တနင်္သာရီ ကမ်းရိုးတန်းတွင် စစ်ကောင်စီက ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း ပြုလုပ်မည်။

တနင်္သာရီ ကမ်းရိုးတန်းတွင် စစ်ကောင်စီက ရေကြောင်းလုံခြုံရေး လေ့ကျင့်ခန်း ပြုလုပ်မည်။

တနင်္သာရီကမ်းရိုးတန်း မြိတ်ကျွန်းစုအနီး ပင်လယ်ပြင်တွင် ရေကြောင်းလုံခြုံရေး ပင်လယ်ပြင်လေ့ကျင့်ခန်း Maritime Security Exercise ပြုလုပ်သွားမည် ဖြစ်ကြောင်း ရေကြောင်း သတိပေးချက်နှင့် လေကြောင်းသတိ ပေးချက်များကို စစ်ကောင်စီမှ ထုတ်ပြန်ထားသည်။

ရေပြင်၊ ဝေဟင်၊ ရေအောက် လေ့ကျင့်ခန်းများနှင့် လက်တွေ့ပစ်ခတ်ခြင်းများ (Live Firing) ကို နိုဝင်ဘာလ ၇ ရက်နေ့မှ ၉ ရက်နေ့အထိ စစ်ရေး လေ့ကျင့်သွားမည် ဖြစ်ကြောင်း အောက်တိုဘာလ ၂၆ ရက်နေ့ရက်စွဲဖြင့် စစ်ကောင်စီလက်အောက်ခံ မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာများတွင် ဖေါ်ပြထားသည်။

ယခင်က ပင်လယ်ပြင် စစ်ရေးလေ့ကျင့်မှုများကို ရခိုင်ကမ်းရိုးတန်း ဒေသဘက်တွင်သာ ပြုလုပ်ခဲ့ပြီး ယခုပြုလုပ် မည့် မြန်မာနိုင်ငံတောင်ပိုင်းဒေသ၏ ရေပြင်တွင် စစ်ရေးလေ့ကျင့်ရန် ပြင်ဆင်နေခြင်းမှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အတွက် သတိပြုစရာ ဖြစ်နေသည်ဟု ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က ပြောသည်။

ကျွန်းစုမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦး က “ဘယ်လောက်ပဲလေ့ကျင့်ပါစေ ပြည်သူ ထောက်ခံမှု မရှိတဲ့ မတရားအာဏာသိမ်း အဖွဲ့ကတော့ ကျဆုံးမှာပါ၊ အခုလို စစ်ရေးလေ့ကျင့်တာကို အကြောင်း ပြပြီးတော့ PDF အဖွဲ့တွေဘက်ကို စစ်ကြောင်းထိုးလာနိုင်တာမျိုး ကိုတော့ သတိထားကြရမှာပါ” ဟု ပြော သည်။

စစ်ရေးလေ့ကျင့်သွားမည့် ဧရိယာမှာ တနင်္သာရီကမ်းရိုးတန်း ကပ္ပလီပင်လယ်ပြင်၌ဖြစ်ပြီး စစ်ကောင်စီမှ ဖော်ပြ သည့် မြေပုံအရ မြိတ်ခရိုင် ကျွန်းစုမြို့နယ်အနီး ဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ပုလော၊ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်များတွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များနှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများထဲတွင် စစ်ကောင်စီ၏ ရေတပ် စစ်သင်္ဘောများပေါ်မှ လက်နက်ကြီး ပစ်ကူပေးခဲ့ခြင်းများ ရှိခဲ့သည်။

အခိုင်အမာ တပ်စွဲအထိုင်ချထားသည့် တပ်စခန်း အတော်များများကို ပြည်သူ့ကာကွယ်ရေးတပ်များမှ တိုက်ခိုက် သိမ်းပိုက်ခြင်းများ ကြုံတွေ့နေရသည့်အတွက် ယခုကဲ့သို့ စစ်ရေးလေ့ကျင့် ပြင်ဆင်ခြင်းဖြစ်ကြောင်း ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယခုရာသီသည် ငါးဖမ်းရာသီဖြစ်ပြီး ထိုကာလအတွင်း စစ်ရေးလေ့ကျင်မှုကြောင့် ငါးမရမည်ကို ပင်လယ်ငါးဖမ်း လုပ်ငန်း လုပ်ကိုင်နေသူများက စိတ်ပူစိုးရိမ်နေကြရသည်ဟု ကျွန်းစုမြို့နယ် လင်းလွန်းကျေး ရွာသားတစ်ဦးက ပြောသည်။

စစ်ရေးလေ့ကျင့်နေချိန် သတ်မှတ်ဧရိယာ၏ ၅ မိုင်ပတ်လည်၌ သင်္ဘောကြီး၊ သင်္ဘောငယ်၊ ကုန်တင်စက်လှေ၊ ငါးဖမ်းသင်္ဘောများနှင့် စက်တပ်သမ္ဗန်များ၊ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်း ကိရိယာများချထားခြင်း မပြုလုပ်ကြရန် တားမြစ်ထားသည်။

ထို့အပြင် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀ (တစ်သောင်းငါးထောင်) အောက် ဖြတ်ကျော် ပျံသန်းခြင်း မပြုရန်လည်း စစ်ကောင်စီမှ  သတိပေးထားသည်။

Most read this week

October 23, 2024
စစ်ကောင်စီတပ်က ၎င်းတို့ လက်လွှတ်ဆုံးရှုံးထားရသည့် ရှမ်းမြောက်ဒေသထဲက လားရှိုးမြို့အပါအဝင်...
October 22, 2024
ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်အတွင်း ဆန် ဈေးနှုန်း မြင့်တက်လာမှုကြောင့် စစ်ဘေးရှောင်များ သာမက...
October 21, 2024
တနင်္သာရီတိုင်း ဒေသကြီးအတွင်းမှ မြိတ်၊ တနင်္သာရီနှင့် ပုလောမြို့နယ်များတွင် MPT ဖုန်းလိုင်းနှင့်...
October 21, 2024
ချင်းပြည်နယ်၊ ပလက်ဝဒေသထဲက စစ်ဘေးရှောင်၂၀၀၀၀ ခန့်အတွက် စားနပ်ရိက္ခာနှင့် ဆေးဝါး အကူအညီများ...