ်။ သိပ်မကိုက်ဘူး။ နောက်စပါးကလည်း အထွက်နှုန်းကလျော့နေတယ်။ ပိုးထိတာရယ်၊ ရေမြုပ်တာရယ်နဲ့ လေ” လို့ သူကပြောပါတယ်။

မိုးစပါးစိုက်ပျိုးတဲ့ တောင်သူတွေဟာ အခုနှစ်မှာ ထုတ်လုပ်မှုကုန်ကျစရိတ်အဖြစ် စပါးတစ်ဧကကို အနည်းဆုံး ကျပ် ၈ သိန်းကနေ ၁၀ သိန်းအထိ ကုန်ကျခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မွန်ပြည်နယ်ရဲ့ စပါးအထွက်နှုန်းဟာ မြို့နယ်အပေါ် မူတည်ပြီး တစ်ဧကလျှင် တင်း ၄၀ ကနေ တင်း ၆၀ အထိသာ ထွက်ရှိနေတဲ့အတွက် ဒီစပါးဈေးနှုန်းကြောင့် ထုတ်လုပ်မှုကုန်ကျစရိတ်ပင်ကာမိမှာ မဟုတ်ဘူးလို့ တောင်သူတွေက ဆိုကြပါတယ်။

စပါးပေါက်ဈေး ကျပ် ၁၅ သိန်းကျော်ရှိပေမယ့် အာဏာသိမ်း ကာလအတွင်း မြင့်တက်နေတဲ့ အထွေထွေ ကုန်ကျစရိတ်ကြောင့် တွက်ခြေမကိုင်နိုင်သလို အထွက်နှုန်း ကျဆင်းသွားမယ့် တောင်သူတွေ အဖို့ အရှုံးပေါ် မယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“ဘယ်လိုလုပ် ကိုက်မှာလဲ။ ကျွန်တော်တို့က ရောင်းဖို့စပါးတောင်မရှိတော့ဘူး။ ဘယ်လိုမှမကိုက်ဘူး။ ကျွန်တော့် ဆီမှာဆိုရင် ကြံကြံဖန်ဖန် လုပ်ကြတာတောင် လုံးဝစပါးပြန်မရဘူး။ ကုန်ကျစားရိတ်က ကျွန်တော်ပြောပြမယ် လေ။ ကုန်ကျစားရိတ်က ဆယ်သိန်းကျော်နေတယ် တစ်ဧကကို။ အဲဒါကိုတောင် စပါးတစ်ရာထွက် မလာဘူး။ အများဆုံးမှ စပါးငါးဆယ်ပဲထွက်တယ်။ တစ်ဧကကို ဆယ်သိန်းမကျော်ဘူး။ ဆယ်သိန်းပဲထားဦး။ နှစ်ဧကလုပ်မှ စပါးတစ်ရာရမှာလေ။ သွင်းအားစုတွေက မြင့်တက်ပြီးတော့ ထွက်လာတဲ့သီးနှံကို ပြန်ရောင်းတဲ့အခါကျတော့ လုံးဝ တွက်ခြေမကိုက်ဘူး။ အဲဒီမှာကွာတာပဲ” လို့ ပြောပါတယ်။

စပါးဈေးနှုန်းဟာ စပါးမပေါ်မီ မိုးတွင်းကာလအတွင်း ဆန်ကြမ်းအုပ်စုဝင် စပါးဈေးဟာ တင်းတစ်ရာလျှင် ကျပ် ၂၃ သိန်းကနေ ၂၅ သိန်းအထိ ဈေးရှိခဲ့သလို ဆန်ချောအုပ်စုဝင်စပါးတွေကလည်း ကျပ် ၂၈ သိန်းကနေ သိန်း ၃၀ ကျော်အထိ ပေါက်ဈေးရှိခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အခုနှစ်မိုးစပါးဈေးအဖြစ် ဆန်ကြမ်းအုပ်စုဝင် ဧည့်မထနဲ့ ငစိန် အမျိုးအစား စပါးတင်း၁၀၀ ကို ကျပ် ၁၃ သိန်းကနေ ကျပ် ၁၅ သိန်း၊ ဧရာဝတီပေါ်ဆန် ကျပ် ၁၆ သိန်းမှ ကျပ် ၁၈ သိန်း၊ ရွှေဘိုပေါ်ဆန်စပါး ကျပ် ၁၈ သိန်းကနေ ကျပ်သိန်း ၂၀ အတွင်း ဝယ်ယူဖို့ အခြေခံရည်ညွှန်းဈေးနှုန်း သတ်မှတ် ထားတာပါ။

အခြေခံစပါးရည်ညွှန်းဈေးဟာ စစ်ကောင်စီရဲ့ လမ်းညွှန်မှုနဲ့အညီ ကုန်ဈေးနှုန်းတည်ငြိမ်စေဖို့ ဆန်းစပါးနဲ့ သက် ဆိုင်တဲ့ အဖွဲ့အစည်းတွေက ညှိနှိုင်းဆွေးနွေးပြီး သင့်တင့်မျှတတဲ့ ဈေးနှုန်းသတ်မှတ်ရတာဖြစ်တယ်လို့ မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်က ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါးစိုက်ဧက ၇ သိန်းနီးပါး ရှိနေတာဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄ သိန်းကျော် ထွက်ရှိနေတာပါ။ ထွက်ရှိလာတဲ့ စပါးတွေကိုတော့ ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ် တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...