မြန်မာကလေးငယ်တွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှု အန္တရာယ်ရှိလာပြီလို့ ကမ္ဘာ့ဘဏ်သတိပေး

မြန်မာကလေးငယ်တွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှု အန္တရာယ်ရှိလာပြီလို့ ကမ္ဘာ့ဘဏ်သတိပေး
ဓာတ်ပုံ-MOI
ဓာတ်ပုံ-MOI

ကိုဗစ်ကပ်ရောဂါနဲ့ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံရဲ့ ပညာရေးကဏ္ဍဟာ အကျပ် အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး မျိုးဆက်သစ်ကလေးသူငယ်တွေရဲ့ ပညာသင်ခွင့်ဆုံးရှုံးမှု အန္တရာယ်ရှိလာပြီလို့ ကမ္ဘာ့ဘဏ်က အစီရင်ခံစာ ထုတ်ပြန်ပါတယ်။

အောက်တိုဘာ ၂၄ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံရှိ မြို့နယ် ၃၀၆ ခုထဲက အိမ်ထောင်စု ၈၅၀၀ ကို တယ်လီဖုန်းနဲ့ မေးမြန်းပြီး စစ်တမ်းကောက်ယူကာ မြန်မာပညာရေးကဏ္ဍအပေါ် အခုလိုထုတ်ပြန်လာတာပါ။

အစီရင်ခံစာအရ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံရှိ အစိုးရကျောင်းတွေ ၅၃၂ ရက်ကြာ ပိတ်သိမ်းခဲ့ ရမှုဟာ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသတွင်း ကျောင်းပိတ်မှုအရှည်ကြာဆုံးနိုင်ငံဖြစ်ပြီး ကလေးအများစုဟာ ပညာ သင်ကြားခွင့် သုံးနှစ်ခွဲကျော် ဆုံးရှုံးခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အာဏာသိမ်းယူပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ် နိုဝင်ဘာမှာ အစိုးရကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ညွန်ကြား ခဲ့ပေမယ့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှား CDM မှာ ပါဝင်ခဲ့တဲ့ ပညာရေးဝန်ထမ်း ၃၀ ရာခိုင်နှုန်းနီးပါး ကို စစ်ကောင်စီက ထုတ်ပယ်ခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။

ဒါ့အပြင် အသက် ၆ နှစ်ကနေ ၂၂ နှစ်အထိ ကျောင်းသူ၊ကျောင်းသားတွေဟာ တက္ကသိုလ်အပါအဝင် စာသင် ကျောင်းတွေမှာ ကျောင်းအပ်နှံမှုဟာ ၂၀၁၇ ခုနှစ်မှာ ၆၉ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၅၆ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

အထူးသဖြင့် အထက်တန်းကျောင်းသားအရွယ်တွေမှာ အဆိုးရွားဆုံးကျောင်းအပ်နှံမှု ကျဆင်းနေပြီး ကျေးလက် ၁၇ ရာခိုင်နှုန်းနဲ့ မြို့ပြမှာ ၃၁ ရာခိုင်နှုန်းအထိ အသီးသီးကျဆင်းသွားတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာက ဖော် ပြထားတာပါ။

စစ်ရေးပြင်းထန်တဲ့ အညာဒေသက ပြည်သူ့အခြေပြုကျောင်းတွေမှာ ပညာသင်ပေးနေတဲ့ CDM ဆရာမတစ်ဦး က “ကျွန်မလက်လှမ်းမီတဲ့ အညာဒေသနဲ့ ပြောရမယ်ဆိုရင် ကျောင်းစာမှာနည်းနည်းလျော့ပြီး အိမ်နဲ့ စားဝတ်နေ ရေးအရ အပြင်ထွက်အလုပ်လုပ်တဲ့ ကလေးက ၁၀ ယောက်မှာ တစ်ယောက်လောက်တော့ရှိတယ်။ ဒါပေမယ့် ကျန်တဲ့ကျောင်းသားတွေက ကျွန်မတို့ ပြည်သူ့အခြေပြု ကျောင်းတွေဖွင့်ပြီးတဲ့ အခါကျတော့ ထိန်းထားနိုင် တယ်။ အညာဒေသနဲ့ဆိုလို့ရှိရင် လက်လှမ်းမီတဲ့မြို့နယ်တွေအနေနဲ့ဆိုရင် ဒီဟာကနည်းတယ်။ ဒါပေမယ့် မြို့ ပေါ်မှာကျတော့ လက်လှမ်းမီသလောက် ကြည့်တဲ့အခါ သူတို့က စကစကျောင်းတွေ မတက်ချင်ဘူးဆိုတဲ့ သဘောမျိုးနဲ့ ကျောင်းနေနှုန်းတွေ ကျဆင်းလာတာတော့ ကြုံရပါတယ်” လို့ ပြောပါတယ်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ တစ်နိုင်ငံလုံးမှာရှိတဲ့ အခြေခံပညာကျောင်းတွေ၊ ကိုယ်ပိုင်ကျောင်းတွေနဲ့ ဘုန်း တော်ကြီးသင် ပညာရေးကျောင်းတွေမှာ အပ်နှံသူ ၆ ဒသမ ၅ သန်းအထိ ရှိလာလို့ စစ်ကောင်စီက ဇွန် ၂ ရက် နေ့မှာ ထုတ်ပြန်ထားတာပါ။

ကမ္ဘာ့ဘဏ်ကတော့ ကျောင်းသားတွေရဲ့ ကျောင်းအပ်နှံမှုနဲ့ ပညာသင်ကြားမှုကို စာရင်းအတိအကျသိရှိနိုင်ဖို့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ တရားဝင်အချက်အလက် မကောက်ယူနိုင်တာကြောင့် သိရှိဖို့ ခက်ခဲတယ်လို့ ဆိုထားပါတယ်။

စစ်ကိုင်းတိုင်းက စစ်ရှောင်ကလေးတွေရဲ့ ပညာရေး အကူအညီပေးနေသူတစ်ဦးက “တချို့နယ်ကျတော့ NUG ကျောင်းလည်းမရှိ၊ စကစကျောင်းလည်းမရှိ၊ ဘယ်ကျောင်းမှမရှိ။ ဘယ်မှလည်း တက်လို့မရတဲ့ ရွာက ကလေး တွေလည်း အများကြီးရှိတယ်ဗျ။ ကျွန်တော်တို့ အကုန်လုံးလည်း လက်လှမ်းမမီ ဘူးဗျ။ မြို့ပေါ်သွားတက်ဖို့ လည်း သွားရေးလာရေး အဆင်မပြေနိုင်ဘူး။ နယ်မှာကျတော့ စစ်ကောင်စီရဲ့ မီးရှို့ ခြင်းခံရပြီးတော့ ခဏခဏ အကြိမ်ကြိမ် လာရောက်မီးရှို့ဗုံးကြဲတာရှိနေတယ်။ တချို့နေရာကျ NUG က ဖွင့်တဲ့ ကျောင်းတွေ၊ ကိုယ်ထူကိုယ် ထ ကျောင်းတွေ ဖွင့်ပေးဖို့ဆိုတာက ဒီလိုအနေထားကြောင့် အဆင်မပြေဘူး။ မတက်ရောက်ရတဲ့ ကျောင်းသား တွေလည်း အများကြီးရှိတယ်ဗျ” လို့ ပြောပါတယ်။

အာဏာသိမ်း စစ်ကောင်စီလက်ထက် ကမ္ဘာတဝန်းမှာရှိတဲ့ ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှု ထိပ်ဆုံးနိုင်ငံစာရင်း တွေထဲမှာ မြန်မာနိုင်ငံပါဝင်လာတယ်လို့ နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ (GCPEA) ရဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်အတွင်း ကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမပေါင်း ၆၇၀၀ ကျော် ဖမ်းဆီးခံရတာ၊ ဒဏ် ရာရရှိတာနဲ့ သတ်ဖြတ်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကရော စာသင်ကျောင်း တွေကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုတိုက်ခိုက်ခဲ့တာရှိပြီး အဲဒီတိုက်ခိုက်မှုအနေနဲ့ ဖြစ်စဉ်ပေါင်း ၅၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ပညာရေးကဏ္ဍစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ (ECW) ကလည်း မြန်မာနိုင်ငံက ကလေးငယ် ၁၇ သန်းဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခအကျိုးဆက်တွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ အခုနှစ်ဆန်းပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...
October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...