ဆန်ဝယ်ယူမှု ကန့်သတ်ခြင်းကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်

ဆန်ဝယ်ယူမှု ကန့်သတ်ခြင်းကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကျေးရွာများတွင် ဆန်ဝယ်ယူမှုကို ကန့်သတ်လိုက်သောကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာလှူဒါန်းရန် အခက်အခဲ ဖြစ်လာပြီး ဆန်ရိက္ခာ မလုံလောက်မှု ဖြစ်ပေါ်နေကြောင်း စစ်ဘေးရှောင် ကူညီသူများက ပြောသည်။

စစ်အုပ်ချုပ်ရေး နယ်မြေ ကြေညာခံထားရသော တနင်္သာရီမြို့နယ်ရှိ ကျေးရွာများတွင် အောက်တိုဘာလ နောက် ဆုံးအပတ်မှ စတင်ပြီး ဒေသခံများအနေဖြင့် ဆန်များဝယ်ယူရာတွင် အိမ်ထောင်စု တစ်ခုလျှင် ဆန် ၆ ပြည် အထိသာ ကန့်သတ် ဝယ်ယူခွင့်ရသောကြောင့် စစ်ဘေးရှောင်များအတွက် ဆန်ရိက္ခာဝယ်ယူရန် အခက်အခဲရှိလာ ကြောင်း စစ်ဘေးရှောင် အနီးကပ် ကူညီသူတစ်ဦးက ပြောသည်။

၎င်းက “ဒီလထဲမှာပဲ အခုလို သတ်မှတ်လိုက်တာပေါ့။ ဆန်ဆိုင်တွေကလည်း အများကြီး ရောင်းလို့ မရတော့ဘူး။ စစ်တပ်က ခြိမ်းခြောက်တာတွေ ခံထားရတယ်။ အဲ့တော့ ပြန်ဝယ်ပြီး လှူတဲ့နေရာမှာ အရင်ကလို များများ ဝယ် မရတော့ဘူး။ နည်းနည်းချင်းစီဝယ်ပြီး လှူရတော့ ဆန်မရတဲ့ စစ်ဘေးရှောင် တွေလည်း ရှိတယ်။ စစ်ဘေးရှောင် တွေအတွက် တစ်ခါတစ်ခါလှူရင်လည်း ဆန်သယ်ရတာထက် ကားခတွေကလည်း ပေးရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကြား မကြာခဏ ထိတွေ့ တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေသည့် တနင်္သာရီမြို့နယ်တွင် ဆန်ကြမ်း (၂၄) ပြည် တစ်အိတ်လျှင် (၇၀,၀၀၀) ကျပ် ဝန်းကျင်မှ (၉၀,၀၀၀) ကျပ်ဝန်းကျင် အထိပေါက်ဈေးရှိနေသလို မိုးစပါးများကိုလည်း မစိုက်ပျိုးနိုင်ကြသောကြောင့် ယခုကဲ့ သို့ ဆန်ပြတ်လပ်မှု ပြဿများကို ဖြေရှင်းနိုင်မည် မဟုတ်ကြောင်း မြို့နေဒေသခံ တစ်ဦးက ပြောသည်။

“ဆန်တွေကသယ်တိုင်း အများဆုံးတစ်အိတ်ပဲ သယ်ခွင့်ရတာ။ ပြီးတော့ စပါးအများစု စိုက်ကြတဲ့ ရွာတွေက လည်း တိုက်ပွဲတွေဖြစ်တော့ စစ်ဘေးရှောင်နေကြရတယ်။ အဲ့တော့ စပါးစိုက်ဖို့ သေချာ မလုပ်နိုင်တော့ စပါး တွေ ပျက်စီးပြီး မလုံလောက်ဘူး။ စစ်တပ်က အခုလို ကန့်သတ်တာတွေ လုပ်နေသ၍ကတော့ ပြည်သူတွေ ရိက္ခာ လုံလောက်မှာ မဟုတ်ဘူး” ဟု ၎င်းဒေသခံက ပြောသည်။

ထို့အပြင် တနင်္သာရီမြို့နယ်အနီးရှိ ပုလောမြို့နယ်တွင်လည်း စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကြား မကြာခဏ ဆိုသလို ထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လျက်ရှိနေပြီး စစ်ကောင်စီဘက်က ဖြတ်လေး ဖြတ်ပုံစံ ဖြတ်တောက်မှုများ ဆက်တိုက်လုပ်ဆောင် လာနေကြောင်းလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဘက်ကလည်း ပြောဆိုသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ ဘန်လော၊ အရှေ့မော်ကုန်း၊ အနောက်မော်ကုန်း၊ တမုတ်ချုံး နှင့် ဘန်းလမွတ် စသည့် ကျေးရွာအုပ်စုများ အပါအဝင် ကျေးရွာ ၁၇ ရွာခန့်က ဒေသခံ (၈,၀၀၀) ခန့်သည် စစ်ကောင်စီ၏ လက်နက်ကြီး ဖြင့် နေ့စဉ် ပစ်ခတ်မှုများကြောင့် ဘေးလွတ်ရာ အနီးအနား ကျေးရွာများသို့ စစ်ဘေးတိမ်း ရှောင်နေရကြောင်း စစ်ဘေးရှောင်များအား ကူညီသည့် အဖွဲ့အစည်းများထံမှ သိရသည်။

October 23, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ ဖားအံခရိုင်၊ တပ်မဟာ (၇) နယ်မြေအတွင်းရှိ ကရင်အမျိုးသား...
October 22, 2024
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA (ဗဟို)ဌာနချုပ်အနီးဝန်းကျင်ကို ယနေ့  (အောက်တိုဘာ ၂၂...
October 22, 2024
စစ်ကောင်စီတပ်၏  မြဝတီမြို့တောင်ဘက် လေးကေ့ကော်ဒေသ စွယ်တော်အမြောက်ကုန်း အပါအဝင်စစ်စခန်း ၄ ခု...
October 21, 2024
ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ သေ့ဘောဘိုးဒေသ၊ ဘလယ်ဒိုကျေးရွာရှိ ကာကင်းစခန်း ၃ ခုကို ...