လားရှိုး၊ ချင်းရွှေဟော်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်နေကြရ

လားရှိုး၊ ချင်းရွှေဟော်နှင့် ကျောက်မဲမြို့နယ်တို့တွင် တိုက်ပွဲကြောင့် ပြည်သူများ စစ်ရှောင်နေကြရ

သျှမ်းပြည်၊ လားရှိုး၊ ချင်းရွှေဟော်နှင့် ကျောက်မဲမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် ပြည်သူများ ဘေးလွှတ်ရာသို့ စစ်ရှောင်နေကြရသည်။

လားရှိုးမြို့နယ်၌ အောက်တိုဘာ ၂၇ ရက်နေ့၊ နံနက် ၄ နာရီအချိန်ခန့်တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် လားရှိုး မြို့၊ သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတွင် စစ်ဘေးရှောင် ၃၅၀ ခန့်နှင့် ဟိုပိတ်ကျေးရွာ ဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင် ၂၅၀ ခန့်၊ စုစုပေါင်း စစ်ဘေးရှောင်ဦးရေ ၆၀၀ ခန့် လာရောက်ခိုလှုံနေသည်ဟု ဒေသခံများက ပြောသည်။

လားရှိုးမြို့ မန်ဆူရှမ်းကျောင်းသို့ စစ်ဘေး‌ရှောင်လာသည့် အမျိုးသမီးတစ်ဦးက “ရွာမှာနေရင်လည်း ကြောက် ရ တယ်။ ကိုယ့်ပေါ် ဗုံးကျလာမှာလဲ ကြောက်ရတယ်လေနော်။ သူတို့တွေ တစ်ဖက်နဲ့ တစ်ဖက် ပြန်တိုက်ကြမှာလဲ စိတ်ပူတယ်။ အစကတော့ မပြေးတော့ဘူးပေါ့။ မနက် ၁၀ နာရီလောက် ရောက်တော့ ပရဟိတအဖွဲ့တွေ ရွာမှာ လာကြိုတာ၊ အများကြီးပဲ စစ်ရှောင်လာကြတာ” ဟု သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထို့အပြင် အောက်တိုဘာ ၂၇ ရက်နေ့၊ နံနက်ပိုင်းနှင့် ညနေပိုင်း အချိန်တို့တွင် လားရှိုးမြို့နယ်အတွင်းရှိ ဝမ်မွန်း၊ ကုန်းသာ၊ ဟိုနား၊ ပန်စုံနှင့် ကောင်းဖြူကျေးရွာ အနီးတဝိုက်ကို စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် ဗုံးကြဲ ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။

“မနက် ၉ နာရီ အချိန်လောက်မှာ စစ်ကောင်စီတပ်ဘက်က လေယာဉ် ၂ စီးတက်လာတယ်။ သူတို့က အပြန် အလှန် ပစ်ကြတော့ ကျမတို့ကို ဗုံးထိမှာကြောက်တာပေါ့။ ပြီးခဲ့တဲ့နှစ်က အိမ်နားမှာ ဗုံးခိုကျင်းတူးထားတာ ရှိတယ်။ ကျမက အဲ့ဒီကို ပြေးသွားတဲ့အချိန် လေယာဉ်နဲ့ ဗုံးကြဲချတာ။ ကျမတောင် ကပ်သီလေးပဲ လွတ်လာတာ၊ မဟုတ်ရင် ဗုံးစာထိမှာ။ ကံကောင်းလို့သာ လွတ်လာတယ်ပြောရမှာ” ဟု ၎င်းအမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လားရှိုးမြို့နယ်အတွင်းရှိ မက်ခိနု၊ ပန်စိန်း၊ ကောင်းဖြို၊ ဝမ်မွန်းနှင့် ဟိုနမ့်ကျေးရွာတို့မှ ပြည်သူများသည် လားရှိုးမြို့ပေါ်ရှိ ဆွေမျိုးများနှင့် ဘုန်းကြီးကျောင်းများသို့ လာရောက်ခိုလှုံနေရသည်။

ထို့အပြင် လောက်ကိုင်မြို့နယ် ချင်းရွှေဟော်မြို့တွင်၊ အောက်တိုဘာလ ၂၇ ရက်နေ့၊ နံနက် ၄ နာရီ အချိန်မှစတင် ပြီး စစ်ကောင်စီနှင့် ကိုးကန့်တပ်ဖွဲ့ MNDAA တို့အကြား တိုက်ပွဲခဲ့ရာ တမြို့လုံးနီးပါး ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ချင်းရွှေဟော်မြို့ စစ်ရှောင်နေသူ တစ်ဦးက “တမြို့လုံးကတော့ ထွက်ပြေးနေပြီ၊ ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ် က သိမ်းပိုက်နိုင်ပြီလို့ပြောတယ်။ အခုတော့ ရာဘာစိုက်ခင်းထဲမှာ ရှောင်နေကြတယ်။ တချို့ကတော့ ချောင်းကူး ပြီး ဟိုဘက်ကမ်းကူးမလို့လုပ်နေတာရှိတယ်” ဟု သျှမ်းသံတော်ဆင့် ကိုပြောသည်။

တိုက်ပွဲအတွင်း အရပ်သားထိခိုက်မှု၊ သေဆုံးမှုကို မသိရှိသေးကြောင်း၊ သို့သော် ချင်းရွှေဟော်မြို့ရှိ အွန်လိုင်း ငွေလိမ်းဂိုဏ်း (ကျားဖြန့်)၊ ဂိမ်းဆိုင် ဝန်ထမ်းများ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ် ချင်းရွှေဟော်မြို့ ရှိ ရေဖောင် ဆိပ် ၂ခုနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း အားလုံးကို ပိတ်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

အလားတူ ကျောက်မဲမြို့နယ် နောင်ပိန်၊ နောင်ပစ်ကျေးရွာအနီး စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် စစ်ဘေးရှောင် ၃၀၀ နီးပါး တိမ်းရှောင်နေကြရသည်။

စစ်ဘေးရှောင်များကို ကူညီပေးနေသူတစ်ဦးက “စစ်ဘေးရှောင် အရေအတွက်က အောက်တိုဘာလ ၂၆ ရက်နေ့ က ညနေအထိ ၁၂၀ ဝန်းကျင်ရှိတယ်။ ဒီနေ့ ထပ် တိုးတာနဲ့ဆိုရင် ၁၆၀ လောက် ရှိတယ်။ အခု နောင်ပိန် အောင် ဓမ္မာရုံ စစ်ရှောင်စခန်းမှာ ရောက်နေတာ။ နီးစပ်ရာ ရွာတွေက ဆွေမျိုးအိမ်တို့၊ မိတ်ဆွေအိမ်တို့မှာ ရှောင်တာနဲ့ စုံစမ်းကြည့်မယ်ဆိုရင် စုစုပေါင်းဆိုရင် ၃၀၀ ပတ်ဝန်း ကျင်လောက် စစ်ဘေးရှောင်နေကြတယ်” ဟု သျှမ်းသံ တော်ဆင့်ကို ပြောသည်။

စစ်ဘေးရှောင်ပြည်သူများကို နောင်ပိန် အောင်ဓမ္မာရုံ စစ်ရှောင်စခန်းတွင် နေရာချထားပေးပြီး လက်ရှိတွင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၃၀၀ ခန့် ရှိသည်။

တိုက်ပွဲများ စစ်ရေးအခြေအနေများ ဆက်လက်တင်းမာနေဆဲဖြစ်ပြီး၊ စစ်ကောင်စီဘက်ကလည်း လေကြောင်း အသုံးပြုတိုက်ခိုက်မှုများ လုပ်ဆောင်နေသောကြောင့် စစ်ရှောင်ထပ်တိုးများလည်း ရှိနေသည်ဟု ကူညီပေးနေ သူများက ဆိုကြသည်။

သျှမ်းပြည်မြောက်ပိုင်းအတွင်း အောက်တိုဘာလ ၂၇ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်မှ စတင်၍ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြားနေရပြီး လားရှိုး၊ သိန္နီ၊ ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ နမ့်ခမ်း၊ ချင်းရွှေဟော်တို့မှာပါ တိုက်ပွဲဖြစ်ပွားနေသည်။

October 23, 2024
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ နယ်စပ်ဂိတ်များတွင် ပို့ကုန်သွင်းကုန် ပစ္စည်းအဝင်အထွက် စစ်ဆေးရေး...
October 23, 2024
သျှမ်းပြည်မြောက်ပိုင်း နမ့်ဆန်မြို့နယ်ကို  စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့်...
October 21, 2024
သျှမ်းပြည်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် စစ်ကောင်စီက ပြည်သူများစားဝတ်နေရေး ခက်ခဲနေသည့် ကြားမှ...
October 21, 2024
သျှမ်းမြောက်၊ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ် တန်ပြန် ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် TNLA...